ချင်းမိုင် (မဇ္ဈိမ)။ ။ကချင်ပြည်နယ်တွင် တည် ဆောက် မည့် မြစ်ဆုံဆည်သည် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကိုရပ်ဆိုင်းထားပါ ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကတရုတ် သမ္မတ ဟူကျင်းတောင်ထံ အိတ်ဖွင့်ပေးစာရေးသား ပေးပို့လိုက်သည်။
မတ်လ ၁၆ ရက်နေ့စွဲဖြင့် ရေးထားပြီး မကြာသေးမီကမှ လူသိရှင်ကြား ထုတ်ပြန်လိုက်ကာ မဇ္ဈိမက ရရှိထားသည့် အဆိုပါ စာတွင် `အကယ်၍ ဤရေအားလျှပ်စစ်စီမံကိန်းနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းတို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွါးလာခဲ့လျှင် မိမိတို့တွင် တာဝန်မရှိကြောင်း စစ်အစိုးရကိုအကြောင်း ကြားခဲ့သည်´ ဟု ဆိုသည်။ စာကို KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ထိုးထားသည်။
စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေးမှာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု စာထဲတွင် ရေးထားသည်။ `KIO ကို ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိိုမီကအတိုင်း ဆက်ဆံသွားမည်ဟု စစ်အစိုးရက စက်တင်ဘာ ၁ ရက် ၂၀၁၀ ခုနှစ်တွင် ကျေညာခဲ့ပြီးနောက် KIO နှင့် စစ်အစိုးရအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းသွားခဲ့သည်´။
မြစ်ဆုံသည်သည် မြန်မာ့အရှည်ဆုံးမြစ်ဖြစ်သော ဧရာဝတီမြစ်၏ လက်တက်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူရန်အတွက် တည်ဆောက်ရန် စီစဉ်ထားသည့် ဆည် ရ ခုအနက် ပထမဆုံးဆည် ဖြစ်သည်။
တရုတ်နိုင်ငံပိုင် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI သည် ဤဆည်ကို အဓိက ဦးဆောင်တည်ဆောက်မည်ဖြစ်ကာ ဘဏ္ဍာငွေကြေး ထောက်ပံ့မှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ဤဆည်ကို ကချင်လူမျိုးတို့ အထွတ်အမြတ်ထားသည့် မလိခနှင့် အင်မိုင်ခ မြစ်နှစ်သွယ်ဆုံရာတွင်တည် ဆောက်သွားမည်ဖြစ်သည်။ ယခုစီမံကိန်းအတွက် CPI သည် မြန်မာနိုင်ငံပိုင်မြန်မာ့လျှပ်စစ်စွမ်းအား လုပ်ငန်း MEPE နှင့် မြန်မာ့ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်သော အေးရှားဝေါလ်တို့နှင့်ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ် သည်။
ဆည်က လူထုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ခြိမ်းခြောက်နေ
အမြင့်ပေ ၁၅၂ မီတာရှိမည့် မြစ်ဆုံဆည်သည် ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ဆည် ရ ခုအနက် ပထမဆုံးဆည် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အပြောအရ ဤဆည်ကြောင့်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် ဧရာဝတီမြစ် အကြေပိုင်းမှ လူသန်းပေါင်းများစွာ၏ ဘဝများကိုပြန်လည်ပြုပြင် ၍ မရလောက်အောင် ပြောင်းလဲသွားစေလိမ့်မည်ဖြစ်သည်။
မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်သည်။ ဆည်ကို ထိန်းချုပ်မောင်းနှင်မည့် တရုတ်အင်ဂျင်နီယာများအနေဖြင့် မြန်မာပြည်၏ အရေးပါဆုံး မြစ်ကြီးတစင်း၏ မြစ်ရေအနိမ့်အမြင့်ကို ထိန်းချုပ်ခွင့် ရရှိသွားတော့မည်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သော သယ်ယူပို့ဆောင်ရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့၏ ပုံစံများလည်းပြောင်းလဲသွားတော့ မည်ဖြစ်သည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဆည်ကြောင့် အကျိုးယုတ်ရမည့် ဒေသခံများက ၀ိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင် CPI ၊ အေးရှားဝေါလ်၊ စစ်အစိုးရသည် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြပြီဖြစ်သည်။ KIO အနေဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေးကို ယခင်ကလည်း ထိုသို့ကန့်ကွက်ခဲ့သော်လည်း ယခု တရုတ်သမ္မတထံ ပေးပို့ထားသော စာတွင် ပါရှိသည့် စီမံကိန်းအပေါ် ဝေဖန်ကန့်ကွက်ရာ၌ သုံးနှုံးပြောဆိုထားသည့် အရေးအသားမှာမူ ယခင်က မရှိဖူးသေးပေ။
KIO နှင့် ဆက်ဆံရေးကို အပစ်ရပ်စာချုပ် မချုပ်မီအဆင့်သို့ နေပြည်တော်က လျှော့ချလိုက်ကတည်းက KIO နှင့် စစ်အစိုးရအကြား အထင်ကရ လက်နက်ကိုင် ရန်လိုမှုများ ပေါ်ပေါက်လာတော့မည့် အခြေအနေရှိနေပြီး၊ ၁၉၉၄ အပစ်ရပ်သဘော တူညီချက်မှာလည်း ပျက်ပြယ်သွားသည့်သဘော ရှိနေပြီဖြစ်သည်။ သိသာသော မူဝါဒ အပြောင်းအလဲ တရပ်အနေဖြင့် မြန်မာအစိုးရပိုင် မီဒီယာများက KIO ကို `သောင်းကျန်းသူ´ ဟုခေါ်ဝေါ် သုံးစွဲနေပြီဖြစ်သည်။
သူတို့အနေဖြင့် `အထက်တွင် ဖော်ပြထားသည့် ဆည် ၆ ခု တည်ဆောက်မည့် နေရာများတွင် လုံခြံုရေးနှင့် အခြားလိုအပ်သည့် ကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း´ ကချင်ပြည်နယ်ရှိ စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIO ကို အကြောင်းကြားခဲ့သည်ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် `KIO နယ်မြေအတွင်းသို့ မြန်မာစစ်တပ်ဖွဲ့များကို ၀င်ရောက်ကျူးကျော်ခွင့်ပေးမည် မဟုတ်´ ကြောင်း အဆိုပါစာတွင် ဆက်လက်ရေးသားထားသည်။
တရုတ်အစိုးရနှင့် KIO သည် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ KIO ကို နယ်စပ်တွင် လှုပ်ရှားခွင့်ပြုခဲ့ကာ အပြန်အလှန်အားဖြင့် KIO နယ်မြေတွင်းရှိ သဘာဝသယံဇာတများကို တူးဖော်ထုတ်ယူခွင့် ပြုခဲ့ရသည်။ သို့သော် တရုတ်နှင့် KIO အကြား ဆက်ဆံရေးသည် ပေကျင်းနှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အကြား ဆက်ဆံရေးကဲ့သို့မူ မခိုင်မာကြောင်း အကဲခတ်များနှင့် လေ့လာသုံးသပ်သူများက ပြောကြသည်။ ၀’ တပ်ဖွဲ့သည် မြန်မာနိုင်ငံ၏ အကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ် ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ အများစုဒေသကြီးကို ထိန်းချုပ်ထားခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီကို ဆက်ခံသည့် အဖွဲ့လည်း ဖြစ်သည်။
ပေကျင်းရှိ နိုင်ငံခြားသံတမန်များ၏ အပြောအရ KIO ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်တွင် ပေကျင်းသို့ အကြိမ်ပေါင်းများစွာ သွားရောက်ကာ တရုတ်အစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု လန်ဒန်အခြေစိုက်ဖိုင်နင်ရှယ် တိုင်းမ် သတင်းစာကြီးက ဇန်နဝါရီလအတွင်း ရေးသားဖော်ပြခဲ့သည်။ ဧရာဝတီမြစ်ညာတွင်တည်ဆောက် မည့် ရေအားလျှပ်စစ် စီမံကိန်းတွင် CPI ၏ ပါ၀င်ပတ်သက်မှု အတိုင်းအတာကိုကြည့်လျှင် ထိုကိစ္စသည် အဆိုပါ ဆွေးနွေးပွဲများ၏ အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာတရပ် ဖြစ်ဖွယ်ရှိသည်။
KIO က ဆည်တည်ဆောက်မှုကို ကြာမြင့်စွာကတည်းက ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း
`ဒီဆည်စီမံကိန်းကို ကျနော်တို့ အချိန်အတော်ကြာ ကန့်ကွက်ခဲ့ပါတယ်´ ဟု KIO ၏ ဒုတိယနိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းလန်ဒေါက မဇ္ဈိမကို ဖြေကြားခဲ့သည့် တရုတ်နိုင်ငံသို့ ပေးပို့ခဲ့သည့် စာအပေါ် မိမိ၏သဘောထား မှတ်ချက်ကို ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ KIO အနေဖြင့် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ `သူတို့အနေဖြင့် ခပ်သေးသေးဆည် တည်ဆောက်မည်ဆိုလျှင် ကိစ္စမရှိပါကြောင်း´ သူက ပြောဆိုခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်း၏ အရွယ်အစားနှင့်အကျိုးသက်ရောက်မှုများ သည် မြစ်အကြေပိုင်းတွင် နေထိုင်ကြသည့် လူပေါင်းများစွာ၏ ဘဝကို အကျိုးယုတ်စေမည် ဖြစ်သည့်အတွက် လက်မခံနိုင်ပါဟု သူက ဆိုသည်။
မြစ်ဆုံဒေသသည် မြန်မာနိုင်ငံ၏ အရှည်ဆုံးနှင့် အရေးအပါဆုံး မြစ်ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ညာပိုင်းတွင် အဓိကကျသော နေရာတွင် တည်ရှိနေသည့်အတွက် `ဒီကိစ္စဟာ ကချင်တွေအတွက်ချည်း မဟုတ်ဘူး၊ မြစ်ဝှန်းတလျှောက် နေထိုင်ကြတဲ့ သူတွေအတွက်လည်း အရေးကြီးတယ်´ ဟု ဂျိမ်းလန်ဒေါကဆက်ပြော သည်။ မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံရှိ`သန်းပေါင်းများစွာသော ပြည်သူများ´ ကို အကျိုးယုတ်စေမည် ဖြစ်သဖြင့် ဆက်မလုပ်သင့်ကြောင်း သူနှင့် အခြား KIO ကိုယ်စားလှယ်တို့ကတရုတ်အစိုးရကိုပြောကြားခဲ့ ကြောင်း လည်း ဂျိမ်းလန်ဒေါက ပြောသည်။
မြစ်ဆုံဆည်၏ ရေလှောင်ဧရိယာသည် စင်္ကာပူနိုင်ငံထက်ကြီးသော အကျယ်အဝန်းကိုရေလွှမ်းမိုးသွားစေ မည်ဖြစ်ပြီး၊ ခန့်မှန်းခြေ လူဦးရေ ၁၅၀၀၀ ခန့်ရှိသည့် ကျေးရွာများလည်း ပြောင်းရွှေ့ရမည်ဖြစ်ကာဂေဟစနစ် အတွက် အလွန်အရေးပါသည့် ဒေသများကိုလည်း ပျက်စီးစေလိမ့်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း တက်ကြွလှုပ်ရှားသူများ၊ မြန်မာနို်င်ငံ မြစ်ချောင်းများ ကွန်ရက်တို့က ပြောဆိုသည်။ ဤကွန်ရက်သည် မြန်မာနို်င်ငံ ရှိ ဆည်မြောင်းများ ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာရမည့် လူ့အသိုင်းအဝိုင်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းပေါင်းစုံ ပါ၀င်သည့် ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ ဤအဖွဲ့တွင်ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ KDNG လည်း ပါ၀င်သည်။
ဧရာဝတီမြစ်ညာတွင် ဆည်များ ဆောက်လုပ်မည့် သတင်းထွက်ပေါ်လာကတည်းက ဤစီမံကိန်းနှင့်ပတ်သက် ၍ တင်းတင်းမာမာ သဘောထားပါရန် ဆည်တည်ဆောက်မှုကြောင့် ထိခိုက်မည့် ဒေသခံများနှင့်တက်ကြွ လှုပ်ရှားသူများက KIO ကို တိုက်တွန်းခဲ့ကြသည်။ ဆည်အပေါ် KIO ၏ အမြင်သဘောထားသည်လူထုဖိအား ကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း KIO ဥက္ကဋ္ဌ၏ တရုတ်သမ္မတသို့ ပေးစာက ထင်ရှားစွာ ဖော်ပြနေသည်။ စီမံကိန်းကို ပြန်လည်စဉ်းစားပါရန် တိုက်တွန်းထားပြီး `ဒေသခံလူထု၏ စားဝတ်နေရေးကို ရေတိုမဟုတ်ဘဲရေရှည်ထည့် သွင်းစဉ်းစားသင့်သည်ဟု ကျနော်တို့အနေဖြင့် ခံယူပါသည်´ ဟု အဆိုပါ စာတွင်ရေးသားထား သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ဆည်စီမံကိန်းကို ကန့်ကွက်
KIO အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကလည်း ဆည်တည်ဆောက်မှုကို ကန့်ကွက်လိုက်သည်။ မဇ္ဈိမက ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် NLD ကို တည်ထောင်ခဲ့ရာတွင် ပါ၀င်သူတဦးဖြစ်သည့် ဦးဝင်းတင်က သူ့အနေဖြင့်လည်း စီမံကိန်းကြောင့် ပေါ်ထွက်လာမည့် အကျိုးဆက်များကိုစိုးရိမ်ပူပန်ကြောင်း နှင့် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် ဖွတ်ဖွတ်ကြေနေသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး တင်းမာမှုများ တိုးများလာမည်ကိုလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
`ယခုစီမံကိန်းသည် မြန်မာပြည်သူ အများစု၏ ဆန္ဒကို ကိုယ်စားမပြုဘဲ နအဖက ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ကချင်လူထု မရိပ်စားမိမည်ကို ကျနော် စိုးရိမ်သည်´ ဟု သူက ပြောသည်။
CPI နှင့် လက်တွဲလုပ်ဆောင်မည့် အေးရှားဝေါလ် ကုမ္ပဏီမှာ စတီဖင်လောက ချုပ်ကိုင်ထားခြင်းဖြစ်ပြီး၊ ပေါ်ထွက်နေသော သတင်းများအရ ယခုစီမံကိိန်းမှ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဟု ဆိုသည်။ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စတီဖင်လော၏ ဖခင်ဖြစ်သူ လော်စစ်ဟန်မှာ ဘိန်းဘုရင်ဟု သတ်မှတ်ခံရပြီး၊ အမေရိကန်က ငွေကြေးခဝါချမှု လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
သူတို့အနေဖြင့် ဧရာဝတီမြစ်ညာတွင် နောက်ထပ်တည်ဆောက်မည့် ဆည် ၆ ခုကိုလည်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်းနှင့် ယင်းဆည်များနှင့်စပ်လျဉ်း၍ `ဆည်တည်ဆောက်မှုကြောင့် ပေါ်ပေါက်လာမည့်အကျိုး ဆက်များကို သေချာစွာ လေ့လာသုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက်ချပါရန် အေးရှားဝေါလ် ကုမ္ပဏီသို့အကြောင်း ကြားပြီး ဖြစ်ပါသည်´ ဟု KIO မှ ပေးပို့သော စာတွင် ရေးသားထားသည်။ ဆည်စီမံကိန်းများကိုဆက်လက် ဆောင်ရွက်ခြင်း မပြုမီ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို လေ့လာထားသည့် ရလဒ်များကို ကြည့်ရှုလိုကြောင်းလည်း ရေးသားထားသည်။
ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အား အများစု တရုတ်ကို ရောင်းမည်
ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ဆည်အကြီးစား ရ ခုမှ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၆၅၀၀ မဂ္ဂါ၀ပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဂျာနယ်ဖြစ်သည့် Power in Asia ၏ စက်တင်ဘာလထုတ် ဆောင်းပါး တပုဒ်တွင် ရေးသားထားသည်။ ယင်းသည် တရုတ်ပြည်၏ ကြီးမားလှသော မြစ်ကျဉ်း ၃ခုဆည်ကြီး မှ ထုတ်လုပ်လျက်ရှိသည့် ဓာတ်အားပမာဏ ၁၈၂၀၀ ထက် အနည်းငယ်သာလျော့နည်းသည်။ဤ မြစ် ကျဉ်း ၃ ခု ဆည်ကြီးသည် ကမ္ဘာ့အကြီးဆုံး ဆည်ကြီးလည်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ ဆည်များမှ အကျိုးအမြတ်သည် မြန်မာအစိုးရအတွက် ရာခိုင်နှုန်းဖြင့်သာရရှိမည်ဖြစ် သည်။ တရုတ်ပြည်အစိုးရထုတ် `ခွင်းမင် နေ့စဉ်´ ၂၀၀၈ အောက်တိုဘာထုတ် ဆောင်းပါးတပုဒ်တွင်ရေးသား ထားချက်အရ စီမံကိန်း ပြီးဆုံးသွားပါက ထုတ်လုပ်ရရှိသော `လျှပ်စစ်ဓာတ်အားအများစု´ ကို တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
ဆည်စီမံကိန်းနေရာတွင် ဗုံးပေါက်ကွဲ၍ တင်းမာမှု တိုးပွား
မြစ်ဆုံဆည် စီမံကိန်းနေရာ၌ ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အနည်းဆုံး ဗုံး ၁၀ လုံး သီးခြားစီပေါက်ကွဲ ခဲ့သည်။ ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး တရုတ်အလုပ်သမားတဦး သေဆုံးခဲ့ပြီး၊ ယာယီအဆောက်အအုံ အတော်များများပါ ပျက်စီးသွားသည်။ အေးရှားဝေါလ် ကုမ္ပဏီပိုင် မော်တော်ယဉ်များလည်းပျက်စီးသွားခဲ့ သည်။
ထိုသို့ ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်အစိုးရက ဒေသခံလူ ရ၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ အများစုမှာ KIO လူငယ်အဖွဲ့ နှင့် ဆက်စပ်လုပ်ကိုင်နေသည့် ပညာရေး၊ စီးပွားရေး လူငယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဖြစ်ကြသည်။ KIO က ဗုံးပေါက်ကွဲမှုများနှင့် သူတို့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ကာ ထိန်းသိမ်းစစ်ဆေး မေးမြန်းခံနေရသူအများစုမှာ လည်း တဖြည်းဖြည်း ပြန်လွတ်လာခဲ့သည်။
KIO ၏ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ဆည်စီမံကိန်းများ မပြီးနိုင်
CIP နှင့် အေးရှားဝေါလ်က မြစ်ဆုံစီမံကိန်းတွင် ယခင်လုပ်ကိုင်ခဲ့ပြီးသော အလုပ်များ၌ KIOထိန်းချုပ်ဒေသ များသို့ အင်ဂျင်နီယာများနှင့် အခြားဝန်ထမ်းများ စေလွှတ်ခွင့်ရရန် KIO ထံ ခွင့်တောင်းပေးရန်မြန်အာဏာပိုင် များထံ အတိအလင်း ပြောကြားခဲ့ကြောင်းဖြင့် KIO က တရုတ်အစိုးရထံ ပေးပို့သော စာတွင်ထောက်ပြထား သည်။ ဤကိစ္စများကို စစ်အစိုးရပိုင်နက် နယ်မြေတွင် ဖွင့်လှစ်ထားသော KIO ဆက်ဆံရေး ရုံးများမှတဆင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သို့သော် ယခုအခါ KIO နှင့် စစ်အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုများမှာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်။
စစ်အစိုးရ ထိန်းချုပ်ထားသော နယ်မြေများ သို့မဟုတ် KIO က တစိတ်တပိုင်း ထိန်းချုပ်ထားသော ဒေသများ၊ ကချင်ပြည်နယ်၊ အိမ်နီးချင်း ရှမ်းပြည်နယ် နေရာအချို့တွင် ဖွင့်လှစ်ထားသော KIO ဆက်ဆံရေး ရုံးအများစုကို ပိတ်ပစ်ရန် စစ်အစိုးရက ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် အမိန့်ပေးခဲ့သည်။ ဤဆက်ဆံရေးရုံးများကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်းအဖြစ် ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ဆက်သွယ်ရေးလမ်း ကြောင်း ချောမွေ့စေရန်နှင့် အပစ်အခတ်ရပ်စဲရေး တည်မြဲစေရန် ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
`မလိခ-အင်မိုင်ခ ဆည်စီမံကိန်း အထက်ပိုင်းသည် KIO ၏ စစ်ဗဟိုဌာနချုပ်များ တည်ရှိရာဖြစ်သည်´ ဟု အဆိုပါစာတွင် သတိပေးထားသည်။ ဒေသတွင်း အချက်အချာကျသည့် နေရာများဖြစ်ပြီး၊ကချင်ပြည်သူများ အတွက် အရေးကြီးသော နေရာများလည်း ဖြစ်သဖြင့် KIO အနေဖြင့် စစ်မတိုက်ဘဲအဆိုပါနေရာများကို အလွယ် တကူ စွန့်လွှတ်မည့် အလားအလာ မရှိပါ။