နယူးဒေလီ (မဇ္စျိမ) ။ ။မူလတန်းကျောင်းသား များအတွက် ကျောင်းသုံးဖတ်စာအုပ်ကြေးကောက် ခံထားပါက ငွေပြန်အမ်းရန်ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ထားကြောင်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပညာရေးမှူးရုံးက ပြောသည်။
ယခင်က မူလတန်း ဖတ်စာအုပ်ကြေးကို သူငယ်တန်း ၂၃ဝ ကျပ်၊ ပထမတန်း ၃ဝဝ ကျပ်၊ ဒုတိယတန်း ၃၇ဝ ကျပ်၊ တတိယတန်း ၅၂ဝ ကျပ်၊ စတုတ္တတန်း ၆၃ဝ ကျပ် သတ်မှတ်ထားခဲ့ပြီး၊ ယခုအခါ အစိုးရက အခမဲ့
ပေးအပ်တော့မည် ဖြစ်သောကြောင့် ယခုတပတ်အတွင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“သူငယ်တန်းကနေ ၄ တန်းအထိ ပြဋ္ဌာန်းစာအုပ်တွေကို နိုင်ငံတော်က အခမဲ့ပေးလို့ ပုံနှိပ်စာအုပ်ဖိုး ကောက်ထား တဲ့ ကျောင်းတွေကို ငွေပြန်ပေးဖို့ ကျောင်းအုပ်ကြီးတွေဆီ ညွှန်ကြားချက် ပို့ထားပြီးပါပြီ်” ဟု စမ်းချောင်းမြို့နယ် ပညာရေးမှူးရုံး တာဝန်ခံတဦးက မဇ္စျိမကို ပြောသည်။
ကျောင်းရန်ပုံငွေအဖြစ် ကောက်ခံမည်ဆိုပါကလည်း ကျောင်းဖွင့်ပြီး နှစ်လကြာမှသာကောက်ခံရမည်ဟု ညွှန်ကြား ချက်ထဲတွင် ပါရှိသည်။
ပညာရေးဝန်ကြီး ဒေါက်တာမြဦးက ၂ဝ၁ဝ - ၂ဝ၁၁ ပညာသင်နှစ်မှစပြီး မူလတန်း ကျောင်းသား ၅ သန်းကျော် အတွက် ကျပ်ငွေ သန်း ၂၄ဝဝ တန်ဖိုးရှိ ဖတ်စာအုပ်များ အခမဲ့ ပေးဝေမည်ဖြစ်ကြောင်း နေပြည်တော်၌ကျင်းပ သည့် မေလ ၂၅ ရက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ပြောဆိုကြောင်း ကြာသပတေးနေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသည်။
ယခုညွှန်ကြားချက် မထွက်ခင်က ကျောင်းများ၌ မူလတန်းကို ကျောင်းသုံး ဖတ်စာအုပ်ကြေးများ ကောက်ခံ ခဲ့ပြီး၊ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံမှုများလည်း ရှိသည်။
“ကျောင်းအပ်ခက ၆၅ဝဝ၊ အလှူငွေက တသောင်း။ သူတို့က ဘာကြေးလို့ မပြောဘူး၊ အလှူငွေဆိုပြီး ထည့်ရ တာပဲ။ ကျောင်းအပ်ခရော၊ အလှူငွေရော၊ ဘာဖြတ်ပိုင်းမှ မပေးဘူး” ဟု ပုဇွန်တောင် အ.မ.က ၆ ၌တတိယ တန်း ကလေးငယ်အတွက် ကျောင်းအပ်ခဲ့သည့် မိဘတဦးက မဇ္စျိမကို ပြောသည်။
ရန်ကုန်တိုင်းအစိုးရက မေလ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်ရှိ လာဘ်စားမှု အမြင့်ဆုံး ကျောင်း ၁၉ ကျောင်းစာရင်းကို ထုတ်ဖော်ခဲ့ပြီး၊ ကျောင်းဝင်ကြေးနှင့် စာအုပ်ဖိုးများကို တရားဝင် ထုတ်ပြန်ခဲ့သေးသည်။
ထို့အပြင် ကျောင်းများ၌ တရားဝင်သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါကလည်း တိုင်ကြားနိုင်ပြီး အမည်၊ လိပ်စာနှင့်အကွ ရပ်ကွက်အုပ်ချုပ်ရေး ထောက်ခံစာ လိုအပ်ကြောင်း၊ ကျောင်းများတွင်လည်း တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များကို ထားရှိသွားမည်ဟု ဆိုခဲ့သည်။
ဖတ်စာအုပ်ကြေး ကောက်ခံထားမှုများကို စာရင်းနှင့်တကွ ပြန်လည်ပြုစုနေကာ၊ ကျောင်းဖွင့်ပြီးနောက်ပိုင်းမှ သာလျှင် ပြန်လည်ထုတ်ပေးရန် စီစဉ်နိုင်မည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ပညာရေးမှူးရုံးဝန်ထမ်းတဦးက လည်း မဇ္စျိမကို ပြောသည်။
ထိုသို့ထုတ်ပေးရာတွင် ဖတ်စာအုပ်ကြေးများကိုသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး၊ ကျောင်းမှ ရောင်းချသည့် ဗလာစာအုပ်ကဲ့သို့ ကျောင်းသုံးပစ္စည်းများအတွက်မူ ပြန်လည်ပေးအပ်မဟုတ်ပေ။
ယခင်နှစ်များက ကျောင်းတွင် အစိုးရသတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးသော မူလတန်း ဖတ်စာအုပ်များ ခွဲတမ်းပြည့် မရရှိသဖြင့် အချို့ကျောင်းသားများက ၃ ဆခန့် ပိုပေးရသော ပြင်ပဆိုင်များမှ ဝယ်ယူခဲ့ရကြောင်း ဧရာဝတီတိုင်း အတွင်းရှိ မူလတန်း ကျောင်းအုပ် ဆရာမတဦးက မဇ္စျိမကို ပြောသည်။
“ဒီနှစ်တော့ အလကားပေးမယ်ဆိုတော့ ခွဲတမ်းပြည့် ရမရ မသိသေးဘူး။ ခါတိုင်းနှစ်တွေဆိုရင် သုံးပုံ နှစ်ပုံပဲရ တော့ မဲနှိုက်ပြီး ပေးရတယ်။ မရတဲ့ ကလေးဆိုရင် အပြင်မှာ ဝယ်ရတယ်။ မတတ်နိုင်တဲ့ မိဘတွေအတွက် ဝန်ပိတာပေါ့” ဟု သူက ပြောသည်။
ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များအား ပြင်ပဆိုင်များတွင် ဝယ်ယူမည်ဆိုပါက စတုတ္ထတန်းအတွက် တစုံလျှင် ၂ဝဝဝ ကျပ်နှင့် သူငယ်တန်းအတွက် ၁၅ဝဝ ကျပ် စျေးရှိသည်။
“ကလေး ၄ တန်းသာ ရောက်လာတယ်။ ကျောင်းက ထုတ်ပေးတဲ့ စာအုပ် တနှစ်လားပဲ ရဖူးတယ်။ကျောင်းက နေ ထုတ်ပေးတာလည်း နောက်ကျတော့ ကိုယ့်သားသမီး ဖတ်စရာမရှိမှာစိုးလို့ အပြင်မှာပဲ နှစ်တိုင်း ကြိုဝယ် နေရတာ” ဟု စတုတ္ထတန်း ကျောင်းသား၏ မိခင်တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် မေလ နောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ဇွန်လ ၁ရက်နေ့ တွင် တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်လေ့ရှိသည်။
မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းပေါင်း ၁၉၈၈ ခုနှစ်တွင် ၃၃၇၄၇ ကျောင်းရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ၄ဝ၈၇၆ ကျောင်း ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။