နယူးဒေလီ (မဇ္စျိမ) ။ ။ရခိုင်ပြည်နယ်ကျောက်ဖြူ အနီးတွင်ရေနံပိုက်လိုင်းဆောက်ရန်သန္တာကျောက် တန်း များကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲနေ၍ဒေသခံ ပြည်သူများ၏ ရေလုပ်ငန်းများထိခိုက်နေကြောင်း ရခိုင်တိုင်းရင်းသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP က ပြောဆိုလိုက်သည်။
ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်သို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ တစိတ်တပိုင်း ဖြစ်သော ရေအောက်ပိုက်လိုင်းတည်ဆောက်ရေးအတွက် သန္တာကျောက်တန်းများကိုဒိုင်းနမိုက်သုံးဖျက်ဆီး ပစ်သည်ဟု ဆိုသည်။
ဖြိုခွဲခံရသည့် သန္တာကျောက်တန်းများမှာ ကျောက်ဖြူ မြောက်ဘက် ၃ မိုင်ခန့်အကွာ အုန်းခေါင်းပေါင်းလည် ကျောက်တန်းနှင့် နတ်ကျောက်တန်းတို့ဖြစ်ပြီး ကျောက်တန်းတခုလျှင် တမိုင်ကျော်ခန့် ရှည်လျားသည်။
“ဒေသခံတွေအတွက် ဒီကြမ်းပြင်မှာ မှီခိုနေတဲ့ ငါးတွေကို ဖမ်းဆီး အသက်မွေးကြတယ်။ ဒီ ပင်လယ်ကြမ်းပြင် ပျက်စီးတဲ့အခါ ငါးတွေလည်း မရှိတော့ဘူးပေါ့။ ငါးတွေမရှိရင် ဒေသခံတွေအတွက် ငါးဖမ်းခွင့် ဆုံးရှုံးတာပေါ့” ဟု ကျောက်ဖြူ RNDP ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က မဇ္စျိမကို ပြောသည်။
နိုင်ငံခြားကုမ္ပဏီတခုက သဘောင်္ပေါ်မှ ကျောက်ခွဲကိရိယာဖြင့် ခွဲသလို ရေအောက်မိုင်းများဖြင့်လည်းခွဲနေသည် ဟုသိရသည်။
“အဲဒီသန္တာကျောက်တန်းကို မှီခိုပြီး ကျမတို့ရွာက တံငါလုပ်ငန်းနဲ့ အသက်မွေးရတယ်ပေါ့။ ပိုက်တန်းချတယ်။
နောက်တခုက အဲဒီသန္တာကျောက်တန်းကို ကျော်လွန်ပြီးတော့ ကျမတို့ သွားလို့မရဘူး။ ဘာလို့ဆိုတော့ ကျမတို့ဒေသက လှိုင်းတွေလေတွေ တအားကြီးတယ်လေ။ အဲဒိနေရာကို ဘယ်သူမှကျော်ပြီးတော့ ငါးရှာလို့ မရဘူး။ အခု ကျောက်တန်းကို ဖြိုလိုက်တော့ ကျမတို့ဒေသခံတွေ ဘာမှလုပ်လို့ မရတော့ဘူး” ဟု အုန်းခေါင်း ပေါင်းလည် ကျောက်တန်းနှင့် တဖာလုံခန့် ကွာသည့် ကုန်းချိန်ရွာသူတဦးက ဆိုသည်။
ကုန်းချိန်ရွာသူက ဆက်ပြီး “မိုင်းခွဲနေတာ။ အဲဒီနေရာမှာ သင်္ဘောနှစ်စီး ဆိုက်ထားတာတော့ တွေ့တယ်။ နောက်ပြီးရင် အဲဒီမှာ မြေကြီးတွေ ကုတ်ပြီးယူတဲ့ဟာနဲ့ လုပ်တယ်။ တကယ်လို့ သူတို့က အဲဒိမြေကြီးတွေကို ကလော်လို့ရရင် အဲဒါနဲ့ကော်တယ်။ တကယ်လို့ ကော်လို့ မရတဲ့ဟာတွေကျ မိုင်းခွဲပြီး သန္တာကျောက်တန်းကြီးကို ဖြိုနေတာ” ဟု ဆိုသည်။
ဖြိုဖျက်ခံရသည့် သန္တာကျောက်တန်းနှင့် အနီးဆုံးမှာ ခမရ ၅၄၂ ခြေမြန်တပ်ရင်းဖြစ်သည်။
ဒိုင်းနမိုက်ခွဲမှုကို မျက်မြင်မတွေ့ရသော်လည်း ကျောက်တန်းနေရာများ၌ ပင်လယ်အောက် မြေကြီးသယ်ယူမှု တွေ ရှိနေသည်ဟု RNDP က ပြောသည်။
“အဲဒီ့လမ်းကြောင်းကို ပိုက်သွယ်မယ့် ရေနံ တူးမယ့်နေရာအထိ ပိုက်တပ်မယ့်နေရာ လမ်းကြောင်း ရှင်းတယ်လို့ အန်ကယ်တို့ နားလည်တယ်။ အဲဒီလို ရှင်းတဲ့အခါ သင်္ဘောကြီးနှစ်စီး။ တစီးက ဂေါ်ပြားတွေနဲ့ ကော်တယ်။
ကော်ပြီးတော့ မြေကြီးတွေကို၊ ရွှံ့နွံတွေပေါ့။ ရွှံ့နွံတွေ၊ ကျောက်တုံး အသေးအမွှားတွေ အဲဒါတွေကော်လိုက် တယ်။ ရတဲ့ဟာကို နောက်သင်္ဘောတစီးနဲ့ သယ်။ သယ်ပြီးတော့ တနေရာမှာ သွားပြီးတော့ သွန်ချလိုက်တယ်။ အဲဒီလို လမ်းကြောင်းတွေကို လုပ်နေတယ်” ဟု ဒေသခံ ပြည်သူများထံ သွားရောက်မေးမြန်းခဲ့သူ ဦးဘရှိန်က မဇ္စျိမကို ပြောသည်။
ကျောက်ဖြူနှင့် ယူနန်သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ရ၇၁ ကီလိုမီတာ ရှည်လျားပြီး ရခိုင်ပြည်နယ်၊ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမည်ဖြစ်ကာ ၂ဝ၁၃ တွင် အပြီး တည်ဆောက်မည် ဖြစ်သည်။
ဖောက်ခွဲမှုကြောင့် သန္တာကျောက်တန်းများကို အခြေပြု၍ ငါးလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျောက်ဖြူ၊ ကသင်းကျွန်း၊ မြေညီကျွန်းအပါအဝင် အနီးတဝိုက်ကျွန်းများရှိ ဒေသခံများ၏ ငါးဖမ်းများလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ်များပါ ရှိလာနိုင်ကြောင်း သိရသည်။
“အရင်တုန်းကဆိုရင် အဲဒိသန္တာကျောက်တန်းကြီးက ကွယ်ထားတယ်ဆိုတော့ လှိုင်းတွေ လေတွေက ရွာထဲကို တိုက်ရိုက်မရောက်ဘူးလေ။ အခု ဖြိုလိုက်တော့ ရေတွေ စီးလာတာတို့ ဘာတို့ ရှိတယ်။ တခုလုံး ပြိုပျက်သွားမယ်ဆိုရင်တော့ တော်တော်လေးဆိုးဝါးမယ့် အခြေအနေ ရောက်မယ်။ အခု အဲဒီ့သန္တာကျောက်တန်းရဲ့ သုံးပုံတပုံ ပျောက်ပျက်သွားပါပြီ” ဟု ကုန်းချိန်ရွာသူက မဇ္စျိမကို ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်ကမူ “သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာအရလည်း ဘင်္ဂလားပင်လယ်အော်နှင့် ကျောက်ဖြူ လေကြောင်း သင့်နေလို့ အဲဒိကျောက်တောင်တွေ မရှိရင် လှိုင်းတံပိုးတွေ တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ အနေအထား ရှိတယ်။ နောက် ကမ်းပါးတိုက်စားမှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်။ တခြား ပင်လယ်ရေ မျက်နှာပြင်မှာ ကျနော်တို့ မသိနိုင်တဲ့ အကျိုးဆက်တွေလည်း ဖြစ်ပေါ်လာနိုင်တာပေါ့” ဟု ဆိုသည်။
အဆိုပါပိုက်လိုင်းမှာ ဒေဝူးအင်တာနေရှင်နယ်ကုမ္ဗဏီ၏ ကမ်းလွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များနှင့် အာဖရိကနိုင်ငံများမှ တင်ပို့လာမည့် ရေနံများကို ကျောက်ဖြူမှ တဆင့် တရုတ်ပြည်သို့ တင်ပို့ရန် တည်ဆောက်နေခြင်း ဖြစ်သည်။
ကမ်းလွန်လုပ်ကွက်မှ ကျောက်ဖြူအထိ ရေအောက်ပိုက်လိုင်းအရှည် မိုင် ၃ဝ ခန့်ရှိပြီး ပိုက်လိုင်းလုံခြံုရေး အတွက် ကန့်သတ်မှုများ ရှိလာနိုင်သည်ဟုလည်း သိရသည်။
“ကျောက်ဖြူကို ရေနံတွင်း၊ ဓာတ်ငွေ့တွင်းက တက်လာမယ့်လမ်းကြောင်းဟာ ပင်လယ်ကြမ်းပြင်မှာ အနည်း ဆုံး ၂၅ မိုင်၊ မိုင် ၃ဝ လောက် ရှိမယ်။ ဒီ ၂၅ မိုင်၊ မိုင် ၃ဝ ဆိုတာ ဧရိယာ တော်တော်လေး ကျယ်တယ်။ ဒီဧရိယာရဲ့ ဘယ်ဘက်မှာ၊ ညာဘက်မှာ၊ အရှေ့မှာ၊ အနောက်မှာ၊ တောင်မှာ၊ မြောက်မှာ ဘယ်လောက်ထိခိုက်ပြီးတော့ ငါးဖမ်းခွင့်တွေ ဘယ်လောက်ဆုံးရှုံးမယ်။ နောက် ငါးဖမ်းခွင့်တွေ ဘယ်လောက်ထိ ကန့်သတ်ခံရမယ်၊ အတားအဆီးခံရမယ်” ဟု ဦးဘရှိန်က ပြောသည်။
သူက ဆက်ပြီး “ပြည်ထောင်စုအဆင့်ရှိတဲ့ လွှတ်တော်တွေမှာ အခွင့်အခါသာရင် ဒီအကြောင်းအရာတွေကို တင်ပြပြောဆိုမယ်။ နောက်တခါ လွှတ်တော်ပြင်ပမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လူကြီးတွေနဲ့ တရားဝင် စာနဲ့ပေနဲ့ ရေးလို့ပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ချင်းပဲဖြစ်ဖြစ် အန်ကယ်တို့က အကျိုးရှိရာအကျိုးရှိကြောင်းကိုတော့ အခွင့်အခါ ကြံုရင် ပြောပြရမှာပေါ့” ဟု မဇ္စျိမကို ပြောသည်။