ချင်းမိုင် (မဇ္ဈိမ) ။ ။ ခွေးရူးများလာခြင်းကြောင့် ခွေးမွေးသူများ မိမိတို့ ခွေးများကို ကာကွယ်ဆေးထိုး ပေးထားသင့်ကြောင်း နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ အရာရှိတဦးကတိုက်တွန်း သည်။
“ တကောင်နဲ့တကောင် ကိုက်ကြခိုက်ကြတော့ ကူးတာပဲလေ၊ ကိန်းဂဏန်းတော့ မသိဘူး၊ ကျနော်တို့မှာ အဲဒီလိုမျိုး ကိန်းဂဏန်းစာရင်း မရှိဘူး၊ ဘယ်သူမှလည်းဒါကို အတိအကျ မသိကြဘူး၊ လူတွေကအသိ မရှိတော့ မထိုးကြဘူးပေါ့ဗျာ၊ ပိုက်ဆံရှိတဲ့လူရဲ့ ခွေးလောက်ပဲထိုးကြတယ်၊မရှိဆင်းရဲသား ခွေးကတော့ မထိုးကြဘူးလေ၊ ဖြစ်မှသာ အရပ်ထဲ ခွေးရူးခွေးရူးနဲ့ လိုက်အော်ပြီး ရိုက်သတ်လိုက်ကြတာပဲ၊အဲဒါလေးကို လည်း ကျနော်တို့က ပညာပေးချင်တယ်” ဟု အမည်မဖော်ရန် မေတ္တာရပ်ခံကာ သူက ပြောသည်။
ကိန်းဂဏန်းအတိအကျ မသိရသော်လည်း ခွေးရူးရောဂါအဖြစ်များနေပြီး ခွေးများကို ကာကွယ်ဆေးထိုးရန် လူထုမှ လိုလို လားလားမရှိခြင်းကြောင့် ပညာပေးရသည်ဟု ဆိုသည်။
“ ခွေးမွေးတဲ့နေရာ ခွေးရှိတဲ့နေရာတိုင်းမှာ ခွေးရူးရောဂါ အဖြစ်များတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းကလို လက်ပံပွင့်ချိန် ခွေးရူးချိန်မဟုတ်တော့ဘူး၊ အခုဟာက ရာသီတွေက ပြောင်းနေတော့ ဖြစ်ချင်တဲ့အချိန် ထဖြစ်ပါတယ်၊ ဖြစ်တတ်တဲ့ဟာတွေကို လူတွေကို အသိပညာပေးနေရတာ ခွေးရှိလို့ရှိရင်ခွေးကို ခွေးရူး ကာကွယ်ဆေး ထိုးကြပါ၊ တကယ်လို့ ကိုက်မိပြီဆိုရင် ခွေးရူးပဲဖြစ်ဖြစ် ခွေးကောင်းပဲဖြစ်ဖြစ် သံသယ ဖြစ်လို့ပဲဖြစ်ဖြစ် ခွေးကိုက်ရင် လူပါ ကာကွယ်ဆေးထိုးထားရမယ်။ အဲဒါမှသေချာမယ်” ဟု အထက်ပါ အရာရှိက မဇ္ဈိမကို ပြောသည်။
စည်ပင်အနေဖြင့် ခွေးမွေးသူများကို ခွေးမှတ်ပုံတင် လုပ်ပေးသင့်ပြီး စနစ်တကျ မွေးမြူသင့်သော်လည်း မြန်မာနိုင်ငံတွင် ထိုစနစ် မသုံးသေးဟု သူကဆက်ပြောသည်။
“ခွေးမွေးလို့ရှိရင် ခွေးမှတ်ပုံတင်လုပ် ၊ သက်ဆိုင်ရာဆရာဝန်က ဆေးထိုး၊ သူ့ဆီက ထောက်ခံချက်ကို ယူထားရတယ်၊ အိမ်မွေးတိရစ္ဆာန်တွေက ပိုဆိုးတယ်၊ ကျနော်တို့ဆီမှာက နားမလည်တော့ မသုံးကြဘူးဗျ၊ အဲဒါကတော့ စည်ပင်က လုပ်ရလိမ့်မယ်” ဟု သူကပြောသည်။
ခွေးလေခွေးလွင့် သုတ်သင်ရေးနှင့်ပတ်သက်၍ နေပြည်တော်စည်ပင်က ဆောင်ရွက်ပေးနေကြောင်း တိရစ္ဆာန် ဆေးကုသရေးနှင့် သားသတ်ဌာန တာဝန်ရှိသူ ဗိုလ်ကြီး ခိုင်စိုးလှက မဇ္စျိမကိုပြောသည်။
“ခွေးလေခွေးလွင့်တွေကို ကျနော်တို့ဘက်ကတော့ လစဉ်ပုံမှန် သုတ်သင်ရှင်းလင်းပေးတာတွေ လုပ်ပါတယ်။ ပျက်ကွက်ခဲ့တာ မရှိပါဘူး”
ခွေးတကောင်ကို ၂၅ဝဝ ကျပ် ဖြင့် မွေးမြူရေးနှင့် ကုသရေး ဌာနမှကာကွယ်ဆေးထိုးပေးနေ သည်။ လူများအတွက် ကာကွယ်ဆေးမှာတလုံး ကို အပြင်ဆေးခန်းများတွင် ကျပ်တသောင်းခွဲ ခန့် ကုန်ကျပြီး စုစုပေါင်း ၄ လုံးထိုးရသဖြင့် ကာကွယ်ဆေးတခါထိုးလျှင်ကျပ် ခြောက်သောင်း ခန့် ကုန်ကျမည် ဖြစ်သည်။
လူများအတွက် ခွေးရူးကာကွယ်ဆေးမှာအစိုးရ ဆေးရုံများတွင်ဆေးသိုလှောင်စနစ်မကောင်း ခြင်းကြောင့် ကောင်းမွန်အစွမ်းထက်သည့် ကာကွယ်ဆေးမရနိုင်ကြောင်း နေပြည်တော် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှဦးစီးအရာရှိ က ဆိုသည်။
“လူဆိုရင်တော့ ကာကွယ်ဆေးထိုးရင် ၄ လုံးထိုးရမှာ၊ သူကတော့ တလုံးကို တသောင်းခွဲပေးရတယ်၊ အစိုးရဆေးရုံကတော့ အဲဒီလောက်ကောင်းတာ မရနိုင်ဘူးဗျ၊ အပြင်မှာကျတော့ကောင်းကောင်းထား တယ်၊ ကောင်းကောင်းမွန်မွန် ဆေးသုံးတယ်” ဟုသူက မဇ္ဈိမကို ပြောသည်။
ခွေးရူးအကိုက်ခံရသည့် လူကို ကာကွယ်ကုသရန် ဆေးမရှိဘဲ သေရန် ၉၅ ရာခိုင်နှုန်းရှိသည်။ ခွေးရူး ရောဂါလက္ခဏာမှာ ရေကြောက်ခြင်း၊ ပါးစပ်မှ သွားရည်များကျခြင်း၊ အမြီးကုတ်ခြင်း၊ စိတ်ရိုင်းဝင်ခြင်း၊ ယားယံသည့် လက္ခဏာများပြသခြင်း စသည်တို့ဖြစ်သည်။ ခွေးရူးကိုက်ခံရပြီး ရောဂါ ကူးစက်ခံရသော လူလည်း ထိုလက္ခဏာအတိုင်းဖြစ်တတ်ကြောင်း အထက်ပါ အရာရှိကဆိုသည်။ ရောဂါလက္ခဏာသည် ခွေးရူးကိုက်ခံရအပြီး ၂ လနှင့် ၃ လ အကြာတွင် ဖြစ်ပေါ်တတ်သည်။