၁၁ ပါတီက ဥရောပသမဂ္ဂကို GSP ပြန်ထားစေလို

၁၁ ပါတီက ဥရောပသမဂ္ဂကို GSP ပြန်ထားစေလို
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။    ။ ဥရောပသမဂ္ဂ EU အနေဖြင့့် မြန်မာအပေါ်ထားရှိသည့်ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး အထွေထွေသက်သာ ခွင့် ပြန်ထားရန် ရွေးကောက်ပွဲဝင် ၁ဝ ပါတီနှင့် စုဖွဲ့သည့် ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီက မေတ္တာရပ်ခံစာအား ယခု တပတ်ကြာသပတေးနေ့တွင် ပေးပို့လိုက်သည်။

ဥရောပစျေးကွက်သို့ ဝင်ရောက်နိုင်မည်ဆိုပါက ပြည်သူများနှင့် အလတ်စား၊ အသေးစား စီးပွားရေး လုပ်ငန်းများအနေဖြင့် အခွင့်အလမ်းများ ကောင်းမွန်လာမည်ဖြစ်သဖြင့် Generalized System of Preferences - GSP ခေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး အထွေထွေ သက်သာခွင့်ပြန်လည်ထား ရှိရေးအတွက် စာပေးပို့ခြင်း ဖြစ်သည်။

eu1

“ဒါတွေကို ကျနော်တို့က ပြန်ပြီးတော့ ရမယ်ဆိုလို့ရှိရင် သာမန်ပြည်သူတွေအတွက် အကျိုးအများကြီး ရှိနိုင်တယ်လေ။ နောက်ပြီး သာမန်ပြည်သူတွေ၊ စီးပွားရေးသမားတွေ လုပ်နိုင်တဲ့ အသေးစား၊ အလတ်စား ကုမ္ပဏီတွေပေါ့။ ဒါတွေက ဥရောပစျေးကွက်ကို ဝင်နိုင်တယ်။ အကောက်ခွန်မဲ့ ဝင်နိုင်ရင် ကျနော်တို့အတွက် အများကြီး အကျိုးရှိနိုင်တယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ပါတီများအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္စျိမကို ပြောသည်။

စီးပွားရေးပိတ်ဆို့မှု ရှိနေသော်လည်း EU က GSP နှင့် ပတ်သက်၍ ပြန်လည်စဉ်းစားမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

“ဘာကြားလဲဆိုတော့ EU က GSP နဲ့၊ တကမ္ဘာလုံးမှာနဲ့ ပတ်သက်လို့ သူတို့ ထပ်ပြီး ဆွေးနွေးတိုင်ပင်တာ လုပ်မယ်လို့ ကြားတယ်ပေါ့နော်။ ဒါကြောင့် အကယ်၍ အဲဒီလိုဆိုရင် မြန်မာကိုလည်း ထည့်ပြီး စဉ်းစားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ GSP ဟာ ကျနော်တို့ ၁၅ နှစ်လောက်က တိုင်းပြည်ကနေ ရုပ်သိမ်းလိုက်တဲ့အခါမှာ အကူအညီတွေဟာ ကျန်တဲ့ တိုင်းပြည်တွေနဲ့ စာလိုက်ရင် အင်မတန်မှ မရဘဲ နေပါတယ်။ အဲဒီတော့ အကယ်၍သာ ဒီ GSP ကို ပြန်ပြီးတော့ ပြဋ္ဌာန်းပေးမယ်ဆိုလို့ရှိရင် လူထု အကျိုးရှိတဲ့အတွက်ခင်ဗျားတို့ စဉ်းစားရင် ထည့်စဉ်းစားပါဆိုတဲ့ အဓိပ္ပာယ်ပါ” ဟု သူက ပြောသည်။

EU က GSP ကို ဖွံ့ဖြိုးဆဲ ၁၇၆ နိုင်ငံအတွက် ပေးထားပြီး EU စျေးကွက်အတွင်း တင်သွင်းသည့် အဆိုပါ နိုင်ငံများမှ ကုန်ပစ္စည်းများအား အခွန်လျှော့ပေါ့ ကောက်ယူလေ့ရှိသည်။ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်နှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ် စေရန်ဟု EU ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

မေတ္တာရပ်ခံစာတွင် GSP ကိစ္စ အပါအဝင် EU ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် လုပ်ငန်းများ၌ မိမိတို့အနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရနှင့် တိုက်ရိုက်ထိတွေ့မှုများ ဆက်လက်လုပ်ဆောင်သွားရန်ပါ တိုက်တွန်းထားသည်။

“ဒီ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို ဒီမှာရှိနေတဲ့ ကုလသမဂ္ဂကလည်း အသိအမှတ်ပြုတယ်။ အဲဒါကိုလည်း ကျနော်တို့ ကြိုဆိုတယ်။ ကြိုဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ကတော့ အခုလိုပဲပြည်သူတွေ အနေနဲ့ကတော့ ထောက်ပံ့မှုတွေ ပိုပြီး ရဖို့တွေ၊ ထိတွေ့ဆက်ဆံမှုတွေ ပိုရဖို့၊ နည်းပညာတိုးတက်မှုတွေ ပိုရဖို့တို့ ဒါတွေက လိုနေပါတယ်။ ဒါကြောင့်မို့ အခုပြောဆိုဆက်ဆံမှုတွေကိုလည်းပဲ ဆက်လုပ်ပါ” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

EU အနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ လက်နက်မတင်ပို့ရန်၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ၊ ယင်းတို့နှင့် နီးစပ်သူများကို ပြည်ဝင်ခွင့်ပိတ်ခြင်း၊ လူသားချင်းစာနာမှု အထောက်အကူမှလွဲ၍ အခြား အကူအညီများကို ရပ်စဲထားခြင်း၊ စစ်အစိုးရအရာရှိကြီးများ၏ ပြည်ပဘဏ်စာရင်းများကို ထိန်းချုပ်ခြင်း၊ သံတမန်ဆက်ဆံရေး ကန့်သတ်ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ပိတ်ဆို့မှုကို တနှစ် သက်တမ်းထပ်တိုးရန် ဆုံးဖြတ်ခဲ့သေးသည်။

ယခုနှစ် မတ်လ ၈ ရက်နေ့တွင်လည်း ဒီမိုကရေစီမိတ်ဆွေပါတီများက ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် EU ထံ အိပ်ဖွင့်စာ ပို့ခဲ့သေးသည်။ ယင်းနောက် EU မှ အသစ်ဖြစ်လာသည့် အစိုးရက ဝန်ကြီးတချို့အပေါ် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းကို တနှစ်ရုပ်သိမ်းပေးခဲ့ပြီး အစိုးရအနေဖြင့် တစုံတရာ မပြောင်းလဲလျှင် ပိတ်ပင်မှုစာရင်း၌ ပြန်ထည့်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် EU က စဉ်ဆက်မပြတ် တိုက်တွန်းခဲ့သည်။

EU အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ရှိနေသည့်အတွက် မြန်မာအစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများက ပြောဆိုလိုက်သည်။

“ကျနော်တို့ အရေးကြီးတာကတော့ ဒီမိုကရေစီရေးမှာဆိုလို့ရှိရင် လူတိုင်းလူတိုင်း လွတ်လွတ်လပ်လပ် ပြောနိုင်ရမယ်၊ ရေးနိုင်ရမယ်၊ စည်းရုံးဖွဲ့စည်းနိုင်ရမယ်၊ အဲဒီလိုအဆင့် ရောက်အောင်တော့ ကျနော်တို့ ဝိုင်းတိုက်တွန်းပြီးတော့၊ ကိုယ်တိုင်ပါဝင်ပြီးတော့ ဒီလိုပဲ လုပ်ရမှာပေါ့” ဟု ဦးသုဝေက ပြောသည်။

သူက ဆက်ပြီး “လက်ရှိအစိုးရက ဖွဲ့စည်းတာ မကြာသေးဘူးပေါ့ဗျာ။ အဲဒီ မကြာသေးခင် ကာလမှာ ကြီးကြီးမားမား အပြောင်းအလဲတွေတော့ မတွေ့ရသေးဘူး။ သို့သော်လည်း အခြေခံလေးတွေကတော့ဖြင့် တွေ့လာရတယ်ပေါ့။ တွေ့လာတယ်ဆိုတော့ EU တို့၊ အမေရိကန်တို့ ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာတို့၊ နောက်ပြီးတော့လည်း လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီရေးတို့ကို ပြတ်ပြတ်သားသား ဆောင်ရွက်ပေးနိုင်မှု  အနေအထားက တဖြည်းဖြည်း ဖြစ်လာမှာပေါ့” ဟု သူက ပြောဆိုသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများတွင် NDF၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ဒီမိုကရေစီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုတက်ရေး၊ ဝံသာနု NLD ၊ ချင်းအမျိုးသား၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်နှင့် အမျိုးသား မဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့ ပါဝင်သည်။