နိုင်ငံရေးအကျဉ်းသား လွှတ်ရန် မြေအောက် ၁၁ ဖွဲ့ တိုက်တွန်း

နိုင်ငံရေးအကျဉ်းသား လွှတ်ရန် မြေအောက် ၁၁ ဖွဲ့ တိုက်တွန်း
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။     ။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုနှင့် ပြည်တွင်း၌မြေအောက်လှုပ်ရှား နေသည့် ကျောင်းသားအဖွဲ့များ အပါအဝင် ၁၁ ဖွဲ့က ဦးသိန်းစိန် အစိုးရကို သောကြာနေ့တွင် ကြေညာချက်ထုတ်၍ တိုက်တွန်းလိုက်သည်။

sing1

အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ အမှန်တကယ်သွားလိုကြောင်း ဖော်ပြလိုပါက ပထမဆုံးအဆင့် အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ၁၁ ဖွဲ့ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
 

“နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းသည် ကျန်တဲ့အရေး အားလုံးပါ ယိမ်းယိုင်နေတယ်။ အဲဒီအတွက်နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့အခါမှာ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးတွေသည် အားလုံး ချွတ်ခြံုကျတယ်။ အဲဒီအတွက် ဒီအရေးတွေ ကောင်းဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် သက်ဆိုင်ရာပုဂ္ဂိုလ််တွေနဲ့ တွေ့ဆုံဆွေးနွေးပါ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးကြပါလို့ ဦးဇင်းတို့ တိုက်တွန်းတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ဆရာတော် ဓမ္မသီရိက မဇ္ဈိမကို အမိန့်ရှိသည်။
 
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၂ဝဝ၇ မျိုးဆက်ကျောင်းသား များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြေလတ်ကျောင်းသားများအဖွဲ့များ ပါဝင်သည့် အဖွဲ့ ၁၁ ဖွဲ့၏ ကြေညာချက်တွင် ၂ဝဝ၈ အခြေခံဥပဒေသည် စစ်တပ်အုပ်စိုးသူ လူတန်းစားတရပ်ပေါ်ထွန်း လာရန် ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟု ဝေဖန်ထားသည်။
 
စစ်တပ် ကြီးစိုးမည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကိုဆက်လက်ကြိုးပမ်း မည်ဖြစ်ပြီး၊ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသေးသည်။
 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက် မြန်မာနိုင်ငံတွင်ကွန်ယက်ချိတ် ဆက်၍ နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများအတွက် လှုပ်ရှားမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်လာကြသည်။ ကွန်ယက်ဖြင့် လှုပ်ရှားရာ၌  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေး ရန် တောင်းဆိုသည့် လက်မှတ်ရေးထိုး ကောက်ခံမှုများ နိုင်ငံတဝှန်း ရှိနေသည်။
 
ဧပြီလ ၁၇ ရက်မှစ၍ လက်မှတ်များ ကောက်ခံခဲ့ရာ တသောင်းကျော် ရရှိကာ၊ ယခု လှုပ်ရှားမှုသည်ပြည်သူ တရပ်လုံး ဆန္ဒဖြစ်ကြောင်း လက်မှတ်ကောက်ခံမှု ကွန်ယက်တွင် ဦးဆောင်ပါဝင်သူ ဦးဖြိုးမင်းသိန်းက ဆိုသည်။
 
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတဲ့အခြေအနေ တွေဟာ ပြည်သူလူထုတရပ်လုံးရဲ့ အသံ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ အားလုံးရဲ့ တူညီတဲ့ အသံတခုပါပဲ။ တူညီတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတာပါပဲ” ဟု သူက ဆိုသည်။
 
၎င်းတို့သာမက ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ပါတီကလည်း နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းကျခံများ လွှတ်ပေးရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးရန် ဦးသိန်းစိန် အစိုးရကို ယခုလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သေးသည်။
 
sing
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြေအောက် ၁၁ ဖွဲ့ လက်မှတ်ရေးထိုးထားသည်ကို တွေ့ရစဉ်

အထင်ကရ စာရေးဆရာကြီးဖြစ်သူ ၉၃ နှစ်အရွယ် ဆရာကြီးဒဂုန်တာရာကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးစေလိုကြောင်း ယခုလအတွင်း မဇ္ဈိမနှင့် အင်တာဗျူးတရပ်တွင် ပြောဆိုခဲ့သည်။
 
ထို့အပြင် မတ်လ လွှတ်တော်အစည်းအဝေးများအတွင်း အမျိုးသားလွှတ်တော်အမတ်များကပါ တင်ပြမှုများ ရှိခဲ့ပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ ၎င်းအဆိုသည် လွှတ်တော်တွင်း မဆွေးနွေးမီ ပြင်ပမီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့် ဆွေးနွေးမှုကို ပယ်ဖျက်ပစ်ခဲ့သည်။
 
မတ်လ ၂၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းလှကျော်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ရှိမရှိ မေးမြန်းခဲ့ရာ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးက ထိုကိစ္စသည် အမျိုးသား လုံခြံုရေးကောင်စီ၏ လုပ်ပိုင်ခွင့်ဖြစ်သဖြင့်သမ္မတကျမ်းကျိန်ပြီးသည် အထိ စောင့်ဆိုင်းစေလိုကြောင်း ဖြေကြားခဲ့သည်။ သို့သော် သမ္မတ ကျမ်းကျိန်အပြီး တလကြာမြင့်သည့် ယခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးသည်ကို မတွေ့ရသေးပေ။
 
မြန်မာအကျဉ်းထောင်များတွင် အကျဉ်းကျသံဃာ ၂၂၅ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိကြောင်း AAPP-B ၏ ယခုလထုတ် စာရင်းတွင် ဖော်ပြထားသည်။ ပြန်လွှတ်ပေးရန်အတွက် ဦးသိန်းစိန် အစိုးရ၏ ဝန်ကြီးများနှင့် ဖွဲ့စည်းထားသည့် သာသနာ့နုဂ္ဂဟအသင်းအနေဖြင့် ကြိုးပမ်းသင့်ကြောင်းပါ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးသူ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ် ပေါင်းစုအဖွဲ့ကြီးမှ အသျှင်ဓမ္မသီရိက ပြောဆိုခဲ့သည်။