ချင်းမိုင် (မဇ္စျိမ) ။ ။ မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်စွပ်စွဲကာ လူငယ်စာရေးဆရာ ဝေမှူးသွင် ကို မူးယစ်အထူးတပ်ဖွဲ့က ရန်ကုန် သင်္ကန်းကျွန်း နေအိမ်မှ မေလ ရ ရက်နေ့တွင် ဖမ်းဆီးသွား ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။
ကျောက်တံတားမှ ၂၈ နှစ်အရွယ် ကိုရဲဇာနည်နှင့် ၄ဝ ကျော်အရွယ် အာရာဖတ် (ခ) ကိုဇော်လင်း ကို WY ခေါ် ရာမစိတ်ကြွဆေး ၉ လုံးနှင့်အတူ ဖမ်းဆီးပြီးနောက် ကွင်းဆက်အရဆိုကာ ဝေမှူးသွင် (ခ) ကောင်းထက်ပါ ဖမ်းဆီးခံရခြင်းဟု ရဲဘက်က ပြောကြောင်း အမည်မဖော်လိုသူ မိတ်ဆွေတဦးက ပြောသည်။
ကိုရဲဇာနည်နှင့် အာရာဖတ် (ခ) ကိုဇော်လင်းသည်ဗီဒီယိုကြော်ငြာ ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည်။ အားလုံးကို အင်းစိန်ထောင်တွင် ချုပ်ထားသည်ဟု အခြားမိတ်ဆွေ တဦးကလည်းပြောသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅/၅၆ (ဂ) နှင့် အရေးယူထားသည်ဟု ဆိုသည်။
၃၃ နှစ်အရွယ် ဝေမှူးသွင်မှာ ကဗျာနှင့် လုံးချင်းဝတ္ထု အုပ်ရေ ၄၅ အုပ်မြောက် ရေးသားပြီးကြောင်း သူ၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။
“သူက နိုင်ငံရေးနဲ့ မပတ်သက်ဘူးဗျာ။ သူက ၈၈ မျိုးဆက်လည်း မဟုတ်ဘူး။ နောက်ပြီးတော့ Signature campaign နဲ့လည်း ဘာမှ မပတ်သက်ဘူး။ သတင်းအမှားတွေ တက်ပြီးတော့ ကျနော်တို့ ၈၈ကျောင်းသား သိက္ခာကျမှာ စိုးလို့နော်” ဟု လက်ရှိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု၌ ဦးဆောင်ပါဝင်နေသူတဦးက ပြောသည်။
ကိုဝေမှူးသွင် အတွင်းရေးမှူး လုပ်ခဲ့သည့် မြန်မာ့ဒီမိုကရေစီ ကွန်ဂရက်ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့သော်လည်း ပါတီဝင် ၁,ဝဝဝ မပြည့်သဖြင့် ဖျက်သိမ်းခံရသည်။