ကြက်ကုလားကို ရပ်ကွက်မှူးခန့်လို့ အရပ်က ကန့်ကွက်

ကြက်ကုလားကို ရပ်ကွက်မှူးခန့်လို့ အရပ်က ကန့်ကွက်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။ ။ မူးယစ်ရမ်းကားလေ့ ရှိဖူးသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်အပ်ထားသည့် အတွက် မကျေနပ်သဖြင့် တိုင်ကြားခဲ့သူများကို မြို့နယ်အဆင့် အာဏာပိုင်များက ခေါ်ယူ စစ်ဆေးခဲ့မှု ရန်ကုန်တိုင်း
မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွားခဲ့သည်။

မြောက်ဥက္ကလာပ ၂ ရပ်ကွက်၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ဦးမိုးဇော်ဆိုသူကို ခန့်အပ်ထားသည့် အတွက် ကန့်ကွက်စာကို ဇူလိုင်လ ၁၇ ရက်နေ့က သမ္မတထံ ပေးပို့ခဲ့သည့်အတွက် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ သူ့ရဲ့ကာရိုက်တာကလည်း မကောင်းဘူးလေ။ ပြစ်ချက်တွေကလည်း မကောင်းဘူး။ မကောင်းတဲ့ အတွက်ကို လက်သင့်ခံစရာ အကြောင်း မရှိဘူး။ ကျနော်တို့က ကန့်ကွက်တယ်” ဟု ကန့်ကွက်စာ ဦးဆောင် တင်သွင်းခဲ့သူ ကိုစိုင်းဝဏ္ဏက မဇ္စျိမကို ပြောသည်။

ဦးမိုးဇော် ခေါ် ကြက်ကုလား ဆိုသူကို ခန့်အပ်ထားခြင်းမှာ အခြေခံ ဥပဒေနှင့် လွဲချော်နေကြောင်း အပြင် ယင်း၏ စာရိတ္တပိုင်းဆိုင် ချို့ယွင်းချက်များကို ဖော်ပြကာ လက်မခံနိုင်ကြောင်း ရပ်မိရပ်ဖ ၅ဝ၄ ဦးက လက်မှတ်ရေးထိုး ကာနိုင်ငံတော်သမ္မတ၊ ဗဟိုအစိုးရ ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ ပေးပို့ခဲ့ခြင်းဖြစ်ကာ စစ်ဆေးမှုကို ဗုဒ္ဓဟူးနေ့ နံနက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၈ အခြေခံ ဥပဒေ အခန်း ၅၊ အုပ်ချုပ်ရေး ကဏ္ဍပါ ပုဒ်မ ၂၈၉ - ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ခန့်ထားရာ၌ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညို လေးစားပြီး သိက္ခာ သမာဓိရှိသည့် ပုဂ္ဂိုလ်ကို ဥပဒေနှင့် အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်” ဟုဖော်ပြထားသော် လည်း အသေးစိတ် ဥပဒေပြဋ္ဌာန်းချက်များ မရှိသေးပေ။

စစ်ဆေးမှုကို မြောက်ဥက္ကလာပမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးမှူး၊ စည်ပင် ဒုဦးစီးမှူးနှင့် မြို့နယ် စာကြည့်တိုက်မှူးတို့က လာရောက် စစ်ဆေးခြင်းဖြစ်ကာ စစ်ဆေးရန် ဆင့်ခေါ်စာကို စည်ပင် ဝန်ထမ်းများက လာရောက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“မတင်မြှောက်ထားပါဘူး ရပ်ကွက်အနေနဲ့။ သူ့ဟာသူ ဗဟိုဦးစီးစနစ် ပုံစံမျိုးနဲ့ တက်လာတာ။ အဲဒါမျိုးတက်လာတော့ ရပ်ကွက်က မကြည်ညိုဘူးပေါ့ဗျာ။ အယောက် ၅၀၀ ကျော်က မကြည်ညိုတော့ အဲဒီဟာကို
သူတို့ က မှတ်ချက်ယူသွားတယ်။ ရပ်ကွပ်က မတင်ပါဘူးဆိုတဲ့ အကြောင်းကို ကျနော့်စီက မှတ်ချက်ယူသွားတယ်” ဟု ကိုစိုင်းဝဏ္ဏက ဆိုသည်။

ဦးမိုးဇော်သည် ကြံ့ခိုင်ရေးပါတီဝင် တဦးဖြစ်ကာ ယခု ရာထူး လက်မခံခင် အချိန်ထိ မြို့နယ် ကြံ့ခိုင်ရေးရုံး၌ ဘဏ္ဍာရေးမှူး အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။ ယင်းသည် မြောက်ဥက္ကလာပ ၂ ရပ်ကွက်စျေးတွင် စျေးရောင်းသူ တဦးဖြစ်ကာ ရပ်ကွက်တွင်း မူးယစ်ရမ်းကားခြင်း၊ အရွယ်မရောက်သူ ကလေးငယ်တဦးအား ရိုက်နှက်မှုဖြင့် ခံဝန်ထိုးခဲ့ရကာ သူ၏ ဖခင်မှာလည်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခံထားရသူ တဦး ဖြစ်သည်။

စစ်ချက်ရယူရန်အတွက် လက်မှတ်ထိုးထားသူ ၅၀၄ ဦးအနက် ၁၅ဝ ဦးကို ခေါ်ယူခြင်းဖြစ်ကာ အများစုမှာ အမျိုးသမီး ဖြစ်သည်ဟု သိရသည်။ သို့သော် စစ်ဆေးမှုကို လက်မှတ်ရေးထိုးခဲ့သူ အမျိုးသား ရ ဦးကသာ
သွားရောက် စစ်ဆေးခံခဲ့သည်။

“ဘာတွေ မေးမြန်းလဲ ဆိုတော့ ခုနက တိုင်စာကိစ္စပေါ့။ မူးပြီးတော့ ၂၊ ၃ လမ်းကို ပတ်ဆဲတာ ဟုတ်ပါသလား။နောက် ကြက်သတ်ရောင်းတာ ဟုတ်ပါသလား။ နောက်တခု သူ့အဖေ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျဖူးတာ ဟုတ်ပါသလား။ နောက် ကလေးကို ပါးရိုက်တာ ဟုတ်ပါသလားပေါ့” ဟု ကိုယ်တိုင် သွားရောက်စစ်ဆေး ခံခဲ့သူ ၂ ရပ်ကွက်၊ သုဇိတာလမ်းမှ ရပ်ကွက်သားတဦးက ပြောသည်။

သွားရောက် စစ်ဆေးမခံခဲ့သူများကိုလည်း ညနေပိုင်းတွင် ရပ်ကွက် ရာအိမ်မှူးများဖြစ်သည့် ဦးသံဒိတ်နှင့် ဦးမျိုးဇော် ဆိုသူတို့က ကန့်ကွက်လွှာတွင် လက်မှတ်ထိုးခဲ့ကြောင်းနှင့် ဆင့်ခေါ်စာ ပေးပို့သည်ကို ရရှိကြောင်း ဝန်ခံလက်မှတ် လိုက်ထိုးခိုင်း နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ယခုစစ်ဆေးမှုနှင့် ပတ်သက်၍ ၂ ပတ်ခန့် စောင့်ကြည့်ဦးမည် ဖြစ်ပြီး တစုံတရာ အရေးယူ ဆောင်ရွက်မှု မရှိပါကနိုင်ငံတော်သမ္မတထံ ကန့်ကွက်စာ ထပ်မံပေးပို့မည် ဖြစ်သည်။

“တင်ပြတာကို သူတို့က ဘယ်လို အရေးယူမလဲ ဆိုတာကို ကြည့်မယ်။ တပတ်နဲ့ ၁၅ ရက်အတွင်းမှာ အရေးမယူဘူး ဆိုရင် ကျနော်တို့ ထွက်ဆိုထားတဲ့ ဟာတွေကို အရေးမယူဘူးဆိုရင် ထပ်တင်မယ် နိုင်ငံတော် သမ္မတစီကို” ဟု ကိုစိုင်းဝဏ္ဏက ဆိုသည်။

ရန်ကုန်တိုင်း အပါအဝင် ပဲခူးနှင့် မကွေးတိုင်း မြို့နယ်များတွင်လည်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ် အာဏာပိုင်များက ကြံ့ခိုင်ရေး ပါတီဝင်များကို တိုက်ရိုက် ခန့်အပ်မှုများ လုပ်နေကြောင်းလည်း ရွေးကောက်ပွဲ ဝင်ပါတီများထံမှ စုံစမ်း သိရှိရသည်။

ရပ်/ကျေးဥက္ကဋ္ဌအနေဖြင့် မိမိဒေသအတွင်းမှ မှုခင်းကိစ္စများ၊ နေအိမ် အရောင်းအဝယ် ကဲ့သို့သော ကိစ္စများ အပြင် အခြားသော သာရေးနာရေး ကိစ္စရပ်များတွင် အဓိက အရေးကြီးသူဖြစ်ကာ မိမိဒေသ ဖွံ့ဖြိုးရေးအတွက် မြို့နယ်၊ တိုင်းအဆင့် အုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ရသူ ဖြစ်သည်။

ရန်ကုန်တိုင်းတွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိကာ ကျေးရွာ ၂ဝ၅၆ ရွာနှင့် ရပ်ကွက်ပေါင်း ၆၅၇ ရပ်ကွက်ပါဝင်ကြောင်း တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်၏ ၂ဝ၁ဝ ဇန်နဝါရီအတွင်း ပြောဆိုချက်ကို ပြည်တွင်းသတင်း ဂျာနယ်
များက ကိုးကား ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် “ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် နိုင်ငံရေး ပါတီဝင် မဟုတ်သူ ဖြစ်ရမည်” ဟူ၍ ၂ဝ၁၁ မေလအတွင်းက ပြည်တွင်း မီဒီယာများကို ပြောကြားခဲ့သေးသည်။ ခန့်ထားရာတွင် သက်ဆိုင်ရာ ရပ်/ကျေးရှိ ရပ်မိရပ်ဖများ၊ ရပ်/ကျေး အတွင်း သြဇာရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက် စိစစ် ရွေးချယ်ရမည်ဟု ဆိုခဲ့သည်။