ချင်းမိုင်(မဇ္ဈိမ) ။ ။ နေရပ်ရင်းသို့ပြန်ရန်ဖိအား ပေးခံရသည့် ကချင် ကျောင်းသားကျောင်း သူ ၁၉ ဦးကို ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲက သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ဒေသခံအာဏာ ပိုင် ၁၈ ဦးက မှတ်တမ်းတင် ဓာတ်ပုံများလာရောက် ရိုက်ယူသွားသည်။
ကျောင်းသား ကျောင်းသူများသည် ရန်ကုန်တိုင်း သန်လျင်မြို့ရှိ နေအိမ်တအိမ်တွင် ငှားရမ်းနေထိုင်ကြပြီး မေလဆန်းပိုင်းမှ စ၍ သန်လျင်မြို့ပေါ်တွင် ပညာသင်ယူနေကြသည့် ကချင်တိုင်းရင်းသားများ ဖြစ်ကြသည်။
ထိုသူများကို သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းမှ ဗုဒ္ဓဟူးနေ့ ၆ နာရီ နာရီနောက်ဆုံးထား၍ နေရပ်ရင်း ပြန်ကြရန် ဖိအားပေးထားပြီး၊ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူးမှလည်း ဧည့်စာရင်းတိုင်ကြားခြင်းကို ခွင့်မပြုတော့ပေ။
“မနေ့က ညပိုင်းမှာ ရောက်လာတယ် ရဲတပ်ဖွဲ့ဝင်တွေ ဒေသဆိုင်ရာ အာဏာပိုင်တွေ စုစုပေါင်း ၁၈ ဦးလောက် ရောက်လာပြီးတော့ ကျောင်းသားကျောင်းသူ ကချင်လူငယ်လေးတွေ စုစုပေါင်း ၁၉ ဦးကို ငါးယောက်တတွဲ ငါးယောက်တတွဲ ဓာတ်ပုံရိုက်ပြီးတော့ ဓာတ်ပုံယူသွားတယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ဓာတ်ပုံ လာရောက် ရိုက်ယူသွားသော်လည်း ထိုအိမ်တွင် ကျောင်းသားများကို ဆက်လက် နေထိုင်ခွင့်ပြု၊ မပြုနှင့် အကြောင်း တစုံတရာကို သွားရောက် ဓာတ်ပုံရိုက်ယူခဲ့သူများမှ ပြောပြခဲ့ခြင်း မရှိဟုလည်း ဆိုသည်။ ဥပဒေအရ ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဧည့်သည်၊ အိမ်ရှင်တို့ ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် ၂ဝဝ ကျပ်၊ ကျခံရနိုင်သည်။
“ဒီဥပဒေက လိုရင် သုံးလို့ရအောင် မလိုရင်လည်း မသုံးရအောင် လုပ်ထားတာ အဓိကက လူတယောက်ကို ဒီအရပ်ဒေသမှာ အနေစေချင်ဘူး ဆိုရင် ဧည့်စာရင်း မပေးဘူးလို့ လုပ်လိုက်တာပေါ့” ဟု ရန်ကုန်မြို့နေ လူ့အခွင့်အရေးရှေနေ့ ကိုဖိုးဖြူက ပြောသည်။
“ဧည့်စာရင်းဆိုတာ သက်ဆိုင်ရာကို အကြောင်းကြားဖို့ပဲ လိုတာ။ ခွင့်ပြုရမယ် မပြုရဘူးဆိုတဲ့ အာဏာကို ပေးထားတာ မဟုတ်ဘူး။ အခုဟာက ဥပဒေမှာ မပါတဲ့ဟာတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျင့်သုံးနေတယ်” ဟု ကိုဖိုးဖြူက ဆက်ပြောသည်။
ဓာတ်ပုံရိုက်ခံရသူများမှာ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှ ဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက် ပညာသင်ယူနေသူများ ဖြစ်ကြသည်။
မည်သည့် အကြောင်းကြောင့် ကျောင်းသားများကို နေရပ် ပြန်စေလိုကြောင်း မသိရသေးသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေချိန် နှင့် တိုက်ဆိုင်လျက် ရှိသည်။
လေ့လာသူများကတော့ အာဏာပိုင်များအနေဖြင့် စစ်ပွဲနှင့် ပတ်သက်၍ ကချင်အမျိုးသားများ၏ ဆန့်ကျင် လှုပ်ရှားမှုများ ဖြစ်လာမည်ကို စိုးရိမ်နေဟန် ရှိသည်ဟု ထင်ကြေးပေးကြသည်။
အလားတူပင် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဗေဒါကျောင်း၌ကိုလည်းယခုနှစ် မေလမှစ၍ ဧည့်စာရင်း မပေးတော့ဟု ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။
“ဧည့်စာရင်းကတော့ လုံးဝမပေးတော့ဘူးဗျ မေလ ၁ ရက်နေ့တည်းက ကျနော်တို့ကို မပေးတော့တာ ကျနော်တို့ ကျောင်းသားတွေကတော့ ဒီမှာပဲနေတယ် ဒီမှာပဲ စာသင်တယ်ပေါ့ဗျာ သူတို့မပေးလည်း ကျနော်တို့ ဆက်နေမှာပဲ သူတို့ဘက်က လာဖမ်းမယ်ဆိုလဲ ဖမ်းပေါ့ အားလုံးက သဘောတူထားတယ် သူတို့ကလည်း ကျနော်တို့ကို ဘာမှ လာမမေးဘူး” ဟု ဦးမျိုးရန်နောင်သိန်းက ပြောသည်။
ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်း South EastAsia Study နှင့် အခြေခံ အင်္ဂလိပ်ဘာသာရပ်များ ကို သင်ကြားပေးနေသည်။