ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ ဓာတ်ဆီဝေခွဲတမ်း လျော့သွားသည့်အတွက် မကျေနပ်မှုများ ရှိနေပြီး ယင်းအခြေအနေကို အစိုးရသစ်က မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်ကို သိလိုကြသည်။
“အရင်ကဆို တရက်ကို အချို့ဆိုင်တွေက ၅ဂါလံ၊ အချို့က ၄ဂါလံထုတ်ပေးတယ်ဗျာ။ ဒီတော့ ညအိပ်တန်း စီရတာဖြစ်ဖြစ်၊ တနေ့လုံးနေပူခံပြီး တန်းစီရတာဖြစ်ဖြစ် တန်သေးတယ်။ အခုတော့ တနေ့ကိုနှစ်ဂါလံနှုန်းနဲ့ သုံးရက်စာ ၆ ဂါလံ ထုတ်ရတယ်။သုံးရက်စာ တုံးတခါထဲ နှိပ်ပေးလိုက်တယ်။ နောက်သုံးရက်က လုံးဝထုတ်လို့ မရတော့ဘူး။ ပြောတော့ လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေတဲ့” ဟုရန်ကုန်ယာဉ်ပိုင်ရှင် တဦးက စနစ်သစ်ပေါ်တွင် ဝေဖန်ပြောဆိုသည်။
အငှားယာဉ် လေးဘီးမောင်းသူ တဦးကလည်း “ ကျွန်တော်တို့လေးဘီးတွေ အခု ရန်ကုန်မှာ အလုပ်မဖြစ် တော့ဘူး။ သိတဲ့အတိုင်း ပါရမီ taxi တွေက အခု ဒလဟော ဝင်လာတော့ taxi တွေက ပေါမှပေါပဲ။ တနေ့လုံးကို ၁၅ဝဝ -၂ဝဝဝ လောက်ရဖို့ မနဲရှာရတာ။ ဒီတော့ ကျွန်တော်ဆီထုတ်စားတယ်ဗျာ။ ကိုယ်မိသားစု ပြေလည်ဖို့။ အရင်က ဆီ တနေ့ကို ၄-၅ ဂါလံ ထုတ်လို့ရတယ်။ ငွေတသောင်းလောက် ဟိုဆွဲ ဒီဆွဲရင်းရင် ညနေ အိမ်အပြန် ၅ဝဝဝ-၆ဝဝဝ လောက် ကျန်တယ်။ အခုက တနေ့ကို နှစ်ဂါလံဆိုတော့ ဘာမှကိုလုပ်လို့ မရတော့ဘူး။ နေပူထဲ ဒုက္ခခံပြီး တန်းစီရတာ မတန်တော့ဘူးပေါ့ဗျာ” ဟု ဖွင့်ဟ ပြောဆိုသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကပေးထားသည်မှာတနှစ်ရှိပြီဖြစ်သော်လည်းလိုအပ်မှုများစွာရှိ ကြောင်း “အခုက လွတ်လပ်စွာဝယ်ယူနိုင်တဲ့ပုဂ္ဂလိကစက်သုံးဆီစနစ်ဆိုပေမယ့် လိုအပ်သလို အချိန်ကုန် သက်သာ ၊ လူမပင်ပန်းပဲ ဝယ်လို့မရဘူး။ ပြီးတော့စျေးပြိုင်စနစ်လို့ဆိုပေမယ့်လဲ အမြင့်စျေးတွေပဲအပြိုင်တင်ပြီး ရောင်းနေကျတာ။ အခုဆိုရင် ဓာတ်ဆီကိုအရင် ဌာနဆိုင်ရာက လုပ်ကိုင်ပုံအတိုင်း စာအုပ်နဲ့ ရောင်းပေးတဲ့ နှုန်းအတိုင်း ထုတ်ယူနေရတာ၊ နယ်မြို့တွေမှာဆိုရင်လဲ မှောင်ခိုစျေးကွက်ကိုပဲ အားကိုးနေရတုန်း၊ ဒါတွေဟာ အားနည်းချက် ဘယ်လောက်ရှိနေလဲဆိုတာ ပြနေတာပဲ” ဟု ရန်ကုန်မြို့နေတဦးက ထောက်ပြ ပြောဆိုသည်။
နေပူထဲ တန်းမစီလိုသူများ အပြင်စျေးနှင့် ဓာတ်ဆီ တဂါလံ ၄၅ဝဝ ကနေ ၄၈ဝဝ အထိ ဝယ်သုံးနေရကြောင်း၊ ဆိုင်ထုတ်စျေး တဂါလံ ၂၅ဝဝ နှင့် သုံးမှဖြစ်မယ့်သူများကတော့ ညအိပ်တန်းစီ စောင့်ရသည့်အပြင် လိုချင်သလောက် မရနိုင်ပဲ ရောင်းသလောက်သာ ရရှိနိုင်ကြောင်း စသည့် အားနည်းချက်များကို ထောက်ပြ ပြောဆိုကြသည်။
ယခုကဲ့သို့ ဓာတ်ဆီပေးသည့်နှုန်းအား လျှော့ချလိုက်ရခြင်းမှာ ထူးကုမ္ပဏီမှ ဓာတ်ဆီများ တရုတ်နိုင်ငံသို့ ယခင်ထက်နှစ်ဆ ပိုမိုတင်ပို့နိုင်ရန် ဖြစ်သည်ဟု ဓာတ်ဆီထုတ်သူ အသိုင်းအဝိုင်းမှ သိရသည်။
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ လုပ်ပိုင်ခွင့်ရရှိသော အဖွဲ့အစည်းနှင့် ကုမ္ပဏီအချို့
၁။ ထူးထရေးဒင်းကုမ္ပဏီလီမိတက်
၂။ ပြည်ခိုင်ဖြိုး
၃။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
၄။ ဧဒင်အုပ်စုကုမ္ပဏီလီမိတက်
၅။ ရွှေသံလွင်ကုမ္ပဏီလီမိတက်
၆။ ကေတုမတီ
၇။ ဇေကမ္ဘာ
၈။ Max Myanmar
၉။ ကောင်းဇော်ဟိန်း
၁ဝ။ ယုဇနကုမ္ပဏီလီမိတက်
၁၁။ ရွှေတောင်
၁၂။ ဂရင်းအေးရှား
၁၃။ ဧရာရွှေဝါ
၁၄။ ဒဂုံအင်တာနေရှင်နယ်