ချင်းမိုင် (မဇ္စျိမ) ။ ။ ခရီးသည်တင် မှန်လုံကား နှစ်စီးအား မီးတင်ရှို့ကာ ကားသမား ၆ ဦးကို သေနတ်သမားများက ပြန်ပေးဆွဲသွားမှုမွန်ပြည် နယ် ရေး-သံဖြူဇရပ် အဝေးပြေးလမ်း၌ ဗုဒ္ဓဟူး မနက် ၉ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ များက ပြောသည်။
ထားဝယ်မြို့နှင့် မော်လမြိုင်၊ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရာဇာမင်းနှင့် ရွှေလီရတနာ ခရီးသည်တင် ကားများကိုရေးမြို့မြောက်ဘက် မိုင် ၃ဝ ကျော်အကွာရှိ သာယာအေးရွာအနီးတွင် မီးရှို့ကာ ယာဉ်မောင်းနှင့် နောက်လိုက် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ဦးပဥ္ဇင်းတို့ ကြောက်လို့ ကြည့်တောင် မကြည့်ရဲဘူး။ ကားအစီး ၂ဝ လောက် ရပ်ခိုင်းပြီး၊ ခရီးသည် အားလုံး ကားပေါ်က ဆင်းခိုင်းတယ်။ နောက်တော့ ကားနှစ်စီးကို မီးရှို့လိုက်တာပဲ။ တခြားကားတွေနဲ့ခရီးသည် တွေကိုတော့ ဘာမှ မလုပ်ဘူး” ဟု သံဃာတော်တပါးကို မဇ္စျိမကို မိန့်ဆိုသည်။ လက်နက်ကိုင်အင်အား ၂ဝ ခန့် ပါဝင်ပြီး အများစုမှာ လက်နက်ငယ်များ ကိုင်ဆောင်ကာ အချို့မှာ လက်နက်ကြီးများဟု ပြောသည်။
သံဖြူဇရပ်မြို့နယ် သက္ကော့ရွာသား တဦးကလည်း "ကျနော်သွားကြည့်တဲ့အချိန်မှာ ကားတွေအားလုံးပျက် စီးသွားပြီ။ ဘာမှ သုံးလို့ မရတော့ဘူး။ ရဲတွေ စစ်သားတွေလည်း အဲဒီမှာ စစ်ဆေးတာတွေ လုပ်နေတယ်" ဟု ပြောသည်။
ဗုဒ္ဓဟူးနေ့လည် ၁၂ နာရီခွဲတွင် ယခုအခင်းဖြစ်ပွားသောနေရာမှ ၁၅ မိုင်အကွာရှိ သံဖြူဇရပ်မြို့တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း အောင်သာယာရပ်ကွက်မှ မျက်မြင်တဦးက ပြောသည်။
“ဘယ်သူ့ လက်ချက်လဲတော့ မပြောသေးဘူး။ အားလုံးက ကားမီးရှို့ခံရတဲ့ဘက်ကို စုသွားကြတယ်ဆိုတော့ မြို့ထဲမှာ စစ်ဆေးမေးမြန်းတာတို့ မရှိသေးဘူး” ဟု သူက ပြောသည်။
၂ဝ၁၁ မေ ၂၂ ရက်နေ့ကလည်း ခရီးသည်တင် မှန်လုံယာဉ် ၅ စီးအား ရေး သံဖြူဇရပ်လမ်းပိုင်း ကနင်ကမော့ရွာ နှင့် လိမ္မော်ခြံရွာအကြား လက်နက်ကိုင် လူတစုက ယာဉ်များအား ပစ်ခတ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။
မေ ၂၄ ရက်ထုတ် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက ကရင်အမျိုးသား အစည်းအရုံး လက်ချက်ဟု
ရေးသားခဲ့သည်။သို့သော် KNU က အထက်ပါ လုပ်ရပ်အားလုံး မိမိတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။
မွန်ပြည်နယ်တွင် သံဖြူဇရပ်သာမက ကျိုက်မရောနှင့် မြို့နယ်အချို့၌ လက်နက်များအား ဇွန်လကုန်
နောက်ဆုံးထားကာ အပ်နှံကြရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားသည်။
၎င်းမြို့နယ်များအတွင်းရှိ ရွာအချို့တွင် လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ MPDF ၊ ဟောင်သရော ကရင် ငြိမ်းချမ်းရေးအဖွဲ့ KPF ၊ နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်အချို့နှင့် NMSP ပါတီဝင်အချို့လက်နက်ကိုင် လှုပ်ရှားနေသည်။