ဇေယျာသော်၏ သူရဲကောင်း

ဇေယျာသော်၏ သူရဲကောင်း
by -
ဖနိဒါ

ဟစ်ပ်ဟော့ပ် အဆိုတော် တူပက်ရှာကူး Tupac Shakur သည် ၁၉၉၆ ခုနှစ်၌ အမေရိကန်တွင်လူဆိုး ဂိုဏ်းအချင်းချင်း ပစ်ခတ်ရာမှသေနတ်ထိမှန်သေ ဆုံးခဲ့သည်။

ဟစ်ပ်ဟော့ပ် အဆိုတော် တူပက်ရှာကူး Tupac Shakur သည် ၁၉၉၆ ခုနှစ်၌ အမေရိကန်တွင်လူဆိုး ဂိုဏ်းအချင်းချင်း ပစ်ခတ်ရာမှသေနတ်ထိမှန်သေ ဆုံးခဲ့သည်။ ယင်းသည်မျှော်လင့် ချက်ကင်းမဲ့နေ သည့်လူမည်းလမ်း သူရဲဂိုဏ်းများ၏တကယ့်သရုပ် မှန်နှင့် သူလို ငွေကြယ်ပွင့်တို့အကြား ပဋိပက္ခတနည်း အားဖြင့် အာဖရိကန်နွယ်ဖွားအမေရိကန် လူမျိုး အဆိုတော် ကျင်လည်ရာ ငရဲဘုံ၏အစိတ် အပိုင်း တရပ်လည်း ဖြစ်သည်။

ရှာကူး သေဆုံးစဉ်က ဇေယျာသော်မှာ ၁၅ နှစ်သားသာ ရှိသေးသည်။ သို့သော် ထိုအမေရိကန် ရက်ပါနှင့် သူ၏ ဟစ်ပ်ဟော့ပ် ဂီတအမျိုးအစားသည် ကမ္ဘာ့တဖက်ခြမ်း ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင်ကျင်လည်ကျက်စား နေသော မြန်မာလူငယ်လေးအပေါ်လည်း ကြီးမားစွာ သြဇာသက်ရောက်ခဲ့သည်။

ယခုတော့ သူတို့တွင်လည်း ရက်ပ်ဂီတ ကြွပ်ဆတ်ဆတ်စာသား ထောင် စသည်တို့ လူမည့်ရက်ပ် အဆိုတော် လိုပင် တပေါင်းတစည်းတည်း တည်ရှိနေပြီဖြစ်သည်။

လူငယ် နိုင်ငံရေးအဖွဲ့အစည်းတခုတွင် ပါ၀င်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်  ချ မှတ်ခံခဲ့ရပြီး၊ ၂ နှစ်ခွဲခန့် ထောင်ထဲနေခဲ့ရပြီးနောက် မေလ ၁၇ ရက်နေ့တွင် သူလွတ်လာခဲ့ကာ လွတ်လပ်မှုကို ပျော်ရွှင်မြူးတူးစွာ ခံစားနေခဲ့သည်။ သူ့သူရဲကောင်း ရှာကူးက လိင်မှုကိစ္စဖြင့် ထောင်ကျခဲ့သော်လည်း သူကမူ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက မြင့်မြတ်သည့် အရေးတော်ပုံဟု ယုံကြည်ကြသည့် စစ်အစိုးရ၏ အုပ်စိုးပိုင်ခွင့်ကို စိန်ခေါ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရခြင်း ဖြစ်သည်။

ဇေယျာသော်သည် ထောင်မှ လွတ်လာပြီးနောက် သူ့မိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့သည်။ သူသည် မြန်မာ အစိုးရ၏ `လွတ်ငြိမ်းချမ်းသာခွင့်´ ဟု ခေါ်ဆိုသော အမိန့်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ အမှန်စင်စစ်မှု အဆိုပါအကျဉ်းသား ၁၄၆၀၀ သည် သူတို့ပြစ်ဒဏ်များမှ တနှစ်သာ လျှော့ပေါ့သက်သာခွင့် ရခဲ့ကြသည်။

လွန်ခဲ့သော ဆယ်စုနှစ်တခုကျော် သူ ရက်ပ်သီချင်းများ စဆိုစဉ်၊ လူငယ်များ၏ မကျေမနပ် သံစဉ်များကို ဖွဲ့ဆိုသီကျူးနေစဉ် ဤ အသက် ၃၀ အရွယ်ရှိ အဆိုတော်သည် တနေ့တွင် သူလည်း နိုုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၏ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများ ဆိုသည့် စာရင်းတွင် သူလည်းပါ၀င်လာ လိမ့်မည်ဟု သူမသိခဲ့ပေ။

အားလုံးသည် အပြစ်မဲ့စွာ ဖြစ်ပေါ်ခဲ့ခြင်းသာ ဖြစ်သည်။ `ကျနော့်အိပ်မက်တွေထဲက တခုက အဆိုတော် ဖြစ်ချင်တာပဲ´ ဟု ဇေယျာသော်က မဇ္ဈိမကို ပြောသည်။ `ကျနော် ငယ်ငယ်တုန်းက အဖေက ကျနော့်ကို စန္ဒရားသင်ခိုင်းတယ်။ ကျနော်လည်း သူငယ်ချင်းတွေနဲ့အတူ စိတ်မပါ့တပါနဲ့ တီးနေရတာပဲ။ နောက်တော့ တဖြည်းဖြည်းနဲ့ မတီးဖြစ်တော့ဘူး´ ဟု သူက ပြောသည်။ သို့သော် ကဗျာနှင့် အနုပညာလိုပင် ဂီတကို သူစွဲသွားခဲ့ပြီဖြစ်သည်။

ဆယ်ကျော်သက် အရွယ်ကတည်းက ဟစ်ပ်ဟော့ပ်ဂီတ၏ `ဖမ်းစား´ခြင်းကို ခံခဲ့ရသည်ဟု သူက ပြောသည်။ သူရသမျှ မုန့်ဖိုးလေးကို သီချင်းအယ်လ်ဘမ်များ၊ နိုင်ငံခြားဂီတ အယ်လ်ဘမ်များ ၀ယ်ယူရာတွင် သုံးစွဲခဲ့သည်။ `စာသားတွေကို နားမလည်ပေမယ့် ဒီ အယ်လ်ဘမ်တွေကို ကျနော်ကြိုက်တယ်´ဟု သူက ပြောသည်။

ထိုအထဲမှ အယ်လ်ဘမ်တခုကို သူသဘောကျသွားသည်။ ထိုအယ်လ်ဘမ်တွင် သီချင်းကို ဆိုထားခြင်း မဟုတ်ဘဲ ရွတ်နေခြင်းသာ ဖြစ်သည်။ `ဒီလိုဂီတအမျိုးအစားကို ကျနော် အရမ်းခိုက်သွားတယ်။ ဒါနဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ ဒါရက်ပ်အမျိုးအစားလို့ ပြောကြတယ်။ ဒါနဲ့ပဲ ကျနော် ရက်ပ်အယ်လ်ဘမ်တွေ ထုတ်ဖြစ် သွားတာပဲ။ တခြား ရက်ပ်အယ်လ်ဘမ်တွေကိုလည်း နားထောင်ဖြစ်သေးတယ်။ ကျနော်မှတ်မိသလောက် Niggaz With Attitude နဲ့ Dr. Dre ရဲ့ The Chronic တို့ကို နားထောင်ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်တွေ နားထောင်ပြီး ကျနော်လည်း ရက်ပ်ဂီတအကြောင်း နားလည်သွားပါတယ်´ ဟု သူက ပြောသည်။

ဇေယျာသော် ရှင်းပြသည့်အတိုင်းဆိုလျှင် သူ့ဟစ်ပ်ဟော့ပ်ဂီတသည် အာဖရိကနွယ်ဖွား အမေရိကန်လူမျိုး အသိုင်းအဝိုင်း၏ ၁၉၇၉ ခုနှစ်ကာလက ဂီတကို အခြေခံပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ `နီဂရိုး´ ဆိုသည့် စကားလုံးက စော်ကားသလို ဖြစ်နေသဖြင့် သူတို့က သူတို့ကိုယ်သူတို့ `နစ်ဂါ´ ဟု ခေါ်ကြသည်ဟု သူက ပြောသည်။ သူတို့ကို နှိမ်ချစော်ကားသလို ဖြစ်နေသည့် စကားလုံးကို သူတို့အသိုင်းအဝိုင်းကို ရည်ညွှန်းသည့် စကားလုံးအဖြစ် ပြောင်းလဲခဲ့ကြသည်။

`ဟစ်ပ်ဟော့ပ်ဂီတဟာ သူတို့အပေါ် လူမျိုးရေးအရ ခွဲခြားနှိမ်ချတာကို ဒေါသထွက်နေတဲ့ လူမည်းလူငယ်တွေရဲ့ ဒေါသက အခြေခံပေါ်ထွက်လာတာပဲ။ ဟစ်ပ်ဟော့ပ်ဂီတရဲ့ အနှစ်သာရက အဖိနှိပ်ခံတွေရဲ့ ခံစားချက်တွေကို ဖော်ထုတ်တာပဲ။ စေတနာပါတဲ့ သဘောထားကြောင့် ဟစ်ပ်ဟော့ပ်ဂီတရဲ့ အရည်အသွေးဟာတောက်ပြောင် လာတယ်လို့ ကျနော် ထင်ပါတယ်´ ဟု သူက ပြောသည်။

ရက်ပ်၊ ဟစ်ပ်ဟော့ပ်ဟု အပြန်အလှန် အမျိုးမျိုးခေါ်နေကြသော ဂီတသည် မြန်မာနိုင်ငံတွင် အစောပိုင်းက ပေါ်ပင် ဂီတအဖြစ်သာ ပေါ်လာခဲ့ပြီး၊ လူငယ်များ နှစ်သက်စွဲလမ်းလာကြသော ဂ်ီတအမျိုးအစားလည်း ဖြစ်သည်။ အထူး ရေပန်းစားလာခဲ့သည်မှာ ၁၉၉၂-၉၃ ခုနှစ်တွင် ဖြစ်သည်ဟု သူက ပြောသည်။

`အဲဒီနှစ်တွေမှာ လူငယ်တွေက မနက်ပိုင်းမှာ ဟစ်ပ်ဟော့ပ်သီချင်းတွေ ဖွင့်ပြီး ဘရိတ်ဒန့်စ် ကကြတယ်။ တချို့ကတော့ ဟစ်ပ်ဟော့ပ်ဂီတက ပျင်းစရာ ကောင်းတယ်ဆိုပြီး တခြား ဂီတအမျိုးအစားတွေကိုပြောင်းလဲ သွားကြတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ဟစ်ပ်ဟော့ပ် အမျိုးအစား ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆက်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဟစ်ပ်ဟော့ပ် ဂီတရယ်လို့ မသိဘူး။ ရက်ပ်ဂီတလို့ပဲ သိနေတာ။ ကျနော့် သူငယ်ချင်း တချို့ကတော့ ဟဲဗီးရော့ခ်နဲ့ ဟဲဗီးမက်တဲလ် အမျိုးအစားတွေဘက်ကို လိုင်းပြောင်းသွားကြတယ်။ ကျနော်တို့ကတော့ ရက်ပ်ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆက်လုပ်နေခဲ့ကြတယ်။ ရက်ပ်ဂီတတွေကို နားထောင်ရင်းရက်ပ် သီချင်းတွေစပ်ဖို့ အာရရုံရလာခဲ့တယ်´ ဟု သူက ပြောသည်။

released-zay-yar-thaw1လူမည်း ရက်ပါနှင့် ရုပ်ရှင်မင်းသား တူးပက်ရှာကူးကို ကြည့်ပြီး ဇေယျာသော် ရက်ပ်ဂီတအတွက် စျာန်ဝင် သွားခဲ့သည်။ ရှာကူးက ဓာတ်ပြားချပ်ရေ ရ၅ သန်းကျော် ရောင်းချခဲ့ရသူဖြစ်သည်။ သူအမှတ်တရတင်ထား သည့် ၀ဘ်ဆိုဒ်တွင် သူ့ကို ကဗျာဆရာ၊ တဲ့တိုး ဘွင်းဘွင်းပြောတတ်သူ၊ ဥပက္ခာပြုခံထားရသူ အမေရိကန် ဆင်းရဲသားများဘက်မှ အရေးဆို တိုက်ပွဲဝင်သူတဦးအဖြစ် ရေးသားဖော်ပြထားသည်။ ဇေယျာသော်မှာလည်း ကဗျာဓာတ်ခံနှင့် ဆက်ဆံရေး ပြေပြစ်ချောမွေ့သူ ဟူသည့် အရည်အချင်း ရှိသည်။ သို့သော် ရှာကူးကဲ့သို့ လူဆိုးဂိုဏ်းများနှင့် သေနတ်ချင်း ယှဉ်ပစ်ခြင်း၊ ပုလိပ်များနှင့် လိုက်တမ်းပြေးတမ်း ကစားခြင်း၊ ညဉ့်နက်နက် ကားနှင့်ဝင်လာ သေနတ်နှင့် ပစ်သွားခြင်း ဆိုသည်များကို သူမလုပ်ခဲ့ပေ။ ဤအချက်များကြောင့်ပင် အထင်ကရ အမေရိကန် ရက်ပါတဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဇေယျာသော်သည် ၂၀၀၀ ခုနှစ်နှောင်ပိုင်းတွင် အနဂ္ဂ၊ ဟိန်းဇော်၊ ယန်ယန်ချမ်းတို့နှင့် ပေါင်းပြီး မြန်မာပြည်၏ ပထမဆုံး ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့ဖြစ်သည့် အက်ဆစ်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုနှစ်တွင်ပင် ပထမဆုံး အယ်လ်ဘမ်ဖြစ်သည့် စတင်ခြင်း ကို ထုတ်ဝေခဲ့သည်။ မြန်မာဂီတဝေဖန်သူများ၏ အပြောအရ ပေါက်သွားသော အခွေလည်း ဖြစ်သည်။ အရောင်းရဆုံး သီချင်းခွေစာရင်းတွင် ၂ လကျော်ခန့် နံပါတ် ၁ နေရာ ချိတ်နိုင်ခဲ့သည်။

အက်ဆစ်အဖွဲ့လည်း တကယ်ပင် ပေါက်သွားခဲ့သည်။ သူက ရန်ကုန်ရှိ အခြား ရော့ခ်နှင့် ပေါ့ပ် အဖွဲ့များနှင့်မတူ တမူကွဲပြားနေသည်။ အပေါ်ယံကြည့်လျှင်တော့ လူမည်း ရက်ပ်ဂီတသမားများလို ဘောင်းဘီပွ၊တီရှပ်ပွပွ ကြီးတွေဝတ်၊ ခေါင်းပေါ်တွင် ဘေ့စ်ဘောလ် ဦးထုပ်ဆောင်းထား၊ နေကာမျက်မှန် တပ်ထားသည်ကို တွေ့ရမည်။ အနောက်တိုင်း သတင်းစာများကမူ သူတို့ရက်ပ်ဂီတသည် စာသားအနေဖြင့် ဘာမှ မထူးခြား၊ သာမန်မျှသာ ဖြစ်ပါသည်ဟု ပြောဆိုဝေဖန်ကြသော်လည်း မြန်မာပြည်တွင်တော့ မြန်မာပြည်သူများ ခံစားနေရသောဆင်းရဲ ဒုက္ခတို့ကို မလွှဲမရှောင်သာ ရေးဖွဲ့စပ်ဆိုလာကြရသည်။

သည်တော့လည်း အဝေဖန်မခံနိုင်သည့် စစ်အစိုးရကြောင့် ဂီတသမားများလည်း အန္တရာယ်ရှိလာတော့သည်။ အက်ဆစ်အဖွဲ့က ပရိသတ်အများကြီးကို ဖမ်းစားနိုင်ခဲ့သည်။ သည်လိုနှင့် နောက်ထပ် ဟစ်ပ်ဟော့ပ်အဖွဲ့များ ဟစ်ပ်ဟော့ပ်ဂီတသမားများ ပေါ်ထွက်လာခဲ့ပြီး သူတို့ကို ဟစ်ပ်ဟော့ပ် ပထမမျိုးဆက်ဟု ခေါ်ကြသည်။

`ကျနော်က အဆိုတော်။ ဒီတော့ ကျနော့်ပရိသတ်နဲ့ ထိတွေ့နေရတာပဲ။ သူတို့ခံစားနေရတာတွေသူတို့နာနာ ကျင်ကျင် ခံစားနေရတာတွေကိုလည်း သိလာရတာပေါ့။ ဒါနဲ့ သူတို့အတွက် ကျနော် ဘာများ လုပ်ပေးနိုင်မလဲလို့ စဉ်းစားကြည့်တယ်။ ဒီလိုနဲ့ နိုင်ငံရေးထဲမှာ ကျနော်တတ်နိုင်သလောက် ၀င်လုပ်ခဲ့တာပဲ´ ဟု သူက ပြောသည်။

ထိုမြန်မာရက်ပါလေးသည် သူ့ပရိသတ်ထံ အရောက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ `ကျနော်တို့လူငယ်တွေဟာ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့ နေရာမှာ ဦးဆောင်ပါ၀င်သင့်တယ်။ ကျနော်ကတော့ တရားမျှတမှု မရှိတာကို မျက်နှာလွှဲခဲပစ် လုပ်နိုင်လောက်အောင် အသည်းမမာဘူး။ ဒါနဲ့ပဲ ကျနော် နိုင်ငံရေးထဲ ရောက်လာခဲ့တာပဘဲ။ ကျနော်ကိုယ်တိုင်လည်း မြန်မာပြည်သားတယောက် ဖြစ်နေတော့ သူတို့ခံစားချက်တွေ၊ သူတို့နာကျင်မှုတွေကို အတော်ကြာကြာ စဉ်းစားခံစားနေမိတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲ ပါ၀င်လုပ်ကိုင်ဖို့ကျတော့ အတော်အချိန်ယူ စဉ်းစားရသေးတယ်။ ငါ တကယ်စွန့်လွှတ်နိုင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးနေရသေးတယ်´။

လူရွှင်တော်ဇာဂနာ လုပ်ကိုင်နေသည့် HIV ပိုးရှိ မိဘမဲ့ကလေးများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ကုသိုလ်ဖြစ် အဖွဲ့အစည်းတခုအတွက် ဇေယျာသော်သည် ကဗျာဆရာ စောဝေ၊ အောင်ဝေးတို့နှင့်အတူ တွဲကာ ရံပုံငွေရှာဖွေပေးခဲ့သည်။ အခြားရက်ပ်ပါတဦးဖြစ်သည့် ငဲငဲနှင့်အတူ အဆိုပါကလေးများကို အင်္ဂလိပ်စာသွားသင် ပေးခဲ့သည်။ လူရွှင်တော်ဇာဂနာသည် ယခုအခါ ထောင်ဒဏ်ကျခံနေရသည်။

ဆူညံစွာ အော်ဟစ်အားပေးနေသည့် ပရိသတ်ကြီးကို ထိန်းထားရင်း ဇေယျာသော်အဖို့ ဓားသွားပေါ်လမ်း လျှောက် နေရသလို ဖြစ်နေသည်။ သူ့သီချင်းစာသားများ ဆင်ဆာမှ လွတ်ပါ့မလားဟု ပူပန်နေရသည်။ သို့သော် သူလွတ်ခဲ့ပါသည်။

ထိုသို့သောအားဖြင့် စစ်အစိုးရကို သံဃာတော်များ ဦးဆောင်ကာ လမ်းမများပေါ် ထွက်ဆန္ဒပြခဲ့ကြသည့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလ ရောက်လာသည်။

သူသည် ဂီတပွဲများ၊ သီချင်းများမှတဆင့် ပြည်သူလူထုနှင့် ဆက်စပ်မိခဲ့သည်ဟု လူငယ်ရက်ပါငွေကြယ်ပွင့် လေးက ပြောသည်။ သို့သော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီဆိုသည့်မြန်မာစစ်အစိုး ရက လူထုဆန္ဒပြပွဲများ၊ လူထု၏ မျှော်လင့်တမ်းတချက်များကို ရက်စက်စွာ ချေမှုန်းလိုက်သောအခါစင်တင်ဂီတ ပွဲများတွင် တေးသီချင်း သီဆိုနေရုံမျှဖြင့် မရတော့ပါ။

အခြား တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့်အတူ Generation Wave (GW) ဆိုသည့် အဖွဲ့ကို ဇေယျာသော်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွဲ့စည်းထူထောင်ခဲ့သည်။ အပြောင်းအလဲအတွက် လှုံ့ဆော်စည်းရုံးသည့် လူငယ်လှုပ်ရှားမှုလေးတခု ဖြစ်သည်။ ကားများတွင် CNG စတစ်ကာများ ကပ်သည့် လှုပ်ရှားမှုကို စတင်စည်းရုံးလှုံ့ဆော်ခဲ့သည်။ ခပ်ထေ့ထေ့ ပြောဆိုစည်းရုံးသည့် လှုပ်ရှားမှုတခုဖြစ်သည်။ သာမန်အားဖြင့် CNG ဆိုသည်မှာ ဖိသိပ်ထားသော သဘာဝဓာတ်ငွေ့ဟု အဓိပ္ပာယ်ရသော်လည်း သူတို့ဆိုလိုသည်မှာမူ အစိုးရသစ် အပြောင်းအလဲ Change New Government ဟူ၍ ဖြစ်သည်။

ထိုအပြောင်းအလဲ တိုက်ပွဲအတွက် ရမ်ဘိုကိုလည်း သူတို့လှုပ်ရှားမှုထဲ ဆွဲသွင်းခဲ့သည်။ ရမ်ဘို ၄ အပါအဝင် စစ်အစိုးရ ဆန့်ကျင်ရေး ဇာတ်ကားများကို ကူးယူဖြန့်ချိခဲ့သည်။ ဤ ရမ်ဘို ၄ ဇာတ်ကားကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလအတွင်း ရုံတင်ခဲ့ပြီး၊ မင်းသားစတားလုံးက ကရင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်ကိုလိုက်လံ တိုက်ခိုက်ပုံများ ရိုက်ကူးထားသည်။ မြန်မာအာဏာပိုင်များကမူ မြန်မာစစ်သားများကိုရက်စက်ကြမ်း ကြုတ်သော လူသတ်သမားများ၊ မုဒိမ်းကောင်များအဖြစ် ပုံဖော်ရိုက်ကူးထားသည့် ထိုဇာတ်ကားအားပြသခွင့် မပြုဘဲပိတ်ပင် ခဲ့သည်။ ထိုဇာတ်ကားသည် ကရင်များအကြားတွင် အထူး လူကြိုက်များခဲ့သည်။ `ဘာမှမရဘဲနေရတာထက် စာရင် တခုခုရအောင် တိုက်ရင်းသေမယ်´ ဆိုသည့် စကားကို အလွန်ခိုက်သွားခဲ့ကြသည်။

မြန်မာတပ်မတော်သားများကို ရမ်ဘိုက သဲသဲမဲမဲ ပစ်ခတ်နှိမ်နင်းပုံမှာ နောက်ဆုံး ကောက်ရိုးတမျှင်ဖြစ်နိုင် သည်။ ထိုကားမှောင်ခို ခိုးကူးခွေများ ဖြန့်ချိပြီး သိပ်မကြာခင်ပင် ဇေယျာသော်လည်း ရန်ကုန်မြို့စားသောက် ဆိုင်တဆိုင်အတွင်း ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ပွဲပြီးသွားပါပြီ။ ဘူးပေါ်သလို ပေါ်သွားပါပြီ။ သူက ပွင့်လင်းစွာ ထုတ်မပြောသော်လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကမူ စစ်ကြောရေးကာလအတွင်း သူရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။

သူ့ကို စီရင်ချက်မချမီလေးတွင် `ကျနော် စိတ်မကောင်းဘူး။ စိတ်မကောင်းတာက ကျနော့်ကို ထောင်ချလို့ မဟုတ်ဘူး။ ဒီအကြောင်းတွေကို စဉ်းစားမိရင် တိုင်းပြည်နဲ့လူထုရဲ့ အနာဂတ်ကို တွေးမိပြီး စိတ်မကောင်း ဖြစ်တာ´ ဟု သတင်းထောက်များကို ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။

`ကိုယ်မကြိုက်တာကို ကန့်ကွက်ပယ်ချရဲတဲ့ စိတ်ကို မွေးကြပါ။ မှန်တာကို ပွင့်ပွင့်လင်းလင်းမထောက်ခံရဲရင် တောင်မှ မှားနေတာကို မထောက်ခံကြပါနဲ့´ ဟု လူထုထံ အမှာစကားကို သတင်းထောက်များမှတဆင့် သူပြောကြားခဲ့သည်။

သူ့ကို ထိုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဥပဒေအမှတ် ၆-၈၈ ဖြစ်သော အသင်းအဖွဲ့ ဥပဒေ၊ နိုင်ငံခြားငွေ ဥပဒေ ပုဒ်မ ၂၄ (၁) တို့ဖြင့် တရားစွဲတင်ခဲ့သည်။ ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့သည်။ နောင်တွင် အဆိုပါထောင် ဒဏ်ကို ၄ နှစ်သို့ လျှော့ချခဲ့သည်။ သူနှင့်အတူ အဖမ်းခံရသော အက်ဆစ်အဖွဲ့သား ယန်ယန်ချမ်းလည်း ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။

ထောင်တွင်း အကျဉ်းသားဘဝက ကြမ်းတမ်းသည်။ သူ့လို ဂီတဖြင့် ကြီးပြင်းလာသော လူငယ်အဆိုတော် တဦးအနေဖြင့် သီချင်းနားမထောင်ရဆိုသည့် တားမြစ်ပိတ်ပင်ချက်သည် အလွန်ပြင်းထန်ကြမ်းတမ်းလှသည်။ `ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဆိုတော့ အထူးဆောင်မှာ နေရတယ်။ တခြားအကျဉ်းသားတွေ TV ကြည့်လို့ရပေမယ့် ကျနော်တို့က မကြည့်ရဘူး´။

သို့သော် ထိုဂီတသမားလေးကို တိတ်တိတ်နေခိုင်း၍ မူမရပါ။ `ကျနော်ကတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဆိုတာပဲ။ ထောင်ထဲမှာ ကျနော် ပြန်သုံးသပ်တာတွေ လုပ်တယ်။ ဘယ်သီချင်းကို ငါတကယ်ကြိုက်တာလဲ။ ဘယ်သီချင်းကို ငါအလွတ်ရလဲ။ ဘယ်သီချင်း စာသားကို ငါတကယ်နားလည်သလဲ ဆိုတာတွေပေါ့´ ဟု သူက မဇ္ဈိမကို ပြောသည်။

ဇေယျာသော်က ထောင်တွင်းတွင် အချိန်ကို အကျိုးရှိစွာ အသုံးချသည်။ `ထောင်ထဲနေရတာ ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်။ ကျနော်က အချက် ၃ ချက်ပါတဲ့ တောင်းဆိုမှုကို လုပ်ချင်တယ်။ အကျဉ်းထောင် အရာရှိတွေကို ကျနော်က ပွင့်ပွင့်လင်းလင်း ဆက်ဆံပါလို့ ပြောတယ်။ အကျဉ်းသားတွေကို အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံပါ။ ဖြစ်လာတာတွေကိုလည်း တာဝန်ယူပါလို့ ကျနော် သူတို့ကို ပြောခဲ့တယ်။ ဒီတောင်းဆို ချက်တွေကို အကျဉ်းထောင် အာဏာပိုင်တွေက ဖြည့်ဆီးပေးနိုင်ခဲ့မယ်ဆိုရင် အကျဉ်းထောင် အခြေအနေဟာ အခုထက်စာရင် အများကြီး ပိုကောင်းလာမှာပဲ´ ဟု သူက ပြောသည်။

ဒီနေ့တော့ မြန်မာရက်ပါ လူငယ်လေး လွတ်လာပါပြီ။ သို့သော် သူ့အတွေးများကတော့ အကျဉ်းထောင်သံတိုင် များ နောက်တွင် ကျန်ရစ်ခဲ့သော သူနှင့်ဘဝတူ နိုင်ငံရေးအကျဉ်းသားများထံ ရောက်နေသည်။ သူတို့ကျခံနေ ရသော ပြစ်ဒဏ်များကတော့ မကုန်ဆုံးသေးပေ။

Most read this week