နယူးဒေလီ (မဇ္စျိမ) ။ ။ အကျဉ်းသားများ လွှတ်ပေးရန် ၂ဝ၁ဝ ရွေးကောက်ပွဲရှုံးနိမ့်သူ ၄ ဦးကရန်ကုန် တွင် တရားဝင် စာရွက်ဖြန့်ဝေခြင်းနှင့် မီဒီယာများနှင့် အင်တာဗျူးခွင့်ရရေး ကြိုးပမ်း နေသည်။
ဆန္ဒဖော်ထုတ်မည်ဟု ဆိုထားသူ ၄ ဦးမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF မှ ဦးမင်းအောင် (ဗိုလ်တထောင်)၊ တသီးပုဂ္ဂလ ဦးဝင်းချို (ဒလ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ (မင်္ဂလာဒုံ) နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးစိုးကြည် (သန်လျင်) ဖြစ်သည်။
အကျဉ်းသား လွှတ်ပေးရေးအတွက် ဇွန်လ ၅ ရက်နေ့တွင် တောင်းဆိုဆန္ဒပြနိုင်မည့် နေရာသတ်မှတ်ပေးရန် ပြည်ထဲရေးဝန်ကြီးနှင့် ရန်ကုန်တိုင်း အစိုးရထံ မေလ ၂၆ ရက်နေ့ကတည်းက စာရေးသား တောင်းဆိုခဲ့သည်။ နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းခြင်းမရှိဘဲ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင် သဘောဆန္ဒများ ထုတ်ဖော်ပြသလိုသဖြင့် လမ်းညွှန်ပါရန် သူတို့က ပြည်ထဲရေးသို့ ပို့သော စာတွင် ဖော်ပြထားသည်။
“သမ္မတသစ် ဦးဆောင်တဲ့ အစိုးရသစ်ဟာ ၂ဝဝ၈ အခြေခံ ဥပဒေကို ကိုင်စွဲပြီး ဒီဥပဒေနဲ့အညီ သုံးမယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ကလည်း ဒီဥပဒေထဲပဲ ပြန်ပြီး တောင်းတာပါ” ဟု ပြည်သူ့လွှတ်တော်အတွက် ဗိုလ်တထောင်၌ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ရှုံးနိမ့်ခဲ့သူ NDF မှ ဦးမင်းအောင်က မဇ္စျိမကို ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိတိပပ ညွှန်းဆိုထားခြင်း မရှိသော နိုင်ငံတော် လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာာရေးတို့ မထိခိုက်လျှင် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်လည်း ရှိသည်ဟု ဖော်ပြထားသည်။
ဆန္ဒပြရေး လမ်းညွှန်ချက် တောင်းခံမှုကို အကြောင်းမပြန်လျှင် ပြည်ထောင်စု တရားရုံးချုပ်သို့ထပ်မံလျှောက် ထားမည်ဟု ဦးမင်းအောင်က ပြောသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းက “သူတို့ကတော့ ဥပဒေလမ်းကြောင်းကနေ ဘောင်ဝင်အောင် တင်ပြတယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီ အခွင့်အလမ်းတွေ ရှိတယ်ဆိုရင် မိမိဆန္ဒ၊ဘဘော ထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် ရှိရမှာပါ။ အခုချိန်ထိတော့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ အခွင့်အလမ်းတွေ လက်တွေ့မှာ မရှိသေးပါဘူး” ဟု မဇ္စျိမကို ပြောသည်။
ဦးဖြိုးမင်းသိန်းသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ရှိတွင် နိုင်ငံတဝှမ်းလက်မှတ် ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှု၌ ဦးဆောင်ပါဝင်နေသူတဦး ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂ဝ၆၁ ဦး ရှိနေကြောင်း သိရသည်။