နယူးဒေလီ (မဇ္စျိမ) ။ ။ နှစ် ၅ဝ နီးပါး ရပ်တန့်ခဲ့သည့် အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာသင်ဆုပေး အပ်မှုကို ယခုနှစ်မှစ၍ ပြန်လည်စတင်မည်ဟုပညာရေး ဝန်ကြီး ဒေါက်တာမြအေးက ပြောဆိုကြောင်း တနင်္ဂနွေ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။
ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မွေးမြူရေးဆိုင်ရာတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည့် ၂ဝ၁၁ ခုနှစ် အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲတွင် အမှာစကားပြောရာ၌ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အဲဒါက ပညာသင်ဆုပေးဖို့အတွက် ဘတ်ဂျက်ရေးဆွဲတင်ပြဖို့ ညွှန်ကြားတဲ့အတွက် ရေးဆွဲတင်ပြတုန်း ဖြစ်ပါတယ်” ဟု ရန်ကုန်ရှိ အမှတ် ၃ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ ပညာသင်ဆုများကို ၁၉၆၂ ခု အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ လက်ထက်မှစ၍ ရပ်နားခဲ့ရာမှ ပြန်လည်ချီးမြှင့်ရန် ယခုအစိုးရသစ်က ပထမဆုံး ပြောဆိုခြင်း ဖြစ်သည်။
ပညာသင်ဆုကိစ္စနှင့်ပတ်သက်၍ ၎င်းအနေဖြင့် အသေးစိတ် မသိကြောင်းနှင့် ညွှန်ချုပ်အဆင့် တာဝန်ရှိသူများသာ သိရှိမည်ဟု စီမံကိန်းနှင့် လေ့ကျင့်ဦးစီးဌာန တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
“အဲဒါက ညွှန်ချုပ်တို့မှ သိမယ် အသေးစိတ်ကို။ အခု ညွှန်ချုပ်တို့က အစည်းအဝေးတက်နေလို့ ကျနော် သေချာမသိပါဘူး” ဟု သူက ဆိုသည်။
ပညာသင်ဆုအပြင် ကျောင်းလခ လွတ်ငြိမ်းခွင့်နှင့် ပြင်ပအလှူရှင်များက သီးခြားပေးအပ်မည့် ဆုများလည်း ပါဝင်ကြောင်း နေပြည်တော်ရှိ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦး၏ စကားကို ကိုးကား၍ ပြည်တွင်းအခြေစိုက် Popular News ဂျာနယ်တွင် ဖော်ပြထားသည်။
နှီးနှောဖလှယ်ပွဲ၌ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရန် မြို့နယ်အလိုက် ကျောင်းအပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အလယ်တန်း အထက်တန်းအဆင့်သို့ ကူးပြောင်းသင်ယူနှုန်း မြှင့်တင်ရန်နှင့် အခြေခံပညာအဆင့်အလိုက် သင်ရိုးမာတိကာနှင့် ကျောင်းသုံး စာအုပ်များ အဆင့်မြှင့် ရေးဆွဲသင်ကြားခြင်း ပြုလုပ်သွားမည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။
ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ပညာရေး သင်တန်းဆင်းများကို လုပ်ငန်းခွင် ဆရာ၊ ဆရာမအဖြစ် ခန့်အပ်ထားရန်နှင့် ပညာရေးဝန်ထမ်းများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဦးဆောင်အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာသင် ကျောင်းပေါင်း ၄ သိန်း တသောင်းခန့်ရှိပြီး ကျောင်းသား ၈ သန်းခန့် ရှိကြောင်း ပညာရေးဝန်ကြီး ပြောဆိုချက်အရ သိရသည်။