ဦးဝင်းတင် ဆေးရုံဆင်းနိုင်ပြီ

ဦးဝင်းတင် ဆေးရုံဆင်းနိုင်ပြီ
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။       ။ လေးညကြာ အာရှ တော်ဝင် ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ေ ရာက် ကုသမှုခံယူခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင် တနင်္လာနေ့ ညနေက ဆေးရုံမှ ပြန်ဆင်းလာနိုင်ပြီ ဖြစ်သည်။

u-win-tin-nld-leader“အနာတွေကတော့ နာတုန်းမို့ ဆေးထည့်ဘာထည့်နဲ့ လုပ်နေရမှာပဲ။ ရေယုန်တွေ ပေါက်တာဗျ။ အပြင်မှာ ဆရာဝန်တယောက်နဲ့ ကုနေတာ။ နေ့တိုင်း လာကြည့်ပေးတယ်” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။

ဦးဝင်းတင်မှာ ကြာသပတေးနေ့က ရုတ်တရက် ဆေးရုံတက်ခဲ့ရပြီးနောက် အသဲ၊ နှလုံး၊ ကျောက်ကပ်၊ ရင်ခေါင်းနှင့် အစာအိမ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။

“ အာထရာဆောင်း (Ultrasound) တွေ ဘာတွေရိုက်ပေါ့။ အဲဒါတွေ အားလုံး ကောင်းပါတယ်။ နှလုံး စက်တပ်ထားတဲ့ အခြေအနေကလည်း ခုထိတော့ သူ့ဟာနဲ့သူ အလုပ်လုပ်နေ တာပဲ။”

အသက် ၈၁ နှစ်ရှိ ဦးဝင်းတင်မှာ ယခုအခါ ကျောက်ကုန်းနေအိမ်တွင် အနားယူနေပြီး နှလုံးနှင့် ရင်ကျပ် ရောဂါဆိုင်ရာ ဆေးဝါးများကို နေ့စဉ် သောက်သုံးလျက်ရှိကာ အာရှတော်ဝင်ဆေးရုံမှ ပါမောက္ခ ဒေါက်တာ ဒေါ်ချိုလေးမာနှင့် လစဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။

“ရုံးကတော့ ကျန်းမာရေး ကောင်းတာနဲ့ တက်မှာပါပဲ။ အလုပ်လုပ်ရမှာကိုး။ သို့သော် မကောင်းဘဲနဲ့ တက်ရ မှာကလည်း လူမြင်မကောင်း၊ သူမြင်မကောင်းပေါ့ဗျာ။ တွဲပြုသွားရတာတို့ ကျနော် သိပ်မလုပ်ချင်ဘူး။ ကိုယ့်တုတ်ကောက်နဲ့ကိုယ် သွားတာလောက်ပဲ လုပ်ချင်တာ။ ၄-၅ ရက်ဆိုရင် ကောင်းသွားမယ် ထင်ပါတယ်”

မကြာမီ လပိုင်းအတွင်း စတင်တော့မည့် ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးများတွင်ဦးဝင်းတင် အနေဖြင့် လိုက်ပါမည် မဟုတ်ဘဲ ဌာနချုပ်တွင်သာ ရှိနေပေးမည် ဖြစ်ကြောင်းလည်း ဦးဝင်းတင်ကပြော သည်။

နေအိမ်တွင် ထိန်းသိမ်းခံဘဝမှ လွတ်မြောက်လာအပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးဖြစ်လာမည့် ရန်ကုန်မြို့ အပြင်ဘက်ထွက်မည့် ခရီးစဉ်ကို သြဂုတ်လတွင်း သို့မဟုတ် ထို့နောက်တွင်သွားရောက်နိုင် လိမ့်မည်ဟု သူက ကြေညာထားသည်။