အိန္ဒိယ ထောက်လှမ်းရေး အတွင်းဝန် မြန်မာပြည်သွား

အိန္ဒိယ ထောက်လှမ်းရေး အတွင်းဝန် မြန်မာပြည်သွား
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ) ။      ။ အိန္ဒိယ ပြည်ပ ထောက်လှမ်းရေး အဖွဲ့တခုဖြစ်သည့် Research and Analysis Wing (RAW) အကြီးအကဲ မစ္စတာ S. K. Tripathi သည် တနင်္လာနေ့တွင် နေပြည်တော် သို့ သွားရောက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြပါရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းကို ၎င်းဝန်ကြီးဌာန၏ ဇေယျာသီရိ ဗိမာန်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း ပါရှိသော်လည်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ကိုမူ ဖော်ပြမထားပေ။
 
Sanjeev_tripathiထိုသို့တွေ့ဆုံရာတွင် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကျော်ဆွေ၊ ဗိုလ်ချုပ်သူရသက်ဆွေနှင့် တပ်မတော် အရာရှိကြီးများလည်း တက်ရောက်ကြသည်။
 
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ အပြန်အလှန် သွားလာတွေ့ဆုံ မှုများ အကြိမ်ကြိမ် ရှိခဲ့ဖူးသော်လည်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိကြီး တဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံး တရားဝင် လာရောက်ခြင်း ဖြစ်သည်။
 
မစ္စတာ S. K. Tripathi သည် RAW ကိုဦးဆောင်သူအဖြစ် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလမှစတင် တာဝန်ယူခဲ့ပြီး ၂နှစ်တာဝန်ယူရမည် ဖြစ်သည်။
 
အိန္ဒိယတွင် ထောက်လှမ်းရေးအဖွဲ့ အမျိုးမျိုးရှိသော်လည်း RAW မှာ နိုင်ငံတကာရေးရာကို အဓိကကိုင်တွယ် ထောက်လှမ်းသော အဖွဲ့ဖြစ်သည်။ တရုတ်-အိန္ဒိယ စစ်ပွဲ (၁၉၆၂) နှင့် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ (၁၉၆၅) အပြီး နောက်ပိုင်းတွင် RAW ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Dr. Villur Sundararajan Seshadri က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနှင့် လည်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်တို့ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာ့အလင်းက ဖော်ပြသည်။

Most read this week