ပြည်တော်ပြန်မယ်ဆိုလို့ မြန်မာလုပ်သား နှစ်ဦးကို မလေးရဲ ဖမ်းဆီး

ပြည်တော်ပြန်မယ်ဆိုလို့ မြန်မာလုပ်သား နှစ်ဦးကို မလေးရဲ ဖမ်းဆီး
by -
အောင်မြတ်စိုး

ဘန်ကောက် (မဇ္စျိမ) ။     ။ အိမ်ခန်းသစ် ငှားမ ပေးပါက မြန်မာပြည်ပြန်မည်ဟုဆိုသော မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် Senai Jaya ရှိ Robehလျှပ်စစ် ပစ္စည်း စက်ရုံမှ မြန်မာလုပ်သား နှစ်ဦးကို ရဲက ကြာသပတေးနေ့ ညနေတွင် ဖမ်းဆီးသွားသည်။

အလျား ပေ ၅ဝ၊ အနံ ပေ ၃ဝ ခန့်ရှိ ဟောခန်း၌ မြန်မာ ၂၄ ဦး နေခိုင်းကာ မီးဖိုချောင်ပါ သီးသန့်မရှိသဖြင့် အခန်းသစ် ငှားမပေးလျှင် မြန်မာပြည်ပြန်မည့်အကြောင်း အလုပ်သမားများက စက်ရုံမန်နေဂျာထံ မနက်ပိုင်းတွင် တောင်းဆိုပြီးနောက် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။

“မင်းတို့ မြန်မာပြည်ပြန်မှာလား၊ အလုပ်မလုပ်တော့ဘူးလားဆိုတော့ ဟုတ်တယ်၊ ပြန်မယ်၊ မလုပ်တော့ဘူးလို့ ကျနော်တို့ ပြောတယ်။ ၆ နာရီခွဲလောက်ကျတော့ စကားပြောတတ်တဲ့ လူနှစ်ယောက်ကို နာမည်မေးတယ်၊ ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ ခေါ်သွားတယ်။ ဘာမှကို မပြောတော့ဘူး” ဟု လာရောက်ဖမ်းဆီးပုံကို Robeh စက်ရုံ အလုပ်သမား ကိုမျိုးမြင့်လှိုင်က မဇ္စျိမကို ပြောသည်။

အခန်းတွင်း ချက်ပြုတ်စားသောက်ကြရာ အနံ့အသက်များ ဆိုးရွားသဖြင့် ကျန်းမာရေးအတွက် လူခွဲနေနိုင်ရန် အခန်းငှားပေးရန် ယခင်ကတည်းက တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“ကျနော်တို့ပြောတော့ ဟိုနေ့လုပ်ပေးမယ် ဒီနေ့လုပ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ မလုပ်ပေးဘူး။ စိတ်ညစ်လွန်းတော့ အလုပ် မလုပ်ချင်တော့ဘူး၊ ကျန်းမာရေးကလည်း သိပ်မကောင်းကြတော့ဘူး။ ညှော်စော်တွေက တောက်လျှောက် နံလို့လေ” ဟု နောက်ထပ် မြန်မာလုပ်သားတဦးက မဇ္စျိမကို ပြောပြသည်။

ကိုမျိုးမြင့်လှိုင်ကလည်း “နောက်ထပ် အိမ်ခန်းတခန်း ငှားပေးဖို့။ တခန်းထဲနဲ့ လူအများကြီး ထားတယ်ဗျာ။ ၂၄ ယောက် ထားတယ်။ အရင်က ၂၂ ယောက် ရှိတယ်။ တောင်းဆိုမှုပြုတာက လူသစ်နှစ်ယောက်ကို မထည့်ဘူးပေါ့။ ဟင်းထမင်းချက်ဖို့ အဆောင်သပ်သပ် မရှိဘူး။ အလုပ်က ပြန်လာတယ်၊ တယောက်က ဟင်းချက်ရင် တယောက်က စောင့်နေရတာပေါ့ဗျာ။ အချိန်ပိုရှိတဲ့ နေ့ဆိုရင် အမြဲတမ်း ၁ နာရီမှ အိပ်ရတယ်” ဟု ပြောပြသည်။

အလုပ်သမားများသည် မနက် ၈ နာရီမှ ညနေ ၅ နာရီ ၁၅ မိနစ်အထိ ပုံမှန်အလုပ်ဆင်းရပြီး အချိန်ပိုဆင်းသည့်အခါ ည ၁ဝ နာရီအထိ လုပ်ကိုင်ရသည်။ အချိန်ပိုရက်များတွင် ကားဖြင့် ပြန်ပို့ကာ၊ အခြားနေ့များတွင် နားနေဆောင်သို့ တနာရီခန့် လမ်းလျှောက်ပြန်ကြသည်။ ကားကြိုပို့ခကိုမူ တလလျှင် ၃၅ ရင်းဂစ် ဖြတ်ယူသည်။

Robeh စက်ရုံရှိ မြန်မာများသည် ၂ဝ၁ဝ ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှ Diamond Pagan ကုမ္ပဏီ အစီအစဉ်ဖြင့် မလေးရှားသို့ လာရောက်ခဲ့သည်။ စက်ရုံတွင် လူမျိုးပေါင်းစုံ အလုပ်သမား ၂၆ဝ ကျော်ရှိပြီး၊ ထိုအထဲတွင် မြန်မာပြည်သား ၄၇ ဦး ရှိသည်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သော ဘားမားကမ်ပိန်း (မလေးရှား) မှ ကိုထွန်းထွန်းက “အလုပ်သမားနှစ်ဦး ပြန်လွတ်ဖို့အတွက် သက်ဆိုင်ရာ ဒေသမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကို အကြောင်းကြား အကူအညီ တောင်းထားတယ်။ ကျနော်တို့နေရာနဲ့က ဝေးလို့ ချက်ချင်း မသွားနိုင်ပါဘူး။ တကယ်လို့လိုအပ်မယ် ဆိုရင် မနက်ဖြန်မနက် ကျနော်တို့ သွားမှာပါ” ဟု မဇ္စျိမကို ပြောသည်။