ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲပြီ

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲပြီ
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။      ။ အမျိုးသားပြန်လည် သင့်မြတ်စေလိုကြောင်း သူငယ်ချင်းထံ စာရေးခဲ့ သည်ကို အကြောင်းပြုကာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ ဖြင့် ရဲက တရားစွဲလိုက်ကြောင်း အင်္ဂါနေ့တွင်အင်းစိန်ထောင် ၌ ထောင်ဝင်စာ တွေ့ခဲ့သည့် မိသားစုဝင်များအဆို အရ သိရသည်။  

NLD လူငယ်များနှင့် ပူးတွဲ၍ သွေးလှူဒါန်းရေး လုပ်ငန်းများတွင် တက်ကြွလှုပ်ရှားနေသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ကွန်ပြူတာမှတဆင့် ပြည်ပရောက် သူငယ်ချင်းထံ အမျိုးသား ပြန်လည်သင့်မြတ်စေလိုကြောင်း ရေးပို့ထားသည်ကို ရဲက တွေ့ရှိသဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟုဆိုသည်။

NMZ“သားက ပြောတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ သူ့စိတ်ထဲမှာ ရှိတဲ့အကြောင်း နိုင်ငံခြားက သူ့သူငယ်ချင်းဆီကို စာပို့ထားတဲ့ စာတစောင်ကြောင့် အခုလို တရားစွဲခံရတာလို့ ပြောတယ်” ဟု ထောင်ဝင်စာတွေ့ခဲ့သူ မိခင် ဒေါ်ခင်သီက မဇ္စျိမကို ပြောပြသည်။

ကိုနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့ ညနေတွင် အထူးရဲသတင်း တပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အာဏာပိုင် ၈ ဦးခန့်က  ဖမ်းဝရမ်း မပါဘဲ  တောင်ဒဂုံနေအိမ်မှ ဖမ်းဆီးကာ၊ မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေးစခန်း၌ ထားရှိပြီး မိသားစုနှင့်လည်း အဆက်အသွယ် ပြတ်နေရာမှ ၃၁ ရက်အကြာတွင် အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခဲ့ရခြင်း ဖြစ်သည်။

ဖခင် ဦးငွေဇင်၊ မိခင် ဒေါ်ခင်သီနှင့်အတူ ဇနီးဖြစ်သူ မဇင်မျိုးမောင်တို့ သွားရောက်တွေ့ဆုံခဲ့ရာ ကျန်းမာရေး ကောင်းမွန်ကြောင်း တွေ့ရှိရပြီး၊ မေလ ၅ ရက်နေ့တွင် ရုံးထုတ်မည်ဟု ကိုနေမျိုးဇင်ထံမှ သိခဲ့ကြရသည်။

“သားကိုတွေ့တော့ ကျန်းကျန်းမာမာပဲ။ သူ့မျက်နှာက ကြည်လင်နေပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ ဘာတွေ ဖြစ်နေမယ်ဆိုတာ အန်တီလည်း မသိပါဘူး။ သားက ပြောတယ်၊ သူ့အနေနဲ့ မဟုတ်တာ တခုမှ မလုပ်တဲ့အတွက် ဘာမှ ပူစရာမလိုဘူးလို့ ပြောတယ်” ဟု ဒေါ်ခင်သီက ဆိုသည်။

၂ဝဝ၈ အခြေခံဥပဒေ အခန်း ၈၊ ပုဒ်မ ၃၇၆ တွင် စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်းမရှိရဟု ပြဋ္ဌာန်းသော်လည်း သူ့ကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်း မပါခြင်း၊ရက် သတ္တပတ် ၃ ပတ်ကျော်အထိ တရားရုံးမတင်ဘဲ ဖမ်းဆီးထားသည့် အကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ဧပြီလ နောက်ဆုံးပတ်တွင် ကြေညာချက် ထုတ်ခဲ့သေးသည်။

ယခုနှစ် မက်လက လေဘေးသင့် ဒုက္ခသည်များအား သွားရောက် လှူဒါန်းနေသည့် ကိုနေမျိုးဇင် Youth Network for People (BG)

အထူးရဲသတင်းတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ် ကိုနေမျိုးဇင်၏ လက်တော့ပ် ကွန်ပြူတာ၊ ဟန်းဖုန်းနှင့် ကျပ်ငွေ ၅ သောင်းခွဲကိုလည်း သိမ်းဆည်းသွားခဲ့ပြီး၊ မိသားစုထံ ပြန်မအပ်သေးကြောင်း ညီဖြစ်သူ ကိုခင်မောင်ထွေးက မဇ္စျိမကို ပြောပြသည်။

လုပ်ဖော်ကိုင်ဘက် သွေးလှူအဖွဲ့ဝင်များကမူ ကိုနေမျိုးဇင် အမြန်ဆုံး လွတ်မြောက်ရန် ရွှေတိဂုံဘုရားတွင် ဝတ်ပြု ဆုတောင်းခြင်းနှင့် ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများ၌ သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် NLD ပါတီက ဥပဒေကြောင်းလမ်းအရ ကူညီရန် ပြင်ဆင်နေပြီး၊ ရှေ့နေလိုက်ပေးမည်ဟု တောင်ဒဂုံ သွေးအကူအညီပေးရေးအဖွဲ့တွင် လုပ်ဖော်ကိုင်ဘက်ဖြစ်သူ အဖွဲ့တာဝန်ခံ ကိုညီညီက မဇ္စျိမကို ပြောပြသည်။

“ဘဘဦးတင်ဦးကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒီအမှုကိုလည်း NLD အနေနဲ့ ရှေ့နေလိုက်ပေးနိုင်အောင် စီစဉ်ထားကြောင်း ပြောပါတယ်” ဟု သူက ဆိုသည်။

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေး လုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သလို လေဘေးသင့် ကူညီရေးများနှင့် အခြားလူမှုကူညီရေးများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

Most read this week