ချင်းမိုင် (မဇ္ဈိမ) ။ ။ မြောက်ကိုရီးယားအလံ တင် တူမန်ဂန် Tu Man Gang သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းတွင် ကုန်တင်ရန်ဆိပ်ကပ်ထား ရာ မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး သည် ဆက်လက် ကောင်းမွန်နေသည့်ပြယုဉ်တခု ဖြစ်သည်။
မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သော်လည်း တာဝန်ရှိသူ တဦး အဆိုအရ မြန်မာသည်မြောက်ကိုရီးယား သို့ ဆန်တန်ချိန် ၈ ထောင်ခန့် ရောင်းချရန် ရှိနေပြီး တူမန်ဂန်ပေါ် တင်ရန်ရှိသည်ဟု ဆိုသည်။
ကျသင့်သော ငွေတန်ဖိုးကို ချေးငှား စနစ်ဖြင့် သဘောတူညီချက်အရ မြန်မာအနေဖြင့် ၂၅ မှတ် ဧည့်မထ ဆန် အိတ်ပေါင်း ၁၆၀,၀၀၀ ကို မြောက်ကိုရီးယားသို့ ရောင်းမှာ ဖြစ်သည်ဟု ဆိုသည်။
တနင်္လာနေ့က ဆူးလေ အမှတ် ၃ ဆိပ်ခံတံတားသို့ ဆိုက်ကပ်လာခဲ့သည့် တူမန်ဂန် သင်္ဘောပေါ်သို့ ဆန်အိတ်များ တင်နေပြီဟုလည်း သတင်းရပ်ကွက်က ပြောသည်။
ရန်ကုန်မြို့ရှိ မဇ္ဈိမ သတင်းထောက်တဦးက တူမန်ဂန်ကို တွေမြင်ခဲ့ပြီး “ ပစ္စည်းချတာထက် ပစ္စည်းတင်တာ ဖြစ်ဖို့ ပိုများမယ်။ သင်္ဘော ရေမှတ်က တော်တော် အပေါ်ရောက်နေတယ်”ဟု ပြောသည်။
ထို့အပြင် သင်္ဘောနားတွင်လည်း “ တာလပတ်အုပ်ထားတဲ့ ကုန်ကားတွေ အများကြီး ရပ်ထားတယ်။ အတင်အချတော့ မတွေ့ရဘူး။ သင်္ဘောနားက ကားတွေ အကုန်လုံးက ၁၀ ဘီး ၁၂ ဘီး သာမာန် အရပ်သား နံပါတ်နဲ့ ကားတွေပဲ။ တာလပတ် အစိမ်းတွေ အုပ်ထားတယ်” ဟု ဆက်ပြောသည်။
သတင်းရပ်ကွက် အဆိုအရ ဆန်အိတ်များသည် စစ်တပ် ရန်ပုံငွေရှာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်မှ ပိုင်ဆိုင်သည်ဟု ဆိုသည်။
၁၉၉၃ ခုနှစ်ကတည်းက မြောက်ကိုရီးယားသည် မြန်မာ့ဆန်ကို ဝယ်ယူနေခဲ့သော နိုင်ငံဖြစ်သည်။ နောက်ဆုံးအကြိမ် မြောက်ကိုရီးယား သင်္ဘော ရန်ကုန်ဆိပ်ကမ်းတွင် ကပ်ခဲ့သည်က ယမန်နှစ် ဒီဇင်ဘာလအတွင်းက ဖြစ်သည်။
အစားအစာ လျော့ပါးမှု ဒဏ်ခံနေရသည်ဟု သတင်းထွက်သော မြောက်ကိုရီးယားသည် တရုတ်နိုင်ငံမှ အစားအသောက်များကို အဓိက တင်သွင်းနေရသည်။ ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း မြောက်ကိုရီးယား-တရုတ် ကုန်သွယ်မှု ပမာဏမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံအထိ ရောက်ခဲ့ရာ ယခင်နှစ် ကာလတူထက် နှစ်ဆ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက တရုတ်နိုင်ငံမှ ၁.၁၄၈ ဘီလီယံ ဒေါ်လာ တန်ဖိုးရှိ ပစ္စည်းများ တင်သွင်းခဲ့သော်လည်းပြောင်းနှင့် ဆန်တင်သွင်းမှုမှာ ၄ ရာခိုင်နှုန်းအထိသာ ရှိသည်။ ယခင်နှစ် ကာလတူထက် စာလျှင်တော့ အနည်းငယ် တိုးလာပြီး တန်ချိန် ၁၁၃,၀၀၀ တန်မှ ၁၁၉,၀၀၀ တန်သို့ ရောက်လာခဲ့သည်။
တရုတ်နိုင်ငံ ရေကြောင်း အကောက်ခွန်ဌာန ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား ရေပေါ်ဆီများ အတွက် အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ထိုကာလအတွင်းက အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိသည်ဟု ဆိုသည်။