ချင်းမိုင် (မဇ္စျိမ)။ ။ ထိုင်း-မြန်မာနယ်စပ်ကရင် ပြည်နယ် ဘုရားသုံးဆူ ဒေသဝန်းကျင်၌ ခဲသတ္တု တူးဖော်နေသည့် သုဇနပွင့် သတ္တုတွင်း ကုမ္ပဏီ လီမိတက်မှ သတ္တုမိုင်း အလုပ်သမား ၂ဝ ကျော် ခဲဆိပ်သင့် ဝေဒနာ ခံစားနေရကြောင်း အလုပ် သမားများ အဆိုအရ သိရသည်။
လုပ်ငန်းခွင် အတွင်းရှိ ချောင်းရေကို အသုံးပြုရာမှ ဝေဒနာ စတင်ခံစားရပြီး ကုမ္ပဏီက တာဝန်ယူကုသပေး ခြင်း မရှိသေးကြောင်း သိရှိရခြင်း ဖြစ်သည်။
“အရေပြားမှာ အဖုတွေ တကိုယ်လုံး ပေါက်တယ်။ နောက်တော့ အော့အန်တာတို့၊ မူးတာတို့ ဖြစ်တယ်။ ကုမ္ပဏီက ဘာမှ မလုပ်ပေးတော့ လောလောဆယ် ဆေးမြီးတိုနဲ့ပဲ ဟိုပွတ်ဒီပွတ်၊ ဟိုလူးဒီလူး လုပ်နေတယ်” ဟု ခဲမိုင်း အလုပ်သမား တဦးက မဇ္စျိမကို ပြောသည်။
အခြား အလုပ်သမား တဦးကလည်း “အလုပ်သမား တန်းလျားမှာ မနေ့က ကျနော် တွေ့လိုက်တယ်။တကိုယ် လုံး နီနေတာပဲ။ အဖျားလည်း တက်နေကြတယ်။ ဒါပေမဲ့ အသက် အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူး” ဟု ပြောသည်။
သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောင်မြေ၊ သပြု၊ မြသန်း၊ အောင်ရွှေ၊ နဝရတ်၊ သုဇနပွင့် စသည့် ကုမ္ပဏီများက ကရင် အမျိုးသား အစည်းအရုံး KNU နှင့် နားလည်မှု ယူကာ ခဲသတ္တုများကို တူးဖော်နေသည်။
သုဇနပွင့် ကုမ္ပဏီက လွန်ခဲ့သည့် ၂ လခန့်တွင် ဘုရားသုံးဆူမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၃ဝ ခန့်အကွာ ထုတ်လုပ်ခွင့်ရ ဧက ၆ဝဝ ခန့်ရှိ သင်္ဘောပင် ခဲမိုင်းကွင်းမှ ခဲသတ္တုများကို စတင် ထုတ်လုပ်ခဲ့ပြီး တန်ချိန် ၅ဝဝ ထုတ်လုပ် ရရှိပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းလှိုင် ပိုင်ဆိုင်သည့် သုဇနပွင့် ကုမ္ပဏီက KNU နယ်မြေအတွင်း ခဲသတ္တု တူးဖော် ခွင့် ရရန် ၂ဝဝ၇ ခုနှစ်မှ သတ္တုတွင်း ဝန်ကြီးဌာနတွင် လျှောက်ထားခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် တရားဝင်တူးဖော် ခွင့်ရခဲ့သည်။
ကုမ္ပဏီများက တူးဖော်ရရှိသည့် ခဲရိုင်းတုံးများကို ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ဘုရားသုံးဆူမြို့ ၈ နေရာ၌ လာရောက်စုပုံ ချထားပြီး တပုံလျှင် အိတ် ၆ဝဝ ခန့် ရှိကြောင်း မြို့ခံများကလည်း ပြောဆိုကြသည်။
KNU နယ်မြေအတွင်း ခဲသတ္တု တူးဖော်ရေး လုပ်ငန်းကို လွန်ခဲ့သည့် ၂ဝဝ၃ -၂ဝဝ၄ ခုနှစ်တွင် သပြုသတ္တုတွင်း ကုမ္မဏီ လီမိတက်မှ စတင်လုပ်ကိုင်ခဲ့ပြီး၊ ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်တွင် ခဲသန့်စင် စက်ရုံကို ဆောက်လုပ်ခဲ့သည်။
“ကျနော်တို့ နယ်မြေက သစ်တွေ၊ ကျောက်တွေ ဝယ်ဖို့ အများကြီး ဝင်လာတယ်။ သစ်ကတော့ ကျနော်တို့ ပိတ်ထားတယ်။ ကျောက်ကတော့ ကျနော်တို့ ဒေသခံရဲ့ သဘောထားကို စုံစမ်းပြီးမှ တူးခွင့်ပေးခဲ့တယ်” ဟု KNU တပ်မဟာ ၆ မှ အရာရှိတဦးက မဇ္စျိမကို ပြောသည်။
မြို့တွင်းရှိ ရေတွင်းများနှင့် တောင်ဝိုင်းရပ်ကွက်ရှိ ဥဒေါင်းကန်ထဲသို့ ခဲဓာတ်များ စိမ့်ဝင်ပြီး၊ ငါးနှင့် တိရစ္ဆာန်များ သေဆုံးခြင်း၊ လူများ ရောဂါဝေဒနာ ခံစားရခြင်းတို့ကြောင့် ၂ဝဝ၅ ခုနှစ်တွင် အာဏာပိုင်များက ခဲသန့်စင် စက်ရုံကို ပိတ်ပစ်ခဲ့သည်။
ယခု စုပုံထားသည့် ခဲရိုင်းတုံးများမှာ ဘုရားသုံးဆူမြို့တွင် သန့်စင်မည် မဟုတ်ဘဲ ထိုင်းနိုင်ငံသို့ တင်ပို့ရန် အတွက် ခေတ္တ ချထားခြင်းသာ ဖြစ်သော်လည်း မိုးရွာသွန်းပြီး ခဲဓာတ်များ ရေထဲပျော်ဝင်ခြင်းကြောင့် ငါးများနှင့် စိုက်ခင်းများ ပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။
“ခဲကို လုပ်လို့ရှိရင် ကန့်ထွက်လာတယ်။ အဲဒီကန့်ဟာ လေထုထဲကို လွင့်သွားရင် ကန့်မိုး ရွာတယ်။ ရှူမိရင် တကိုယ်လုံး နီရဲပြီး ယားယံတာတို့၊ ကိုယ်လက် ကိုက်ခဲတာတို့ ဖြစ်တတ်တယ်။ ရိုးတွင်းချဉ်ဆီ ခန်းပြီး သေနိုင်တယ်။ ရေထဲဝင်လို့ ရှိရင် ငါးတွေ သေတယ်။ အဆိုးဆုံးကတော့ လူရဲ့ အသည်းနဲ့ အဆုတ်ကို ထိခိုက်တယ်။ သွေးကို ထိခိုက်တယ်။ တဖြည်းဖြည်း သွေးအားနည်းလာရင် လူဟာ သေနိုင်တယ်” ဟု ဘုရားသုံးဆူမြို့ခံ ဆရာဝန် ဒေါက်တာစိုးဝင်းက ပြောသည်။
ခဲ ၄ဝ ရာခိုင်နှုန်း ပါဝင်သည့် ခဲရိုင်းတုံးများကို ထိုင်းကုမ္ပဏီများက တတန်လျှင် ထိုင်းဘတ်ငွေ ၂ သောင်းမှ ၃ သောင်းကြား ဝယ်ယူလျက် ရှိပြီး နေ့စဉ် ထိုင်းနိုင်ငံသို့ တင်ပို့နေသည်ဟု ခန့်မှန်းရသည်။