ချင်းမိုင် (မဇ္စျိမ) ။ ။ လက်နက်ကိုင်ဆောင် ထိန်းသိမ်းထားသူများ ဇွန်လ ၃ဝ ရက်နောက် ဆုံးထားကာ နီးစပ်ရာ ရဲစခန်းများ၌ လာရောက် အပ်နှံကြရန် မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ ဒေသအာဏာပိုင်များက ညွှန်ကြားထားသည်။
ဇွန်လ ၂၆ ရက် ညပိုင်းတွင် သံဖြူဇရပ် ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် “ ရပ်ရွာတွင်း၌ ကျန်ရှိနေသည့် အပစ်ရပ် အဖွဲ့အစည်းမှ တပ်ဖွဲ့ဝင်များ ဇွန်လ ၃ဝ ရက် နောက်ဆုံးထား၍ ကျန်ရှိနေသည့် မိမိတို့၏ လက်နက်များကို သက်ဆိုင်ရာ ရဲစခန်းများ၌ လာရောက်အပ်နှံရမည် ” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူများက လိုက်လံအသိပေးခဲ့သည်။
ယင်းနေ့တွင်ပင် သံဖြူဇရပ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ စာကပ်၍ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်က ညွှန်ကြားခဲ့သလို၊ ကျိုက်မရော၌ မြို့နယ် အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် ၁ဝ ရက် ခန့်ကတည်းက ထိုသို့ အသိပေးခဲ့ပြီး ဖြစ်သည်။
“ စာမှာ အဓိက ပါတာကတော့ ဒီလကုန် လက်နက်အပ်ဖို့၊ မအပ်ရင် ဥပဒေအတိုင်း အရေးယူမယ်၊ ဒီလောက် ပဲ ရေးထားတယ်။ ဘယ်လို အရေးယူမှာလဲတော့ မပါဘူး” ဟု သံဖြူဇရပ်မြို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် စာဖတ်ခဲ့သူ တဦးက မဇ္စျိမကို ပြောပြသည်။
မွန်ပြည်နယ် အစိုးရသစ် တက်ပြီးနောက် ယခုကဲ့သို့ လက်နက်အပ်ရန် ညွှန်ကြားခြင်းသည် ပထမဆုံးဖြစ် သည်။
မွန်ပြည်နယ် ကျိုက်မရောနှင့် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်များ၌ အခြေစိုက်ထားသည့် မွန်ပြည်သစ် ပါတီ NMSP သထုံခရိုင် အတွင်းရေးမှူး နိုင်အောင်မငေးကလည်း မိမိတို့ ထိန်းချူပ်နယ်မြေဝန်းကျင်ရှိ ကျေးရွာများတွင် အစိုးရ အာဏာပိုင်များက ထိုကဲ့သို့ ညွှန်ကြားထားသော်လည်း NMSP ကို ရည်ရွယ်ခြင်း မဟုတ်ဟု ဆိုသည်။
“ မြို့နယ်ကတဆင့် ကျေးရွာအုပ်ချုပ်ရေးတွေကို ပြောထားတယ်။ သူတို့ဥပဒေအတိုင်း သူတို့ လုပ်တာပဲ။ ကျနော်တို့ကို ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူး” ဟု NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက မဇ္စျိမကို ပြောသည်။
သို့သော် ပြည်တွင်းရှိ စစ်ရေးလေ့လာသူတဦးကမူ NMSP ကိုသာ အဓိက ရည်ရွယ်ပြီး ထုတ်ပြန်ခြင်းဖြစ် ကြောင်း ပြောသည်။
“မွန်ပြည်နယ်မှာ အဓိက လက်နက်ကိုင် အင်အား အကြီးဆုံးက မွန်ပြည်သစ်ပဲလေ။ တချို့ရွာတွေမှာ ရှိတဲ့ ပါတီဝင်တွေကို အရင်ရှင်းပြီးမှ မွန်ပြည်သစ်ဘက် လှည့်မှာ” ဟု သူက ဆိုသည်။
လက်နက်အပ်ရန် ညွှန်ကြားသော်လည်း လက်နက်ကိုင်များက မိမိတို့လက်နက်ကို အပ်နှံလိမ့်မည်မဟုတ်ဟု သုံးသပ်သည်။
မုဒုံမြို့အနီး အိပ်ချိန်းရုံးကို ၂ဝ၁၁ မေလ ၁၄ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ဝင်ရောက် ပစ်ခတ် ဖောက်ခွဲပြီးနောက် ဇွန်လဆန်းမှစ၍ မွန်ပြည်နယ်ရှိ မော်လမြိုင်-ရေး ကားလမ်းပိုင်း တလျှောက်၌ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားခဲ့သည်။
လမ်းပိုင်းတလျှောက် ယခင်ရှိနှင့်ပြီး စစ်ဆေးရေးဂိတ် ၄ ဂိတ်အပြင် မုဒုံမြို့အဝင် ညောင်ကုန်းလမ်းဝ၊ မော်လမြိုင်မြို့ အဝင် ရိုးဂိုးလမ်းဝနှင့် သံဖြူဇရပ်မြို့နယ် ဝဲကလီ ရွာအနီးတို့တွင် ၃ ဂိတ် ထပ်မံတိုးချဲ့ ထားခဲ့သည်။
မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများ၌ ယခုလအတွင်း မကြာခဏ ဗုံးပေါက်ကွဲမှုနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြားဒေသများဘက် မကူးစက်ရန်အတွက် လက်နက်အပ်သည့် အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း NMSP နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက သုံးသပ်သည်။
ဇွန်လ ၂၄ တရက်တည်းတွင် အစိုးရရုံးစိုက်ရာ နေပြည်တော်၊ မန္တလေးနှင့် မေမြို့ အစရှိသည့် မြို့ကြီး ၃ မြို့၌ ရှေ့ဆင့်နောက်ဆင့် ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။
လက်နက်အပ်ရန် ညွှန်ကြားထားသည့် မြို့နယ်များအတွင်းရှိ ကျေးရွာအချို့တွင် လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ MPDF ၊ ဟောင်သရော ကရင် ငြိမ်းချမ်းရေးအဖွဲ့ KPF ၊ နယ်ခြားစောင့်တပ် လက်ခံထား သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်အချို့နှင့် NMSP ပါတီဝင် အချို့ လက်နက်ကိုင်လှုပ်ရှားနေသည်။