နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာအစိုးရအာဏာ တည်မြဲရေး အတွက် မိသားစုဝင်များသဖွယ်စီးပွား ရေးနှင့် နိုင်ငံရေးအရ အထောက် အပံ့ပေးနေ သည်ဟု ဆိုကာ မင်းသား လွင်မိုး၊ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ မြေးဖြစ်သူနေရွှေသွေးအောင် အပါအဝင် ၄၂ ဦးကို စီးပွားရေး ပိတ်ဆို့ရန် အမေရိကန်ရှိ မြန်မာ့အရေး ဆောင်ရွက်နေသည့် USCB အဖွဲ့က အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးကို တောင်းဆိုလိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးထံ လိပ်မူပေးပို့ခဲ့သည့် တောင်းဆိုစာထဲတွင် ယခင်က ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပြီးသူများ အပြင် နောက်ထပ် ၄၂ ဦးကိုပါ ဖြည့်စွက် တောင်းဆိုထားခြင်း ဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုတာ တကယ့်တကယ် ကျတော့ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ရှိတဲ့ စီးပွားရေးစနစ်မှ မဟုတ်ပဲကိုး။ ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အလိုတော်ရိ စီးပွားရေးသမားတွေက ပူးပေါင်းပြီး ချယ်လှယ်နေကြတာပေါ့။ ဆိုတော့ ဒီစီးပွားရေး စနစ်ကြီး တခုလုံးကို ဒီစီးပွားရေးသမားတွေကလွှမ်းမိုးထား တယ်၊ ချယ်လှယ်ထားတယ် ဆိုတော့ သူတို့ရဲ့ အခန်းကဏ္ဍက တကယ့်တကယ် ကျတော့ စစ်အစိုးရ သက်ဆိုးရှည်ရေး အတွက် အများကြီး အထောက်အပံ့ ဖြစ်ပါတယ်” USCB ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က မဇ္စျိမကို ပြောသည်။
စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း (ကမ္ဘောဇဘဏ်)၊ ဦးကျော်ဝင်း (ရွှေသံလွင်ထရေးဒင်း)၊ ဦးမောင်မောင်မြင့် (မြန်ဂုဏ်မြင့်)၊ ဦးမောင်ကို (ထာဝရသတ္တုတွင်း လုပ်ငန်း)၊ ဦးအောင်ထွေး၊ ဦးကျော်မြင့် (ဂိုးလ်ဒင်းဖလားဝါး)၊ ဦးနေဝင်းထွန်း (ပတ္တမြားနဂါး) ဦးအိုက်ထွန်း(အိုလံပစ် ဆောက်လုပ်ရေး)၊ ဦးအောင်မြတ် (ခ) အောင်မြင့် (Mother Trading and Construction) နှင့် ဦးဝင်းလွင် (ကျော်သာကုမ္ဗဏီ) တို့ကိုလည်း ပိတ်ဆို့မှုစာရင်းထဲ ထည့်ရန်ပါ တောင်းဆိုထားသည်။
“သူတို့က စစ်အုပ်စုနဲ့ ပေါင်းပြီးတော့ စီးပွားရှာတယ်။ အကျိုးအမြတ်တွေ အများကြီးရမယ်။ အကျိုးအမြတ် တွေကို သူတို့က ပြည်ပမှာ ငွေမာတွေပေါ့ဗျာ။ ဒီငွေမာတွေကို စစ်လက်နက်ပစ္စည်း ဝယ်တဲ့နေရာမှာ ကြည့်မယ် ဆိုလို့ရှိရင် ပြည်ပကနေပြီးတော့ ဟယ်လီကော်ပတာ ဝယ်မယ်၊ ဂျက်တိုက်လေယာဉ် ဝယ်မယ် စသဖြင့် လက်နက်ဝယ်တဲ့ နေရာတွေမှာ ပြည်ပမှာ စုဆောင်းထားတဲ့ နိုင်ငံခြားငွေတွေကို သုံးစွဲမယ်လို့ ယူဆတယ်။ ဒါကလည်း နိုင်ငံခြားက စစ်ရေး လေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်တွေပါ” ဟု ဦးအောင်ဒင်က ဆိုသည်။
ပိတ်ဆို့မှုအတွင်း ထပ်မံ ထည့်သွင်းသင့်သူထဲတွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကိုလည်း ထည့်သွင်းရန် တောင်းဆိုထားပြီး ၎င်းသည် အာဏာပိုင်များနှင့် စီးပွားရေးသမားများ အကြား အကျိုးအမြတ်ယူ၍ အကျိုးဆောင်ပေးနေသူ ဖြစ်ကြောင်း USCB ၏ ဇွန်လ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တောင်းဆိုရခြင်းသည် လူထုအတွက် အမှန်တကယ် အကျိုးရှိလာစေမယ့် ပြုပြင်ပြောင်းလဲမှုများကို အစိုးရအနေဖြင့် လုပ်ဆောင်လာရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟုလည်း UCSB က ထောက်ပြသည်။
“အလိုတော်ရိ စီးပွားရေးသမားကြီးတွေရဲ့ အခန်းကဏ္ဍက ကြီးမားကျယ်ပြန့်လာတယ်။ တချို့ဆိုရင် အခု လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ဖြစ်လာကြပြီ။ သူတို့တွေက တကယ်ကျတော့ မြန်မာနိုင်ငံမှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ။ သူ့အထက်မှာ မြန်မာစစ်ခေါင်းဆောင်တွေ ရှိမယ်။ ဒုတိယမှာ အလိုတော်ရိ စီးပွားရေးသမားတွေ ရှိမယ်။ ပြီးမှ ဒေသဆိုင်ရာ အာဏာပိုင်တွေပေါ့ဗျာ။ တချို့ ဒေသဆိုင်ရာ အာဏာပိုင်တွေတောင် သူတို့ကို ပြန်ကြောက်ရမယ့် အနေအထား ရောက်နေကြပြီ” ဟု ဦးအောင်ဒင်က ပြောသည်။
ထပ်မံ ပိတ်ဆို့ရန် စာရင်းတင်သွင်း ခံရသူအများစုမှာ ဥရောပသမဂ္ဂနှင့် သြစတြေးလျ၏ စီးပွားရေး ပိတ်ဆို့ခံရသူများဖြစ်ကာ အချို့မှာမူ မည်သည့်နိုင်ငံကမှ ပိတ်ဆို့ထားခြင်း မရှိသေးသူများ ဖြစ်သည်။
ယခုအချိန်မှ စာရင်းထဲ ထည့်သွင်း ကြေညာခံရသူများမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပါဝင်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ဖြိုးကိုကိုတင့်ဆန်း (မန်နေဂျင်းဒါရိုက်တာ၊ ACE ဆောက်လုပ်ရေး)၊ သတိုးဟိန်း (မြန်မာသြဘာ)၊ ဦးလှမောင်ရွှေ (ဒုဥက္ကဋ္ဌ၊ မြန်မာ့ငါးလုပ်ငန်း အဖွဲ့ချုပ်)၊ ဇော်ဝင်းရှိန် (ဧရာဟင်္သာ)၊ ဇော်လေး (ငါးဖမ်းနှင့် ရေလုပ်ငန်း ကုမ္ဗဏီ)၊ ဇော်ဝင်းထွန်း (ရွှေသံလွင်)၊ ဦးခိုင်စိုး (အဏ္ဏဝါလွှမ်း)၊ အောင်ကျော်မိုး (IBTC) တို့ ပါဝင်သည်။
USCB က အမေရိကန်အစိုးရထံ တောင်းဆိုမှုနှင့် ပတ်သက်၍ မည်သို့မှ မှတ်ချက် မပေးချင်ကြောင်းနှင့် တစုံတရာ တုံ့ပြန်မည် မဟုတ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ဆိုသည်။
“ကျနော် ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ အဓိက ကတော့ သူတို့အလုပ် သူတို့ လုပ်ကြတာပါပဲလေ။
ကျနော်တို့က ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ကြတာလေ။ ကျနော်တို့နဲ့ သူတို့နဲ့က အလှမ်းဝေးလွန်းအား ကြီးပါတယ်။ သူတို့အမြင်နဲ့ ကိုယ်တို့အမြင်နဲ့ တူမှာ မဟုတ်သလို သူတို့က ကျနော်တို့အပေါ် နားလည်မှု မရှိနိုင်တဲ့ အနေအထားမှာ ရှိပါလိမ့်မယ်။ ဒါ သူတို့အလုပ် သူတို့လုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်လို့ပဲ သဘောထားပါတယ်” ဟု သူက ပြောသည်။
မင်းသားလွင်မိုးမှာ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဌေးမြင့်တို့နှင့် နီးစပ်သူဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီက ဦးခင်ရွှေအတွက် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည့်အခါ ဝိုင်းဝန်းကူညီခဲ့မှုကြောင့် လူအများက ဝေဖန်ခဲ့ကြသည်။
“အဓိကကတော့ ကျနော်တို့ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေ ပါတယ်။ စီးပွားရေးသမားတွေ ပါတယ်ဗျာ။ အဲဒါနဲ့
သူတို့ရဲ့ စည်းရုံးရေးတွေမှာ ကိုယ်က လာကူညီပေးတဲ့သဘောပါပဲ” ဟု မင်းသားလွင်မိုးက ဆိုသည်။
သူက ဆက်ပြီး “အဓိက ကတော့၊ နိုင်ငံရေး ယူဆချက်ကတော့ ကျနော်တို့ ဘယ်သူပဲဖြစ်ဖြစ်ပါ။ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေ ရှိလာလို့ရှိရင် ပြည်သူလူထုကို အဓိက ဦးစားပေးပြီးတော့ သူတို့ရဲ့ ကောင်းစားရေးကို ဦးတည်ဖို့ အရေးကြီးပါတယ်” ဟု ပြောဆိုသည်။
ထို့အပြင် တောင်းဆိုချက်၌ ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းရှင်များလည်း ပါဝင်ပြီး ဒေါက်တာ တင်ထွန်းဦး (ပြည်မြန်မာဂျာနယ်၊ မြန်မာတိုင်းမ်ဂျာနယ်)၊ ဒေါက်တာ နေဝင်းမောင် (The Voice Journal & Living Color Magazine)၊ မြတ်ခိုင် (လျှပ်တပြတ်ဂျာနယ်)၊ ကိုကို (စက်မှုတက္ကသိုလ်) (ရန်ကုန်မီဒီယာဂရုဖ်)၊ ဇော်မင်းအေး (အီကိုဗီးရှင်း)နှင့် နန်းကလျာဝင်း (ခ) ကလျာ (ပေါ်ပြူလာဂျာနယ်) တို့ ဖြစ်ကာမီဒီယာသမား များအား ပိတ်ဆို့မှု စာရင်းတွင် ပထမဆုံး ထည့်သွင်းခြင်းဖြစ်သည်ဟု USCB အဆိုအရ သိရသည်။
“သူတို့ကို သတင်းစာသမား စစ်စစ်မှန်မှန်လို့ မယူဆပါဘူး။ သူတို့တွေက တကယ့်တကယ်ကျတော့ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းရဲ့ လက်အောက်ခံပါပဲ။ သူတို့က ဗိုလ်ချုပ်ကျော်ဆန်းကြွေးကြော် ထားတဲ့အတိုင်း မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ ပြည်ပ မီဒီယာသတင်းဌာနများကို တု့ံပြန်တဲ့ ကမ်ပိန်းမှာ ဦးဆောင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့” ဟု ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောဆိုသည်။
သူက ဆက်ပြီး “တချို့ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ လူထုကို သူတို့ရဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက နေပြီးတော့ အယူဝါဒ မှိုင်းတိုက်ရုံတင် မကဘူး။ ပြည်ပအထိ ထွက်ပြီးတော့ နိုင်ငံတကာအစိုးရတွေကို လှည့်လည်
ဆော်သြတာတွေ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ဒါ စစ်အုပ်စုကို နိုင်ငံရေးအရ အားသွန်ခွန်စိုက်ထောက်ခံပံ့ပိုး နေတဲ့ သူတွေလို့ ယူဆပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာသည်မှာ ရက်ပေါင်း ၁ဝဝ ကျော်လာပြီ ဖြစ်သော်လည်း
ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်သေးကြောင်းနှင့် ထောင်များထဲတွင်လည်း အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း USCB ၏ တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။
စစ်ဗိုလ်ချုုပ်များ၏ မိသားစုဝင်များဖြစ်သည့် အောင်ဇော်ရဲမြင့် (ရဲတံခွန် ဆောက်လုပ်ရေး)၊ ထွန်းနိုင်ရွှေ (မြန်မာနိုင်ဂရုပ်)၊ တိုးနိုင်မန်း (Red Link) နှင့် အောင်စိုးသာ (MICT) တို့ကိုလည်း ပိတ်ဆို့သင့်သည့် လူစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ဒေါက်တာစိုင်းစံထွန်း (လွယ်ဟိန်း)၊ စန်းစန်းရီ (ဆူပါဝမ်း)၊ စစ်တိုင်းအောင်၊ စစ်သွေးအောင် (Suntac Internationl Trading)၊ နေအောင်၊ ပြည်အောင် (အောင်ရဲဘုန်းကုမ္ဗဏီ)၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း)၊ နေလင်းအောင် (နီလာရိုးမ)၊ အောင်ဇော်နိုင် (အိုလံပစ်)၊ ချစ်ခိုင် (ဧဒင်ဂရုပ်ဖ်)၊ ဦးရန်ဝင်း (အေဝမ်း ဆောက်လုပ်ရေး) ပါဝင်သည်။
USCB က ပိတ်ဆို့မှုလုပ်ရန်အတွက် အမည်စာရင်း တင်သွင်းခြင်းမှာ ပထမဆင့်သာ ရှိသေးကာ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်စိစစ် စုံစမ်းဦးမည်ဖြစ်သည်။ ထိုမှတဆင့်အရေးယူ မည်၊ မူမည်ကိုမူ အမေရိကန်အစိုးရက အဓိက ဆုံးဖြတ်ရမည်ဖြစ်သည်။