ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စ နမ်ဘီးယားနှင့်ဆွေးနွေးမည်

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စ နမ်ဘီးယားနှင့်ဆွေးနွေးမည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာပြည် လာချိန်၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးအတွက် အဓိကထား ဆွေးနွေးသွားမည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အင်္ဂါနေ့ က ပြောဆိုလိုက်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဖွယ်ရှိသော ကုလအထူးကိုယ်စားလှယ်ခရီးစဉ် အတွင်း သောကြာနေ့တွင် ရန်ကုန် ကုလသမဂ္ဂရုံးတွင် တွေ့ဆုံရန် SNDP အပါအဝင် နိုင်ငံရေးပါတီအချို့ကို ဖိတ်ကြားထားသည်။
nangpiyar
“နံပါတ် ၁ ကတော့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ နံပါတ် ၂ က ဒီ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေါ့” ဟု SNDP ဘဏ္ဍာရေးမှူးတဖြစ်လဲ သံတမန်ဆက်သွယ်ရေး တာဝန်ခံ စောသန်းမြင့်က မဇ္စျိမကို ပြောသည်။

“လောလောဆယ် ကျနော်တို့ ပြည်နယ်မှာ မငြိမ်းချမ်းဘူး ဖြစ်နေတယ်ခင်ဗျ။ ကျနော်တို့ ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီးတော့ ဆွေးနွေးမှာ ခင်ဗျ။  ဒါက တနိုင်ငံလုံးနဲ့လည်း အကျုံးဝင်သွားတာပေါ့ဗျာ။ ပြည်သူ လူထုအားလုံးရဲ့ အကျိုးဖြစ်ထွန်းမှုဆိုရင် ကျနော်တို့က ပြည်တွင်းမှာ ငြိမ်းချမ်းရေးရမှ ဖြစ်မယ်လေ” ဟု သူက ထပ်ပြောသည်။

တွေ့ဆုံမှုတွင် ပါတီဗဟိုကော်မတီဝင်တဦးနှင့် ပါတီမှ လွှတ်တော်အမတ် တဦးကို ဖိတ်ကြားထားပြီး မကြာသေးမီက ဥရောပသမဂ္ဂသို့ ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် အိတ်ဖွင့်ပေးစာ ပို့ခဲ့သည့် ၁ဝ ပါတီကို အဓိကထား ဖိတ်ကြောင်း သူ၏ အဆိုအရ သိရသည်။

ဗုဒ္ဓဟူးနေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် မစ္စတာ နမ်ဘီးယား တွေ့ဆုံသွား မည်ဟုလည်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် နမ်ဘီးယား လာတွေ့မည်ဆိုပါက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကိုသာ အဓိကထား တောင်းဆိုသွားမည်ဟု သိရသည်။

“ကျနော်တို့အတွက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးသင့်ပါတယ်လို့ ပြောမှာပါ။ချွင်းချက် မရှိ ချက်ချင်းလွှတ်ပေးသင့်တယ်လို့ ပြောမှာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေလည်း အမြန်ဆုံး ရပ်တန့်အောင် လုပ်ပါ။ ကုလသမဂ္ဂက တတ်နိုင်သလောက် ကူညီပါ။ အဲဒါမှလည်းပဲ ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးပြေလည်မှုရမယ်” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ် တက်လာပြီဖြစ်သော်လည်း တစုံတရာ ပြောင်းလဲမှု မတွေ့ရသေးကြောင်း၊ ယခုကဲ့သို့ ကုလအထူးကိုယ်စားလှယ် လာရောက်ရာတွင် ပြောင်းလဲမှုဖြစ်ပေါ်လာရန် တိုက်တွန်းသွားမည်ဖြစ် ကြောင်း သူက ဆက်ပြောသည်။

“နိုင်ငံရေး ပြေလည်မှုရမှ စီးပွားရေးတိုးတက်မှု ရမယ်။ စီးပွားရေးတိုးတက်မှုရမှ ပြည်သူလူထု ကြံုတွေ့ နေရတဲ့ ဒုက္ခတွေ ပြေငြိမ်းသွားမှာပါဆိုတဲ့အကြောင်းလည်း ကျနော်တို့ဘက်က အရင်တခါ ပြောဖူးပါတယ်။ အခုလည်းပဲ ကုလသမဂ္ဂက ဒီကိစ္စကို ဝင်ရောက်ဆောင်ရွက်ပေးပါလို့ ပြောမှာပါ”

အိန္ဒိယနွယ်ဖွား မစ္စတာ နမ်ဘီးယားမှာ ဝါရင့်သံတမန်တဦးဖြစ်ပြီး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သည်။

ယခုတခေါက် အထူးကိုယ်စားလှယ် ခရီးစဉ်၌ အစိုးရကို နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးအတွက် တိုက်တွန်းသွားနိုင်ပြီး အားလုံးပါဝင်သည့် နိုင်ငံရေးပြောင်းလဲမှုဖြစ်ပေါ်ရန်လည်း ပြောဆိိုနိုင်ကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) က သုံးသပ်သည်။

“ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာက တခြား နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ သူတို့ အမြဲတမ်းပြောနေတာပေါ့နော်။ အခုက လက်နက်ကိုင် အင်အားစုတွေ၊
 ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါဝင်တဲ့ အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဖြစ်ရေးဆိုတာ ကိုလည်း ပြောတယ်။ တပြိုင်ထဲမှာပဲ ခုနကပြောသလို စီးပွားရေးအရ၊ တခြားပုံစံတွေ ဖွံ့ဖြိုးရေးအရပူးပေါင်း ဆောင်ရွက်မှုတွေလည်း လုပ်မယ် ပြောတယ်။ သူတို့ တောက်လျှောက်ပြောနေတဲ့ ပေါ်လစီပဲဆက်ပြောသွား မယ် ထင်ပါတယ်” ဟု FDB  အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က ပြောဆိုသည်။

မြန်မာ့အရေးနှင့့်ပတ်သက်၍ ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များမှာ ထိရောက်မှုနည်းပါးကြောင်းနှင့်ယခုထက်ပို  ၍ နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံရန် လိုအပ်နေကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

“အတိုက်အခံအင်အားစုတွေကလည်း ဘာတွေလိုချင်သလဲ၊ ဒီစစ်အစိုးရဘက်ကလည်း ဘာတွေလိုချင်သလဲ၊ ဒီကြားထဲမှာ ဘယ်လိုပြေလည်အောင်လုပ်မလဲ ဆိုတဲ့ဟာမျိုးတွေကို တွန်းတွန်းတိုက်တိုက်နဲ့ လုပ်ပေးနေရင် ကောင်းတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ဒီလိုမျိုးပဲ သွားလို့ရတဲ့အချိန်မှာ သွားလိုက်၊ တခြားသူတွေကတခုခုများ ဖြစ်မလားလို့ မျှော်လင့်ရတာမျိုးတွေ ဖြစ်လိုက် ဆိုတာမျိုးကတော့ ကျနော်တို့ အလုပ်မဖြစ်ဘူး။ တကယ်တမ်း အလုပ်ဖြစ်ချင်ရင် လွန်းပျံသံတမန်လှုပ်ရှားမှု လိုတယ်။ နောက်အဓိကကျတဲ့ နိုင်ငံ အင်အားစုတွေနဲ့အမြဲတမ်း ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာဖို့ လိုတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

NLD အနေဖြင့် မစ္စတာ နမ်ဘီးယားနှင့် တွေ့ဆုံရာ၌ အကျဉ်းသား လွတ်မြောက်ရေးအတွက် ပြောဆိုသွားမည်  ဖြစ်သော်လည်း တိုးတက်မှုရှိရန် မရေရာသေးဟု သုံးသပ်သည်။

“အဲဒီ့ကိစ္စက အရင့်အရင် ကုလသမဂ္ဂကိုယ်စားလှယ်တွေလာတုန်းက ဘာမှ မထူးပါဘူးခင်ဗျ။ ခါတိုင်း သူ့မတိုိင်ခင် ကိုယ်စားလှယ်တွေလည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အရင်တခေါက်လည်း မစ္စတာ နမ်ဘီးယား လာပြီးသွားပါပြီ။ အဲဒီ့လာခဲ့တဲ့ အတွေ့အကြံုနဲ့ ရလဒ်ကို ချိန်ကြည့်မယ်ဆိုရင် အခုထက်ထိတော့တိုးတက်မှုက တော့ မရသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ကြိုပြောလို့ မကောင်းဘူးပေါ့ဗျာ” ဟု ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

မစ္စတာနမ်ဘီးယားအနေဖြင့် ၂ဝ၁ဝ နိုဝင်ဘာက မြန်မာနိုင်ငံသို့ ပထမဦးဆုံး ၂ ရက်ကြာ လာခဲ့ဖူးပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုတွင် NLD အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့သည်။

Most read this week