ဗိုလ်ကြီးဟောင်းအမှု NLD ရှေ့နေက လိုက်ပေး

ဗိုလ်ကြီးဟောင်းအမှု NLD ရှေ့နေက လိုက်ပေး
by -
မျိုးသန့်

နေမျိုးဇင်ကို ဒေါ်အောင်ဆန်းစုကြည် အမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် NLD ဗဟို ဥပဒေပြု အထောက် အကူအဖွဲ့မှ ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ အခမဲ့အကျိုးဆောင်ပေး နေသည်။

အမှုအကျိုးဆောင်များအဖြစ် ရှေ့နေ ဦးလှမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါဝါကို ယနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးခင်မောင်က ချပေးပြီး အမှုကို လာမည့် ၁၂ ရက်နေ့တွင် ကြားနာမှာဖြစ်သည်။

“ကျမတို့ ပါဝါ တင်ပြီးရုံပဲရှိပါသေးတယ်၊ ရှေ့နေငှားပြီးတော့ ကိုယ်စားလှယ်ရှေ့နေက ဒီအမှုကို လိုက်ပါ ဆောင်ရွက်မယ် ဆိုတဲ့သဘောပေါ့ ”ဟု ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမသို့ ပြောသည်။

ကိုနေမျိုးဇင်သည် NLD လူငယ်များနှင့် ပူးတွဲ၍ သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ တဦးဖြစ်ပြီး ဧပြီ ၂ ရက်နေ့ ညနေက အထူးသတင်းရဲတပ်ဖွဲ့နှင့် တောင်ဒဂုံ ရပ်ကွက်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရစဉ်အတွင်း အထူးသတင်းရဲတပ်ဖွဲ့ သိမ်းဆည်းသွားသည့် ကွန်ပျူတာတွင်းမှ ပြည်ပရောက်အသိ မိတ်ဆွေများထံပေးပို့မည့် အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းစာကို ရဲကတွေ့ရှိပြီးအီလက်ထရော နစ် ပုဒ်မဖြင့် တရားစွဲကြောင်း ကိုနေမျိုးဇင်၏ မိသားစုဝင်တဦးက ပြောသည်။

တရားစွဲခံရသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ သည် နိုင်ငံတော်လုံခြံုရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ် ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပြင်ပ ပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျံုးဝင်သည်။

ကိုနေမျိုးဇင် ယခုပုဒ်မဖြင့် တရားစွဲခံရခြင်းသည် တပ်မတော်အငြိမ်းစားများ လူထုဘက် ရောက်သွားမည်ကို အာဏာပိုင်များက စိုးရိမ်ခြင်း၊ အစိုးရက ရန်သူစာရင်းသွင်းထားသည့် NLD နှင့် ပူးပေါင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း စစ်တပ်နှင့် နီးစပ်ခဲ့ဖူးသူ ကိုမင်းဒင်က သုံးသပ်သည်။

“အစိုးရက စစ်မှုထမ်းဟောင်းတွေကိုလဲ သူတို့နဲ့ အယူအဆ တမျိုးထဲရှိသူတွေလို့ မျှော်လင့်ထားပုံရပါတယ်။ အဲဒီအထဲမှာမှ ကိုနေမျိုးဇင်လို ငယ်ရွယ်တဲ့တပ်မတော် အငြိမ်းစား တယောက်က သူတို့ရန်သူစာရင်းသွင်းထား တဲ့ ပါတီဘက်မှာ ရပ်တည်အားပေးနေတယ်ဆိုတော့ အာရုံစိုက်မှာတော့ အမှန်ပဲ၊ ကြောက်တယ်ဆိုတာထက် တပ်မတော် အငြိမ်းစားတွေ လူထုဘက်ရောက်သွားမှာကို အစိုးရိမ်လွန်နေတယ်လို့ ကျနော်ထင်ပါတယ်”

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။

ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် တရားသူကြီးက ရှေ့နေပါဝါချပေးရာတွင် မိသားစုဝင်ခွင့်မရဘဲ ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သာ ဝင်ခွင့်ရသည်။