ဒေါ်စု ပုဂံ ခရီးစဉ် လေးရက်ကြာမည်

ဒေါ်စု ပုဂံ ခရီးစဉ် လေးရက်ကြာမည်
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။      ။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် တနင်္လာနေ့တွင် ပုဂံသို့ ဘုရားဖူးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်မှု ဆောင် ဦးဟံသာမြင့်က အတည်ပြု ပြောကြား လိုက်ပြီး  လေးရက်ကြာမြင့်မည် ဟု ဆိုသည်။

“၄ ရက်နေ့ တနင်္လာနေ့ကို ပုဂံကို သွားပါ့မယ်။ လေကြောင်းလိုင်းနဲ့ သွားပါ့မယ်။ဘယ်လေကြောင်းလိုင်း နဲ့ဆိုတာ မသိပါဘူး။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ရုံးကို ခွင့်တိုင်ထားတာကိုပဲ သိပါတယ်။ ကျန်တာ အဖွဲ့ချုပ်က မသိပါဘူး” ဟု ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။

၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ပထမဆုံး ရန်ကုန်ပြင်ပ ခရီးစဉ်  ဖြစ်ကာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ လုံခြံုရေးအတွက် အနည်းဆုံး လူငယ် ၁ဝ ဦး လိုက်ပါသွားမည်ဟု NLD ခေါင်းဆောင်များက ပြောသည်။ ခရီးစဉ် အသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်ထားပြီး၊ ပုဂံမြို့တွင် NLD ပါတီဝင်များနှင့် တွေ့ဆုံရန် မရှိဟု ဆိုသည်။

“ပုဂံမှာ ဘုရားဖူးသတ်သတ်သွားတဲ့ ခရီးစဉ်မှာ ရက်က အားလုံးဆိုရင် ၄ ရက်လောက် ကြာမယ် ထင်ပါတယ်။
 သောကြာနေ့ထိ ခွင့်ယူထားပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။

ရန်ကုန်မှ ညောင်ဦးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ရမှာဖြစ်ပြီး၊ ညောင်ဦးမှ ပုဂံသို့ ကားလမ်းပေါက်သည်။ ပုဂ္ဂလိက လေကြောင်းလိုင်း အားလုံးပင် ရန်ကုန်မှ ညောင်ဦးသို့ ပြေးဆွဲနေကြပြီး မနက်အစောပိုင်းတွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ နိုင်ငံရေးလုပ်ငန်းများ မလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အချိန်ကိုက် သတိပေးထားမှုနှင့် မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ မကြာသေးခင်က ဖြစ်ပွားခဲ့သဖြင့်ယခု ခရီးစဉ် လုံခြံုရေးအတွက် အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်းတွင် စိုးရိမ်တကြီး ဆွေးနွေးစရာတခုဖြစ်နေ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံုရေးနှင့် ပတ်သက်၍ တာဝန်ယူထားကြောင်း NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

ပထမမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သော လက်ရှိ မန္တလေးတိုင်း ပုဂံမြို့ရှိ အဆောက်အအုံ အများအပြားမှာ ၁၁ ရာစုနှင့် ၁၃ ရာစုနှစ်အတွင်း တည်ဆောက်ထားခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ၏ ရှေးဟောင်း စေတီပုထိုး အများအပြား တည်ရှိရာ မြို့ဖြစ်သည်။

ထိုစဉ်တွင် အိန္ဒိယ မီဒီယာအချို့က မကြာသေးခင်က ရေးသားခဲ့သော အကြောင်းအရာ တခုဖြစ်သည့်
 ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်မှ မလွှတ်ပေးခင် “ နိုင်ငံခြား အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း မပြုရန်” မြန်မာစစ်အစိုးရနှင့် ကြိုတင် သဘောတူညီခဲ့သည် ဆိုသော ကိစ္စကို မဇ္ဈိမက မေးမြန်းရာ  သဘောတူညီမှု မယူထားကြောင်း ဦးဝင်းထိန်က ပြောသည်။

“မရှိပါဘူးခင်ဗျ၊ အပတ်တိုင်းလို၊ နေ့တိုင်းလို တွေ့နေတာပဲ။ အဲဒါဆို မှားတာပေါ့။ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

Most read this week