ချင်းမိုင် (မဇ္စျိမ) ။ ။ အစိုးရတပ်တင့်ကား များနှင့် လက်နက်ကြီးများ သယ်ယူမှုကိုဟန့်တား သည့် အနေဖြင့် တံတား ၁ဝ စင်း ဖျက်ဆီး နိုင်ပြီး အစိုးရတပ်မှ ဗိုလ်အဆင့်ရှိသူ တဦး အပါအဝင် လူ ၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကချင် လွတ်မြောက်ရေးအဖွဲ့က ပြောသည်။
“၁ဝ ခု ပတ်ဝန်းကျင်တော့ ရှိပြီ။ ဒါပေမဲ့ ကျနော်တို့က အများပြည်သူ ခက်ခဲသွားလောက်တဲ့ အခြေအနေ မဖြစ်ဖို့၊ သူတို့ စစ်အင်အားတွေ မဝင်ရောက်နိုင်တဲ့ တံံတားတွေပဲ ဖျက်ဆီးတာပါ။ စစ်ဆင်ရေးနည်း တခုပဲ။ ပြည်သူတွေလည်း ဖြတ်သွားနိုင်အောင်တော့ လုပ်ထားတာ။ အဲဒါကြောင့် အကုန်မဖျက်နဲ့၊ တင့်ကားတွေ မဖြတ်နိုင်အောင်ဘဲ လုပ်ပါလို့ ညွှန်ကြားထားတာပဲ” ဟု KIO မှ ဒုဗိုလ်မှူးကြီး ယော်ထုံက မဇ္စျိမကို ပြောသည်။
KIA ဖျက်ဆီးလိုက်သော တံတားများ
- မိုးမောက်မြို့နယ် တာပိန်မြစ် ရေကာတာ စီမံကိန်းသို့ ဖြတ်သွားသည့် နမ်ဖတ်ခချောင်း ကြိုးတံတား
- ဝိုင်းမော်မြို့နယ်ရှိ မရမ်းချောင်း တံတား
- ဝိုင်းမော်-လိုင်ဇာသွား လမ်းပေါ်ရှိ မလီချောင်း တံတား
- ဝိုင်းမော်-ကန်ပိုင်တီ လမ်းပေါ်ရှိ လန်နုချောင်း တံတား
- ရှမ်းပြည်နယ် တာမိုးညဲ-မုန်းစီ ကားလမ်းပေါ်ရှိ နမ်ဆာချောင်း တံတား
- ဖားကန့်မြို့နယ် ကားမိုင်း-လုံးခင်းကြားရှိ တံတား
- ဖားကန့်-ဂွီခါကားလမ်းပေါ် ဟိုပင်နှင့် နမွမ်းကျေးရွာကြားရှိ တံတား
- ဝါရာဇွပ်-ဘန်ကောက်ကျေးရွာအကြား နမ်ဆန်ချောင်း ကွန်ကရစ်တံတား
- ဝါရာဇွပ်- ဘန်ကောက်ကျေးရွာအကြား နမ်ဆန်ရွာအဝင် နမ်ဆမ်ခချောင်း ပျဉ်တံတား
- ချီဖွေမြို့နယ် တောင်ဘက် ၅၉ မိုင် မေခမြစ်ကူး ကြိုးတံတား
ကချင်ပြည်နယ် ဖားကန့်၊ မိုးမောက်နှင့် ဝိုင်းမော် စသည့် မြို့နယ်များအတွင်းရှိ ပျဉ်တံတား၊ ကွန်ကရစ် တံတားနှင့် ကြိုးတံတားများကို ဖျက်ဆီး ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ခြေမြန်တပ်ရင်း ၃၄၂ စခန်းမှူး ဗိုလ်သီဟနိုင် ခေါ် သက်နိုင်အောင်၊ တပ်သားထွန်းဇော်၊ တပ်သား ဖြိုးဝေအောင် တို့ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ဝါးရွာအနီး ကချင်တပ်က ကြာသပတေးနေ့ မွန်းလွဲတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က ပြောသည်။
ထို့အပြင် အဆိုပါစစ်သားများနှင့် အတူတွေ့ရှိရသော အရပ်သား ၃ ဦးကိုပါ ထိန်းသိမ်းထားသည်ဟု သူက ထပ်ပြောသည်။
KIO က ဖောက်ခွဲခဲ့သော တံတားများမှာ မိုးမောက်မြို့နယ် တာပိန်မြစ် ရေကာတာ စီမံကိန်းကို ဖြတ်သွား သည့် နမ်ဖတ်ခချောင်း ကြိုးတံတား၊ ဝိုင်းမော်ရှိ မရမ်းချောင်း တံတား၊ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်ရှိ မလိချောင်း တံတား၊ ဝိုင်းမော်-ကန်ပိုင်တီ လမ်းရှိ လန်နုချောင်း တံတား၊ ရှမ်းပြည် တာမိုးညဲ-မုန်းစီ လမ်းပေါ်ရှိ နမ်ဆာချောင်း တံတား၊ ဖားကန့် ကားမိုင်း-လုံးခင်းကြားရှိ တံတား၊ ဖားကန့်-ဂွီခါ လမ်းပေါ် ဟိုပင်နှင့် နမွမ်းရွာကြားရှိ တံတား၊ ဝါရာဇွပ်-ဘန်ကောက်ရွာအကြား နမ်ဆန်ချောင်း ကွန်ကရစ်တံတား၊ ဝါရာဇွပ်-ဘန်ကောက်ရွာအကြား နမ်ဆန်ရွာအဝင် နမ်ဆမ်ခချောင်း ပျဉ်တံတားနှင့် ချီဖွေမြို့နယ် တောင် ဘက် ၅၉ မိုင် မေခမြစ်ကူး ကြိုးတံတားတို့ ဖြစ်သည်။
သို့သော်လည်း အစောပိုင်းက တံတားဖျက်စီးမှု အချို့တွင် ထိရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ဒေသတွင်း စစ်ရေးလေ့လာသူများက ပြောသည်။
ယမန်နေ့ညက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မန်စီရွမှာ ၂ မိုင်အကွာတွင် KIA တပ်များနှင့် အစိုးရတပ်တို့ကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သေးသည်ဟု KIO နှင့် ဒေသခံများက ပြောသည်။ ထိခိုက် ကျဆုံးမှုနှင့် ပတ်သက်၍ ယခုအချိန်ထိ အတည်ပြုချက် မရနိုင်သေးပါ။
အစောပိုင်းက တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ရာ ဗန်းမော်မြို့တွင် ထောင်ကျ အကျဉ်းသားများကိုပါ အာဏာပိုင်များက စစ်ရေး လေ့ကျင့်ပေးနေသည်ဟု မြို့ခံများက ပြောသည်။ အလားတူပင် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်လည်း မီးသတ်၊ ရဲနှင့် ပြည်သူ့စစ်များကို စစ်ရေးလေ့ကျင့်ပေးမှုများ အပူတပြင်း ပြုလုပ်ပေးနေသည်။