ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယ်သို့ ခရီးထွက်ရန် တလပင် မလိုတော့ချိန်၌ အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ရပ်တည် ရေးနှင့် ပတ်သက်ပြီး အသိပေးမှု လုပ်လိုက်သည်။
ဗုဒ္ဒဟူးနေ့ထုတ် အစိုးအာဘော် မြန်မာ့အလင်း သတင်းစာတွင် ပြည်ထဲရေးဝန်ကြီး ဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လိပ်မူ၍ စာရေးသားပေးပို့ရာ၌ တရားဥပဒေနှင့် အညီ လိုက်နာပါဟူ၍ မှာကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အထိန်းသိမ်းခံမှ လွတ်မြောက်လာသော နိုဝင်ဘာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး ဖြစ်လာမည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ပြင်သို့ ခရီးထွက်လိုသော
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ သတိပေးချက် ထွက်လာခြင်းလည်း ဖြစ်သည်။ ဒီခရီးစဉ်က သူ၏ လွတ်လပ်မှုကို စမ်းသပ်မည့် အရေးပါသော ကိစ္စတခုလည်း
ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနက NLD သည် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခြင်းမပြုသဖြင့် နိုင်ငံရေး ပါတီ မဟုတ်တော့ကြောင်း ပြောဆိုထားသည်။
အစိုးရ၏ သဘောထားကို ထင်ဟပ်စေသောစာတွင် NLD က ဆက်လက်၍ ပါတီရုံးခန်းများ ဖွင့်ခြင်းနှင့် ပါတီကိစ္စရပ်များ ဆောင်ရွက်ခြင်းကို အလေးပေး ဖော်ပြထားသည်။
“ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လိုက်နာမှု မရှိဘဲ ဌာနချုပ်ရုံး၊ တိုင်းရုံး၊ နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားရှိခြင်း၊ အချို့ရုံးများတွင် ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ အလံများ လွှင့်ထူထားခြင်း၊ ထို့အပြင် နိုင်ငံရေးပါတီအနေဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗီဒီယိုခွေများ ထုတ်ဝေခြင်း၊ နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးများနှင့် အခမ်းအနားများ ပြုလုပ်ခြင်းတို့အား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း” ဟူ၍ သတင်းစာက ရေးသားထားသည်။
ယခုနှစ်အစောပိုင်းက ပြောင်းလဲလိုက်ခဲ့သော ပါလီမန်စနစ်ကို NLD ၏ လှုပ်ရှားမှုများကဆန့်ကျင်နေသည်ဟု လည်း အစိုးရက ထပ်မံ စောဒက တက်ထားပြန်သည်။
“ ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ် မြတ်နိုးစွာ လက်ခံ ကျင့်သုံးလိုပါလျှင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်မည့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူနှင့် ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေနိုင်မည့် အဆိုပါ လုပ်ဆောင်ချက်များကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားပါကြောင်း” ဟု ပါရှိသည်။
စစ်တပ်က ကြိုးကိုင်ထားသော ပါလီမန်လုပ်ငန်းစဉ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ထွန်းအောင် အဓိကကျသော ခြေလှမ်းဟု အစိုးရက မြင်နေချိန်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝဝ၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲတို့မှာ လွတ်လပ်ပြီး တရားမျှတခြင်း မရှိသော စစ်မှန်သည့် ရွေးကောက်ပွဲ မဟုတ်ဟုဆိုကာ ပါလီမန် လုပ်ငန်းစဉ်ကို NLD က အသိအမှတ် မပြုဘဲ ထားသည်။
အစိုးရ၏ လမ်းပြမြေပုံအတိုင်း ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ဆုံးဖြတ်ပြီးနောက် လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် NLD က ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း လူမှုရေး ကိစ္စရပ်များကိုအသင်း အဖွဲ့လိုက် လုပ်ဆောင်လိုပါက လူမှုရေးအသင်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်းနှင့်ပြည်ထဲရေးဝန်ကြီး ဌာနတွင် လိုင်စင်လျှောက်သင့်ကြောင်း အစိုးရက ပြောဆိုထားသည်။
၂ဝဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်အတွင်း အစိုးရ အထောက်အပံ့
ပေးထားသော လူမိုက်များက စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် တိုက်ခိုက်မှု ပြုခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည် ပင် သီသီကလေး လွတ်မြောက်ခဲ့ကာ လူပေါင်းများစွာ သေကြေ သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်လည်း ထိန်းသိမ်းခံရပြီး နေအိမ် အကျယ်ချုပ် ကျသွားပြန်ကာ ၂ဝ၁ဝရွေးကောက်ပွဲ အပြီး တပတ်အကြာတွင်မှ လွတ်မြောက်လာခဲ့သည်။