ချင်းမိုင် (မဇ္စျိမ) ။ ။ ဒီမိုကရေစီနှင့်လူ့အခွင့် အရေး ကြိုးပမ်းမှုကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့် အပ်နှင်းသည့် ဂုဏ်ပြုမော်ကွန်းအား ကနေဒါနိုင်ငံ မြို့တမြို့၌ ထားရှိမည့် အခမ်းအနားကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထိုမြို့လေး၌ ကျင်းပ သွားမည် ဖြစ်သည်။
ဂုဏ်ပြုမော်ကွန်းအား Côte Saint-Luc လူ့အခွင့်အရေးစင်္ကြ ံ၌ ထားရှိမည် ဖြစ်ရာ၊ ထိုစင်္ကြ ံသည် လူသားများ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့ပြီး၊ လူ့အခွင့်အရေး မီးရှူးတန်ဆောင်အဖြစ်လောက အလင်း ဆောင်ကြဉ်းခဲ့သည့် ပုဂ္ဂိုလ်များကို ရည်ညွှန်းသည်။ ကနေဒါနေ့ အထိမ်းအမှတ်၏တစိတ်တဒေသ အဖြစ်လည်း အခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။
“ကျနော်တို့ ဂုဏ်ပြုပြီးပြီ ဖြစ်တဲ့ တခြားသူတွေလိုပါပဲ၊ အောင်ဆန်းစုကြည်ဟာ ဒီမိုကရက်တစ်အပြောင်းအလဲ တွေ ပေါ်ပေါက်လာဖို့အတွက် အန္တရာယ်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကြိုးစားခဲ့ပါတယ်” ဟု မြို့တော်ဝန် Anthony Housefather က မြို့တော်စာစောင်တွင် ပြောကြားခဲ့သည်။
“သူ အကျဉ်းချထားခံရစဉ် ကာလတွေမှာလည်း စစ်အစိုးရက သူ့ကို မြန်မာနိုင်ငံထဲကနေ ထွက်ခွါနိုင်တဲ့ အခွင့်အရေးတွေကို အကြိမ်များစွာ ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ သူ့တိုင်းပြည်ကနေ ထွက်ခွါဖို့ ငြင်းဆန်ခဲ့ပြီး၊ ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှှုကို ဆက်လက် ပြုလုပ်ခဲ့ ပါတယ်” ဟုလည်း သူက ဆိုသည်။
မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် နှစ်ပေါင်း ၂ဝ ကျော် စွမ်းစွမ်းတမံ လုပ်ကိုင်ခဲ့သည်ဟု မြို့တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်အပေါ် မှတ်ချက်ပေးကြသည်။
၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါက ၂ဝဝ၇ ခုနှစ်ထဲတွင် ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ဂုဏ်ပြုခဲ့သေးသည်။ ကနေဒါသည် မြန်မာအစိုးရကို ဖိအားပေးသည့် အနေဖြင့်
မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့ အရေးယူခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်တွင် ၁၅ နှစ်ဝန်းကျင်နေအိမ်အကျယ် ချုပ်ဖြင့် ထားရှိခဲ့ကာ၊ မြန်မာနိုင်ငံမှ ထွက်ခွါပေးလျှင် လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း သူကပယ်ချ ခဲ့ပြီး၊ အရပ်သား အစိုးရ ပေါ်ပေါက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။
လူ့အခွင့်အရေးစင်္ကြ ံ စတင်ဖွင့်လှစ်ခဲ့သည် ၂ဝဝဝ ခု စက်တင်ဘာမှစ၍ Quebec ပြည်နယ်ရှိ မြို့လေးတွင်
နိုဘယ်ဆုရှင် Rene Cassin ၊ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်သူ Helen Suzman နှင့် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့၏ မျိုးဖြုတ်သတ်ဖြတ်နေမှု အန္တရာယ်မှ ဂျူးလူမျိုး တသိန်းခန့်ကို ကယ်တင်ခဲ့သည့် ဆွီဒင်သံတမန် Raoul Wallenberg အပါအဝင် စုစုပေါင်း ပုဂ္ဂိုလ် တဒါဇင်ခန့်ကို ဂုဏ်ပြုခဲ့ပြီး ဖြစ်သည်။