ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ အနှိပ်ခန်း များကို ဇွန်လ ၂ ရက်နေ့မှ စ၍ ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးမှူးရုံးကပိတ်သိမ်းစေ လိုက်ကြောင်း အပတ်စဉ်ထုတ်ဆဲဗင်းဒေး ဂျာနယ်က ရေးသားထားသည်။
“ နောက်ဆက်တွဲအဖြစ် ကေတီဗီ (ကာရာအိုကေ) ဆိုင်များကိုပါ စစ်ဆေး အရေးယူသွားမည်’’ ဟုဂျာနယ် တွင် ဖော်ပြပါရှိသည်။
အနှိပ်ခန်းနှင့် ကာရာအိုကေဆိုင်များ ပိတ်သိမ်းရန် ရန်ကုန် အုပ်ချုပ်ရေးမှူးရုံးက မေလ ၂၇ ရက်နေ့က တည်းက ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းညွှန်ကြားချက်ထဲတွင် ရန်ကုန်တမြို့လုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များလည်း ည ၁၁ နာရီ နောက်ဆုံးထား၍ ပိတ်သိမ်းရန်ပါ ပါရှိသည်ဟု မဇ္ဈိမကစုံစမ်း သိရှိရသည်။
ရန်ကုန်တိုင်းတွင် တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်း အရေအတွက်မှာ ၃ဝဝဝ မှ ၃၅ဝဝ အကြား ရှိနေနိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (ရဲချုပ်ရုံး) မှ အကြီးတန်း ရဲအရာရှိတဦး မဇ္ဈိမကို လွန်ခဲ့သည့်
နှစ်ဆန်းပိုင်းတွင် ပြောခဲ့ဖူးသည်။
ဆဲဗင်းဒေးဂျာနယ်က ဒဂုံမြို့နယ်ရှိ အနှိပ်ခန်း မန်နေဂျာတဦးကို ကိုးကား ရေးသားရာတွင် “ ပြန်ဖွင့်ဖို့ ဘာမှ မပြောထားဘူး။ အရေးယူမယ့် စီမံချက်ကာလလို့ပဲ သိရတယ်” ဟု ပါရှိသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် အနှိပ်ခန်း အများစုမှာ အနှိပ်ခန်းဟုအမည် တပ်သော်လည်း အများအားဖြင့် ပြည့်တန်ဆာ လုပ်ငန်းပါ တွဲပါလေ့ ရှိသည်။
ပြည့်တန်ဆာ လုပ်ငန်းမှာ တရားမဝင်ဖြစ်ပြီး ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ အပြစ်ပေးနိုင်သော ဥပဒေ ပြဋ္ဌာန်းထားသည်။
အနှိပ်ခန်း အကြီးအသေးနှင့် အပြင်အဆင် အနေအထားအပေါ် မူတည်သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ရဲ၊ စရဖ များသို့ လစဉ် ငွေကျပ် ၅ သိန်းခန့်မှ သိန်း ၃ဝ-၄ဝ အထိ ပေးဆောင်ရခြင်းမျိုး ရှိသည်။
အစိုးရက အာရုံစိုက်ကာ “စီမံချက်” ရှိနေချိန်တွင် မြန်မာ့လူ့ဘောင်အတွင်း ကျယ်ပြန့်စွာ ဖြစ်ထွန်းနေသော တရားမဝင် ထီထိုးသော လောင်းကစားဒိုင်များကလည်း ဖမ်းဆီးမှာကို စိုးရိမ်နေသည်။
“အခုတလော နှစ်လုံး၊ သုံးလုံးတွေ ကျနော်တို့ ရပ်ကွက်ထဲမှာ မရှိတော့သလောက်ပဲ” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။
ပုံမှန်အားဖြင့် လောင်းကစားဒိုင်များမှာလည်း ဒေသဆိုင်ရာ အာဏာပိုင်များသို့ ဆက်ကြေးပေးလည်ပတ် နေခဲ့ပြီး၊ လတ်တလောတွင်မူ ရဲအပါအဝင် အာဏာပိုင်များအနေဖြင့် သတိထားနေကြသည်။
လွန်ခဲ့သည့် ၁ဝ ရက်ကတည်းက “စီမံချက်” လာမည်ဟု ရဲက ကြိုတင် သတိပေးထားကြောင်း မန္တလေးမြို့မှ
လောင်းကစားဒိုင် တဦးက ပြောရင်း “လုပ်ရင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုး၊ သူတို့လည်း အထက်ကဖိအားပေး လို့” ဟု ပြောသည်။
နေပြည်တော် အမှတ် ၁ ရဲစခန်းကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လျှို့ဝှက်သာ ဖြစ်သည်ဟု ဆိုသည်။