ကချင်ပစ်ခတ်မှု အပေါ် လွှတ်တော်အမတ် တစု အပြစ်ဖို့

ကချင်ပစ်ခတ်မှု အပေါ် လွှတ်တော်အမတ် တစု အပြစ်ဖို့
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ်စက်ရုံမှပြန်လာသည့် ကားကို ပစ်ခတ်ခဲ့မှု အပေါ် လွှတ်တော်အမတ် ၂၃ ဦးက ကချင် လွတ်မြောက်ရေး အဖွဲ့ကိုအပြစ် ဖို့ ပြောကြားလိုက်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပါဟု တောင်းဆိုလိုက်သည်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စက်ရုံမှ မိုးမောက်မြို့သို့ ပြန်လာသည့် ပါဂျရိုကားကို ၂ဝ၁ဝ ခု သြဂုတ်လ ၂ ရက်နေ့က ပစ်ခတ်ရာ ကားပေါ်ပါ “အပြစ်မဲ့ ဝန်ထမ်းနှင့် ပြည်သူများ” ကို KIA က ပစ်ခတ်ခြင်းသည်ကြောက်မက်ဖွယ်ရာ လုပ်ရပ်ဟု “ ငြိမ်းချမ်းရေး လိုလားသူတိုင်းသို့ အိတ်ဖွင့်ပေးစာ” ဟု အမည်တပ်ထားသည့်  အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား အမတ် ၂၃ ဦး၏ ပေးစာကို နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြထားသည်။

သို့သော် မဇ္ဈိမက လက်ခံရရှိသည့် လွှတ်တော်အမတ်များ၏ အိတ်ဖွင့်ပေးစာ မူရင်းတွင် “ဒေါ်အောင်ဆန်း စုကြည်၏ ၂၈-၇-၂ဝ၁၁ ရက်စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွှန်းလျက်” ဟု ပါရှိပြီး၊ အင်္ဂါနေ့ထုတ် အစိုးရပိုင် သတင်းစာများ တွင်မှု ထိုစာသားကို ဖြုတ်ထားသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့က ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ တာဝန်ခံ ကချင်ပြည် နယ်စပ် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ကန့်ကွက်ကြောင်း ရေးပို့ခဲ့သေးသည်။

“ရည်ရွယ်ချက် ရှိရှိဖြင့်” လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကားပေါ်ပါ ၈ ဦး အနက် ဒုရဲအုပ်တဦးနှင့် အရပ် သား ၆ ဦးတို့ သေဆုံးခဲ့ပြီး ရဲတပ်သားတဦး ဒဏ်ရာရသည်ဟု ယခင်အပတ် သောကြာနေ့မြန်မာ့ အလင်း သတင်းစာ တွင် စွပ်စွဲထားသည်။

ဇွန်လ ၉ ရက်နေ့ကစ၍ စစ်အစိုးရ တပ်များအကြား တိုက်ပွဲများ စတင် ဖြစ်ပွားနေသည့် တာပိန် ရေအား လျှပ်စစ်စက်ရုံ ဒေသကို တိုက်ပွဲ ဧရိယာအဖြစ် သတ်မှတ်ထားသဖြင့် KIA တပ်ဖွဲ့ဝင်များက စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း မရပ်သဖြင့် ပစ်ခတ်ရသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပြောခွင့်ရက
ပြောသည်။

“အဲဒီကားက အသာတကြည်နဲ့ ကားကို ရပ်မယ် ဆိုရင်တော့ အဲဒီလို နောက်ဆက် ပြဿနာ ဖြစ်စရာအကြောင်း မရှိဘူး။ အခုလည်း အဲဒီဘက်မှာ ကားတွေ အဝင်အထွက် ရှိရင်တော့ ပစ်တာခတ်တာ ရှိဦးမှာပဲ” ဟု KIO ပြောခွင့်ရသူ ဗဟိုကော်မတီဝင် ဦးလနန်က မဇ္စျိမကို ပြောသည်။

KIO ပြောခွင့်ရသူ ဗဟိုကော်မတီဝင် ဦးလနန်က တာပိန်စက်ရုံသို့ တရုတ်ဝန်ထမ်း တချို့ ပြန်ရောက်နေပြီး ဝန်ထမ်းများ အတွက် လိုအပ်သည့် ရိက္ခာနှင့် ပစ္စည်းများကို ယင်း ပါဂျရိုကားဖြင့် သယ်သွင်းနေပြီး လက်နက်ပစ္စည်းများလည်း ပါနိုင်သည်ဟု သံသယ ရှိနေသည်။

“လိုအပ်တဲ့ ပစ္စည်းတွေ လက်နက်တွေလားတော့ မသိဘူးဗျာ အဝင်အထွက် လုပ်နေတဲ့ ကားဖြစ်တယ်” ဟု ဆိုသည်။ တိုက်ပွဲများကြောင့် တလကျော် ပိတ်ထားရသည့် တာပိန် ရေအား လျှပ်စစ်စက်ရုံသို့ တရုတ်ဝန်ထမ်း ၁၀ဦးခန့် မိုးမောက်ဘက်မှ တဆင့် ပြန်လည် ဝင်ရောက်ရှိနေပြီဟုလည်း သိရသည်။

အင်္ဂလန်နိုင်ငံ အခြေစိုက် ဆောင်းပါးရှင် ကိုဘိုဘိုလန်းစင်က လွှတ်တော် အမတ်များ ပေးစာမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသား ဒေသ စစ်ပွဲများ ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး အတွက် ကြားဝင်ဆောင်ရွက်ပေးမည့် ကမ်းလှမ်းချက်ကို မှေးမှိန်အောင် လုပ်ဆောင်လိုက်ခြင်းဟု ပြောသည်။

“ဒေါ်စုရဲ့ စာကိုလည်း counter ပြန်လုပ်တဲ့ သဘောလည်း ပါတယ်။ ဒေါ်စု ဘက်ကလည်း သူ့ကို ထောက်ခံတဲ့သူပုန် တိုင်းရင်းသားတွေ ရှိမယ်။ တခြားပါတီက လူတွေ ရှိမယ်။ ဒါကျတော့ အစိုးရနဲ့ လွှတ်တော်တက်နေတဲ့ပါတီတွေ အစိုးရဘက်ကို လိုက်တဲ့ဟာမျိုး ဖြစ်အောင် လုပ်တာပဲ။ တိုင်းရင်းသား အချင်းချင်း ခွဲတာပဲ” ဟု ကိုဘိုဘိုလန်းစင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၂၈ ရက်နေ့တွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်နေသည့် ကချင် KIO၊
ကရင် KNU၊ မွန် NMSP၊ ရှမ်း SSA အဖွဲ့များနျင့် သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ၍ အိတ်ဖွင့်ပေးစာကို ယင်း တိုင်းရင်းသား အဖွဲ့များ အပါအဝင် တိုင်းရင်းသား ၁၂ ဖွဲ့ စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က သြဂုတ်လ ၅ ရက်က ထောက်ခံ ထုတ်ပြန်ခဲ့သည်။

ယခု အမတ် ၂၃ ဦးတွင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ငြိမ်းချမ်းရေး ကော်မတီ တရပ်ဖွဲ့၍ဆောင်ရွက် သွားရန် အစိုးရကို သြဂုတ်လ ၃ ရက်နေ့က တိုက်တွန်း လိုက်သည့် ရွေးကောက်ပွဲ အနိုင်ရ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ တို့မှ အမတ်များလည်း ပါဝင်နေသည်။

ပစ်ခတ်မှုများ ရပ်နေသည့် ကြားမှ သြဂုတ် ရ ရက်က KIA တပ်မဟာ ၄ ကချင်ပြည်နယ် မိုညှင်းခရိုင်၌ KIO ၏ အုပ်ချုပ်ရေး ရုံးဟောင်းတခုမှ သွပ်ပြားများကို လာရောက်ခွာယူသည့် ခလရ ၁၂၉ မှ တပ်ဖွဲ့ဝင်ကားကို KIA တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ရာ အစိုးရတပ်မှ ၄ ဦး ကျဆုံးသည်ဟု ဦးလနန်က ပြောသည်။