၅၀၀၀ ကျပ်တန် အတု ဖြန့်ဖြူးမှုဖြင့် လူ ၆ ဦး ဂိုဏ်းကို စစ်ဆေး

၅၀၀၀ ကျပ်တန် အတု ဖြန့်ဖြူးမှုဖြင့် လူ ၆ ဦး ဂိုဏ်းကို စစ်ဆေး
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ငွေစက္ကူ ကျပ် ၅၀၀၀ တန် အတုများကို ဖြန့်ဖြူးသူဟု ရဲက ယူဆထားသည့် အဖွဲ့ တဖွဲ့ကို မြန်မာနိုင်ငံ မြို့ ၃ မြို့တွင် တပြိုင် တည်း ဖမ်းဆီးခဲ့ပြီးနောက် ကရင်ပြည်နယ်ဘားအံ မြို့ရှိ ခရိုင်အဆင့် တရားရုံးတွင်စစ်ဆေးကြားနာ မှုများ စတင် ပြုလုပ်နေကြာင်း စုံစမ်း သိရှိရသည်။

kyat5000မန္တလေး၊ မြဝတီ နှင့် သထုံမြို့များတွင် အမျိုးသား ၆ ဦးကို ကျပ် ၅၀၀၀ တန် ငွေစက္ကူ အတုများနှင့် တကွ ဒေသခံ ရဲများက ဖမ်းဆီးခဲ့ပြီး ဘားအံ ခရိုင် တရားရုံး၌ သြဂုတ်လ ၄ ရက် ကြာသာပတေးနေ့ကစစ်ဆေးနေ ခြင်း ဖြစ်ကြောင်း ဘားအံခရိုင် တရားရုံး ရှေ့နေတဦးက မဇ္စျိမသို့ ပြောသည်။

၎င်းတို့ အပေါ် ငွေစက္ကူအတု ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ လက်ဝယ် တွေ့ရှိမှုတို့ဖြင့် တရားစွဲဆို ထားပြီး အဖမ်းဆီးခံ တရားခံများဖက်မှ ရှေ့နေ ငှားရမ်း၍ လိုက်ပါ ဆောင်ရွက်ခွင့် ရှိကြောင်းလည်း ၎င်းက ပြောသည်။

“အမှုက ဒီနေ့ရုံးချိန်းလေ ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ လက်ဝယ် တွေ့ရှိမှုတွေနဲ့ စွဲထားတာပေါ့” ဟု အဆိုပါ ရှေ့နေက မဇ္စျိမကို ပြောသည်။

မြို့သုံးမြို့တွင် သီးခြားစီ ဖမ်းဆီး ရမိသော်လည်း ၎င်းတို့မှာ အဖွဲ့တဖွဲ့တည်း ဖြစ်သည်ဟု ယူဆသဖြင့်၊ ၎င်းတို့ အားလုံးကို ဘားအံခရိုင် တရားရုံး၌ စုပေါင်း၍ ရုံးထုတ်စစ်ဆေး နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 မြန်မာ-ထိုင်းနယ်စပ်မြို့ တခုဖြစ်သော မြဝတီမြို့တွင် ဂိုဒေါင်အတွင်းမှ ဂုံနီအိတ်ဖြင့် ထည့်ထားသော ငွေစက္ကူ အတုများ တွေ့ရှိခဲ့သည်ဟု လုံခြံုရေး သတင်းရပ်ကွက်များက ပြောသည်။

ဘားအံခရိုင် တရားရေး သတင်း ရပ်ကွက်တခုကတော့  ငွေစက္ကူအတု အမှုတွင် မြဝတီ ကုန်သည်ကြီးများ အသင်းဝင် ဒေါ်သင်းသင်းမြတ်၏ လက်ရင်း တပည့်တဦး ပါဝင်သည်ဟု ပြောသည်။

မြဝတီ ကုန်သည်ကြီးများ အသင်း ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေး က ဒေါ်သင်းသင်းမြတ် အနေဖြင့် အသင်း၏ အပတ်စဉ် အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသည်မှာ ၃ ပတ်ရှိနေပြီ ဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် ငွေစက္ကူများတွင် တန်ဖိုး အကြီးဆုံး ဖြစ်သည့် ၅၀၀၀ ကျပ်တန် ငွေစက္ကူများကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဖြန့်ဖြူးခဲ့သည်။

ယခုနှစ်ထဲတွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူ အတုများ မကြာခဏ ဖမ်းဆီးရမိကြောင်း သတင်းဖေါ်ပြချက်များ တွင်တွေ့ရသည်။ ဇူလိုင်လပိုင်းက ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မြန်မာနိုင်ငံသားများ ဘဏ် Myanmar Citizens Bank –MCB ရုံးချုပ်တွင် ၅၀၀၀ တန် ငွေအတုများ တွေ့ရှိခဲ့သလို၊ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် ပမာဏ ကျပ်သိန်း ၃ဝ ခန့်ရှိသည့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီး ရမိခဲ့သည်။

ထို့အတူ ဧပြီလပိုင်း ကလည်း ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်တွင် ၅ဝဝဝ တန် အတုများနှင့် အတူ အတုပြုလုပ်သည့် စက်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ပြီး စစ်ကိုင်းတိုင်း၊ တန့်ဆယ်မြို့နယ် တွင်လည်း မေလပိုင်းက ငွေစက္ကူအတု ဖမ်းဆီးမှုများ ရှိသည်ဟု ပြည်တွင်း သတင်း မီဒီယာများတွင်ဖေါ်ပြ ထားသည်။

ဇန်နာဝါရီလအတွင်းက ပဲခူးမြို့ မြို့မစျေးတွင် ရဲဝန်ထမ်းတဦးက ၅,၀၀၀ တန်အတုဖြင့် စျေးဝယ်နေစဉ် ဖမ်းဆီးမိခဲ့ဖူးသည်။

ငါးထောင်တန် ငွေစက္ကူ အတုတွင် ဖောင်းကြွစာလုံး သုံးမထားပဲ တပြင်တည်း ဖြစ်နေသည်ဟု သိရသည်။ အစစ်၌မူ ဂဏန်းစာလုံး ၅၀၀၀ မှာ ဖောင်းကြွဖြစ်ပြီး လက်ဖြင့် ့ပွတ်ကြည့်ရုံနှင့် သိနိုင်သည်ဟူ၏။ ထို့အပြင် ငါးထောင်တန် အစစ်တွင် ပါဝင်သော ငွေကြိုးမှာ အပြားကြီးပြီး အတု၏ငွေကြိုးမှာ အလွန် သေးငယ်သည် ဟုသိရသည်။

ငွေစက္ကူ အတုလုပ်သူသည် ထောင်ဒဏ် တသက်အထိ အပြစ်ပေးနိုင်ပြီး အတုမှန်းသိလျက် သုံးစွဲရန်ကြံရွယ် ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ရ နှစ်အထိ အပြစ်ပေးနိုင်သည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ကထုတ်ပြန် ထားသည်။