ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ပသတင်းဌာနတခုတွင် သတင်းထုတ်လွှင့်ချက်တွင် ပါသွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ရုပ်မြင်သံကြားရိုက်ကူးခွင့် ပိတ်ပင်လိုက်သည်။
ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး တွင် အင်္ဂါနေ့ညနေ ၅ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံပိုင် ရုပ်မြင် သံကြား MRTV4 က ရိုက်ကူးရန်ဟန်ပြင် စဉ် တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက တားမြစ်လိုက်သည်။
“ကျေးဇူးပြုပြီးကျနော်တို့ဗီဒီယိုရိုက်ကူးခြင်းကို တော့ မေတ္တာရပ်ခံထားပါတယ်။ ဓာတ်ပုံ သတင်း အနေနဲ့ပဲ ရိုက်လို့ရပါတယ်” ဟု ဦးခင်မောင်ထွန်းက ဟန့်တားလိုက်သည်။
မေလ ၁ဝ ရက်နေ့က ပထမဆုံးပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအကြောင်း ပြည်ပရုပ်သံလိုင်းတခုတွင် ပါသွားသည့်သတင်းကြောင့် တားမြစ်ကြောင်း ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောသည်။
နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) တွင် ထုတ်လွှင့်သွားခဲ့ခြင်းကိုရည်ညွှန်းခြင်းဖြစ် သည်ဟု သူက ထပ်ပြောသည်။
ဝန်ကြီးဌာန ၆ ခုကိုကိုင်သော ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းတို့ ၂ ဦး မီဒီယာများနှင့် အပတ်စဉ်တွေ့ဆုံသွားမည်ဟု ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ပြောခဲ့သော်လည်း လာမည့်အပတ်တွင် နားမည်ဖြစ်ကြောင်း၊ ပြုလုပ်မည့်ရက်ကို ထပ်မံ အကြောင်းကြားမည်ဖြစ်ကြောင်း ဦးခင်မောင်ထွန်းက ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ထို့ပြင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရာတွင် အဝတ်အစားဝတ်ဆင်မှုအပေါ် အစိုးရအဖွဲ့က စည်းကမ်းချမှတ်လိုက်သည်။
“ ဝတ်စားဆင်ယင်မှုကို မေတ္တာရပ်ခံပါတယ်၊ကျွန်တော်တို့က အခမ်းအနားကြီးတခု မဟုတ်သော်လည်း ကျွန်တော်တို့ဒီမှာ ဆောင်ရွက်နေကြတဲ့ နေရာအနေအထားအရ သင့်တင့်လျောက်ပတ်တဲ့ဝတ်စားဆင်ယင်မှု ကို ဝတ်ဆင်ပေးကြဖို့ သတင်းစာဂျာနယ်များကို မေတ္တာရပ်ခံပါတယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။
သို့သော် မည်သို့ဝတ်ဆင်ရမည်ကို အသေးစိတ်မှာကြားမသွားပါ။ ပါလီမန်ခေတ်လွှတ်တော်အစည်းအဝေး များတွင် သတင်းထောက်များ အပေါ်အင်္ကျ ီတိုက်ပုံဝတ်ရပြီး ၁၉၃၈ က နန်းရင်းဝန်ဒေါက်တာဘမော်၏ သတင်းစာရှင်းလင်းပွဲကို သူရိယသတင်းထောက် ဘောင်းဘီတို အကျႌလက်ပြတ်နှင့်တက်၍ ပြည်ထဲရေး ဝန်ကြီးချုပ် ဆာပေါ်ထွန်းက လွှတ်တော်တွင် ကန့်ကွက်ခဲ့ဘူးသည်။