နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း ၁၄ ခုအနက် ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေမှု ပမာဏ ပြည်နယ်လူဦးရေ၏ ရ၃.၃ ရာခိုင်နှုန်းဖြင့် အခြားဒေသများထက် အများဆုံးဖြစ်ကာ လွန်ခဲ့သည့် ၅ နှစ်အတိုင်း ဆက်လက် တည်ရှိနေကြောင်း ဇွန်လအတွင်း ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၏ စစ်တမ်းက ဆိုသည်။
မြန်မာနိုင်ငံတဝှန်း ဒေသပေါင်းစုံမှ အိမ်ထောင်စုပေါင်း ၁ သောင်း ၈ ထောင်ကျော်ထံမှ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်အတွင်း ကောက်ယူရရှိခဲ့သည့် UNDP စစ်တမ်းအရ အခြား ပြည်နယ်/တိုင်းများနှင့် လွန်စွာကွာခြားကာ ချင်းပြည်နယ်မှာ အများဆုံး ဖြစ်နေသည်။ ဤစစ်တမ်းမျိုးကို ၂ဝဝ၄-၂ဝဝ၅ ခုနှစ်တွင်လည်း တကြိမ် ကောက် ခံခဲ့ဖူးရာ၊ အဆိုပါ စစ်တမ်းအရလည်း ဆင်းရဲမွဲတေမှုပမာဏမှာ ရ၃.၃ ရာခိုင်နှုန်းအတိုင်း ချင်းပြည်နယ်မှာ တည်ရှိနေခြင်း ဖြစ်သည်။
မြန်မာ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ဆင်းရဲမွဲတေမှု ပမာဏမှာUNDP-Report-cover ၂ဝဝ၅ ခုနှစ်က ၃၂.၁ ရာခိုင်နှုန်းရှိရာမှ ၂ဝ၁ဝ တွင် ၂၅.၆ ရာခိုင်နှုန်းထိ လျော့ကျသွားသည်။ ပြည်နယ်/ တိုင်း အများစုတွင် လျော့ကျသွားမှုများ ရှိနေပြီး ရခိုင်၊ ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့တွင် ဆင်းရဲမှုတိုးပွားလာသည် ကို တွေ့ရှိရသည်။
ဤစစ်တမ်း ကောက်ခံရန်အတွက် အစပိုင်းတွင် အမျိုးသား စီမံ/စီးပွား ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် UNICEF နှင့် ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ - SIDA တို့ ပူးပေါင်း ပါဝင် လုပ်ဆောင်ခဲ့ကြ သည်။
ချင်းပြည်နယ်မှာ ဤကဲ့သို့ အဆင်းရဲဆုံးပြည်နယ် ဖြစ်ရခြင်းမှာ အကြောင်းရင်း မျိုးစုံရှိကြောင်း ၉ဝ ခုနှစ် ရွေးကောက်ပွဲဝင်ဇိုမီးအမျိုးသားကွန်ဂရက် ZNC ပါတီ ခေါင်းဆောင်ဖြစ်သူ ဦးပူးကျင်ရှင်းထန်က မဇ္စျိမကို ပြောသည်။
“ဒါက မျိုးစုံပါတယ်ဗျာ။ နယ်စွန်နယ်ဖျားဖြစ်တယ်၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထင်သလောက် အားကိုးလို့မရတဲ့ အခြေအနေ။ နယ်စွန်နယ်ဖျားဆို ဂရုမစိုက်ဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်၊ ပြည်ထောင်စုတခုလုံးမှာ အချာဆုံးပဲဗျ” ဟု သူက ဆိုသည်။
ချင်းပြည်မှာ သဘာဝအနေအထားအရ အရေးမသာမှုများပါ ရှိနေပြီး သယံဇာတ ရှားပါးကြောင်းချင်းအမျိုး သားပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းကလည်း ပြောသည်။
“လွင်ပြင်မရှိတဲ့ဒေသဆိုလို့ ကျနော်တို့ချင်းတောင်တခုပဲ လက်ညှိုးထိုးလို့ ရလိမ့်မယ်ထင်တယ်။ဘောလုံး ကွင်း တခုတောင်မှ လူလုပ်အားနဲ့ ဖောက်ရတဲ့ အခြေအနေ။ အကုန်လုံးက ပေ ၃ဝဝဝ အထက်မှာ နေထိုင်စားသောက် လုပ်ကိုင်နေကြရတာကိုး။ သဘာဝရင်းမြစ်တွေကလည်း အင်မတန် နည်းပါတယ်။ မြေကြီးထဲမှာတော့ ရှိပါတယ်။ ကျနော်တို့ တိုင်းပြည် အခြေအနေအရ ထုတ်လုပ်နိုင်တဲ့အခြေအနေမရှိ ဘူးဗျ” ဟု သူက မဇ္စျိမကို ပြောသည်။
ယခုစစ်တမ်းကို လူနေမှုအခြေအနေပေါင်းစု စစ်တမ်း Integrated Household Living Conditions Survey II ဟု ခေါ်တွင်ပြီး ၂ဝ၁၁ ဇွန်လတွင် အစီရင်ခံစာ ထုတ်ပြန်ခြင်း ဖြစ်သည်။ ပိုင်ဆိုင်မှုအဆင့်အတန်း၊ နေထိုင်မှု အခြေအနေနှင့် မြန်မာပြည်၏ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းများ သိရှိနိုင်ရန် ကောက်ယူခဲ့ခြင်း ဖြစ်သည်။
စစ်တမ်းအရ ဆင်းရဲမွဲတေမှု အနည်းဆုံးမှာ ဒေသတခုမှာ ကယားပြည်နယ်ဖြစ်ပြီး ၁၁.၄ ရာခိုင်နှုန်းသာ ရှိကာ၊ရခိုင်က ၄၃.၅ ရာခိုင်နှုန်းဖြင့် ဒုတိယ ဆင်းရဲမွဲတေမှုပမာဏ အများဆုံး၊ ရန်ကုန်တိုင်းမှာမူ ၁၆.၁ ရာခိုင်နှုန်း ရှိသည်။
“ကယားပြည်နယ်က လူဦးရေ ၃ သိန်း၊ ချင်းပြည်နယ်က ၅ သိန်း ရှိတယ်ပေါ့ဗျာ။ ကယားပြည်နယ်မှာက ထုတ်လုပ်မှုတွေက ရှိတယ်ဗျ။ မြေပြန့်တွေလည်း များတယ်။ အလုပ်လုပ်ရင် လုပ်သလောက်ထွက်ကုန်ရှိ တယ်။ တဦးချင်း ဝင်ငွေလည်း တက်သွားတာပေါ့ဗျာ။ လူနည်းတယ်၊ အလုပ်ရှိတယ်။ အဲဒါကြောင့် သာတာပေါ့။ ကျနော်တို့ဆီမှာက တဖြည်းဖြည်းနဲ့ လုပ်စရာကိုင်စရာတွေက ရှားပါးလာတယ်” ဟုဦးဇိုဇမ်း က နှိုင်းယှဉ်ပြသည်။
ဦးကျင်ရှင်းထန်ကတော့ သမိုင်းနောက်ခံချင်း မတူညီမှုကိုပါ ထောက်ပြသည်။
“ကယားပြည်နယ်က အင်္ဂလိပ်ခေတ်တုန်းကလည်း buffer state ဆိုပြီးတော့ ကြားခံတိုင်းပြည်တပြည် ဖြစ်တယ်။ ယိုးဒယားနဲ့ ဗမာပြည်နဲ့ နှစ်ဖက်လုံးမှာ နှိုက်လို့ချွတ်လို့ ရတယ်လေ။ဆက်သွယ်ရေးလမ်း ကြောင်း ကောင်းတယ်။ ဟိုဘက်မှာ ယိုးဒယားက နီးနီးလေးရယ်။ လူက နည်းနည်းလေးပေမယ့် ဆက်သွယ်တဲ့ လမ်းကြောင်းတွေကအများကြီး ရှိတယ်။ ကျနော်တို့က အိန္ဒိယဘက်မှာလည်းအထောက် အကူလုပ်လို့ မရဘူး။ ဒီဘက်မှာကျ ဗမာပြည် ကိုယ့်တိုင်းပြည်ကိုပဲ အားကိုးနေရတာ” ဟု သူက ဆိုသည်။
စစ်တမ်းကောက်ရာတွင် ဆင်းရဲမွဲတေမှုဆိုင်ရာကဏ္ဍ၌ အိမ်ထောင်စု၊ အိမ်၊ အိမ်သုံးပစ္စည်းအပြင် ပညာရေးနှင့် စာတတ်မြောက်မှု၊ ကျန်းမာရေး၊ အာဟာရနှင့် သေဆုံးမှုတို့ကိုလည်းထည့်သွင်းမေးမြန်း ထားကာ အလုပ်အကိုင်၊ စီးပွားရှာမှု၊ သုံးစွဲမှုနှင့် စုဆောင်းနိုင်မှုတို့လည်း ပါဝင်သည်။
စစ်တမ်းအရ အိမ်ထောင်စုတခုချင်းစီရှိ ပျမ်းမျှဦးရေတွင် ချင်းပြည်နယ်က ၆ ဦးနှုန်းဖြင့် အများဆုံး ဖြစ်နေသော်လည်း လူငယ်အများအပြား နိုင်ငံခြားထွက် အလုပ်လုပ်ကြသည့်အတွက် လုပ်အားများ ဆုံးရှုံးနေရကြောင်း ဦးဇိုဇမ်းက ပြောသည်။
“တနှစ်ထက်တနှစ် လူငယ်အင်အားတွေ လျော့နည်းလာတာ။ အဲဒါကြောင့်လည်း UNDP ရဲ့ report ထဲမှာ ပါတဲ့ ဆင်းရဲမွဲတေတယ်ဆိုတာ နီးစပ်နိုင်တယ်။ အလုပ်လုပ်မယ့် လူငယ်အင်အားတွေကလုံးဝလျော့ ပါးလာတယ်။ အဓိကတရားခံ အဲဒါပဲ။ အလုပ်လုပ်မယ့်သူ မရှိတော့ ထုတ်လုပ်မှု မရှိဘူး။ ထုတ်လုပ်မှု မရှိတော့ ဝင်ငွေ မရှိဘူးပေါ့ဗျာ” ဟု သူက ပြောသည်။
ဤသို့ လူငယ်များ နိုင်ငံရပ်ခြားသို့ ထွက်ခွာအလုပ်လုပ်နေကြရသည်မှာ ဒေသတွင်းအဓမ္မလုပ်အားပေး များကြောင့်ဟု ဦးပူးကျင်ရှင်းထန်က ဆိုသည်။
“ တပ်တွေကလည်း လုပ်အားချောဆွဲတာက များနေတော့ ကော်ဖီတို့ ဘာတို့ စိုက်ခိုင်းတယ်၊ အခကြေးငွေ မပေးဘဲနဲ့ ကိုယ့်အလုပ်ကို ပစ်ပြီးတော့ သွားအလုပ်ခိုင်းတယ်။ အများစုက ဒီမှာနေလို့မရတော့ပိုက်ဆံရ မယ်ထင်ပြီး နိုင်ငံခြား သွားကြတာ။ နောက် သူတို့ထင်သလိုလည်း မဖြစ်ကြဘူး။ ငွေပြန်ပို့နိုင်တာက နည်းနည်းလေး” ဟု သူက ပြောသည်။
ဤသို့ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားကြသူများမှာ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင်ပင် သောင်းဂဏန်းထိ ရှိနေပြီ ဖြစ်ပြီး၊ နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှမစ်ရှင်အကြီး အကဲ၏အဆိုအရ ယခုတလောတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မိဘများမပါဘဲနှင့် ဒုက္ခသည် အဖြစ် လာရောက် လျှောက်ထားသူ များပြားလာကြောင်း သိရသည်။
ချင်းလူငယ်အများစုမှာ ၁ဝ တန်းအထိသာ ချင်းတောင်တွင် သင်ကြားနိုင်ပြီး အဆင့်မြင့်ပညာများ ဆက်လက် သင်ကြားရန်အတွက်မူ အခြားတိုင်းများသို့ သွားရောက်ကြရသည်။
တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဇိုဇမ်းက တက္ကသိုလ်၊ ကောလိပ် မရှိသည့် ချင်းတောင်အတွက် စိုက်ပျိုးမွေးမြူရေး အခြေခံသော လုပ်ငန်းများ တိုးပွားအောင် ဆောင်ရွက်သင့်ကြောင်း အကြံပြုသည်။
“ကျနော်တို့ဆီမှာ ဒါနဲ့ပတ်သက်လို့ အသိပညာ နည်းပါးနေပါသေးတယ်။ အဲဒါ တိုးတက်လာအောင် စိုက်ပျိုးရေးတက္ကသိုလ် မရတောင်မှ စိုက်ပျိုးမွေးမြူရေးသိပ္ပံအဆင့်လောက် သင်တန်းကျောင်းတွေ လိုအပ်တယ်။ model farm စံပြစိုက်ပျိုးမွေးမြုရေးတွေ လုပ်ပြမယ်” ဟု သူက ပြောသည်။
သူက ဆက်ပြီး “အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့နေရာမှာ စီစဉ်တဲ့သူတွေက ချင်းပြည်နယ်ဟာ အင်မတန် ဒုက္ခရောက်နေပါတယ်ဆိုတဲ့ ပကတိအခြေအနေအတိုင်း မြင်ပေးနိုင်ဖို့ အရေးကြီးတယ်။ နောင် ၅နှစ်ကြာ ကတော့ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲ လုပ်မပေးနိုင်ရင်တော့ ဒီ့ထက်ပိုဆိုးမလား ကျနော် စိုးရိမ်ပါတယ်” ဟု ပြောသည်။