သုတစွယ်စုံစာပေဆု နာမည်ကြီး စာရေးဆရာများ ရရှိ

သုတစွယ်စုံစာပေဆု နာမည်ကြီး စာရေးဆရာများ ရရှိ
by -
မဇ္စျိမသတင်းဌာန

၆ ကြိမ်မြောက် သုတစွယ်စုံ စာပေဆုကို ဧပြီလ ၂ဝ ရက်နေ့တွင် ကြေညာရာ မောင်ခင်မင် (ဓနုဖြူ)၊ မောင်မိုးသူနှင့် ဖေမြင့် အစရှိသည့် နာမည်ကြီး စာရေးဆရာများ ဆွတ်ခူးရရှိကြောင်းစုံစမ်းသိရှိရ သည်။
 

မောင်မိုးသူ၏ ’’လွမ်းတော်မူဖို့ စာကိုစီတယ်’’ က ဝိဇ္ဇာဘာသာဆု၊ “စာအုပ်ကမ္ဘာ” ရေးသူ ဖေမြင့်က ရည်ညွှန်း စာပေဆု၊ ဝင်းထွဋ်ဇော်က ’’နိဂုံး မဟုတ်သော နိဂုံး သို့မဟုတ် ရေနံစွမ်းအင်၏ စိန်ခေါ်မှုများ’’ ဖြင့် လူမှု စီးပွား ဘာသာဆု အပြင် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုများ အကြိမ်ကြိမ်ရရှိခဲ့သော မောင်ခင်မင် (ဓနုဖြူ) က ’’အိုဆာကာ ဧည့်သည်’’ စာအုပ်ဖြင့် စာပဒေသာဆု ဆွတ်ခူးရရှိကြသည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ကြီးမှူးကာ သုတစွယ်စုံစာအုပ်တိုက်က ၂ဝဝ၉ ခုနှစ်ထုတ်စာအုပ်များ ထဲမှ ရွေးချယ်ကြေညာခြင်း ဖြစ်သည်။
 
ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) (ရန်ကုန်တက္ကသိုလ် အငြိမ်းစားမြန်မာစာ ပါမောက္ခ ဒေါက်တာခင်အေး) ၏ စာအုပ်သည် ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြား ဘာသာသာသင် တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခအဖြစ် ၁၉၉၇ မှ ၁၉၉၉ အထိ ၂ နှစ် အတွေ့အကြံုများကို ထည့်သွင်းရေးသားထားသည်။
 
စာအုပ်တွင် ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ၊ ဂျပန်နိုင်ငံ၏ ပညာရေး အဆင့်အတန်း၊ မြန်မာ လူမျိုးများအပေါ် စိတ်နေ သဘောထား၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခဲ့မှုများ၊ မြန်မာပြည် ရောက်ဖူးခဲ့သည့် ဂျပန်စစ်ပြန်ကြီးနှင့် တွေ့ဆုံခဲ့မှုများကို မြန်မာစာဆရာပီပီ အရေးအသား ရှင်းလင်းစွာဖြင့် တင်ပြ ထားနိုင်သည်ကို တွေ့ရသည်။ ဆရာမှာ ဘာသာအမြင် စာပေအမြင်' စာအုပ်ဖြင့် ၂ဝဝ၉ ခုနှစ်အတွက်ပင် အမျိုးသားစာပေ စာပဒေသာဆု ရရှိထားသည်။ တနှစ်ထဲတွင် စာပေအမျိုးအစားတခုထဲအတွက် ပထမဆုံး နှစ်ဆုရရှိသူ ဖြစ်သည်။

မောင်မိုးသူ၏ စာအုပ်မှာ ပုဂ္ဂိုလ်ချင်း ခင်မင်သည့် ကွယ်လွန်သူ စာပေအနုပညာရှင်များအကြောင်း ရုပ်ပုံလွှာ ဆောင်းပါးများ ဖြစ်သည်။ ဆရာသည် ရုပ်ရှင်ဒါရိုက်တာဟောင်းနှင့် ကုမုဒြာ ဂျာနယ် အယ်ဒီတာချုပ် ဖြစ်သည်။ ယခင်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင် ဖြစ်ခဲ့သည်။

လူငယ်ပညာပေး စာရေးဆရာဖေမြင့်၏ စာအုပ်မှာမူ ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အယူအဆနှင့် အရေးအသားများ၊ အသိပညာ ဘဏ္ဍာတိုက်များဖြစ်သည့် ခေတ်အဆက်ဆက်မှ စာကြည့်တိုက်ကြီးငယ်များ၊ လူအများအတွက် အန္တရာယ် ဖြစ်စေသည်ဟုဆိုကာ ဖြတ်တောက်၊ ဆုတ်ဖြဲ၊ မီးပုံရှို့ခံရသည့် စာအုပ်များအကြောင်း ပါဝင်သည်။
 
ထို့အပြင် မိမိရေးသားသော စာအရေးအသားအတွက် အကျဉ်းချ သတ်ဖြတ်ခံရသော၊ မိမိရေးစာအုပ်များနှင့် အတူ မီးရှို့ သုတ်သင်ခံရသော စာရေးဆရာ ကျမ်းပြုပုဂ္ဂိုလ်များ၊ မိမိတို့ ယုံကြည်မြတ်နိုးစွာ ဆည်းပူးရယူခဲ့သည့် စာအုပ်ထဲက အသိပညာအတွက် အရှင်လတ်လတ် မြေမြှုပ်စီရင်ခြင်း အပါအဝင်အန္တရာယ်မျိုးစုံကိုရပ်တည် ရင်ဆိုင် ခဲ့ကြသည့် ပုဂ္ဂိုလ်များအကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
 
ဆရာဖေမြင့်မှာ ၁၉၉၅ ခုနှစ်တွင် ’’လူသုံးကုန်ပစ္စည်း ရောင်းဝယ်သူများနှင့် အခြားဝတ္ထုတိုများ’’ စာအုပ်ဖြင့် အမျိုးသား စာပေဝတ္ထုတိုပေါင်းချုပ်ဆု ရရှိခဲ့သည်။ စာပေဂျာနယ်အယ်ဒီတာ ဖြစ်ခဲ့ပြီး၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ်လည်း ဖြစ်သည်။ သူပိုင် မြန်မာ့ရတနာစာအုပ်တိုက်မှ မကြန်၏ သမိုင်းစာအုပ်များထုတ်ဝေနေ သည်။

ဆရာဝင်းထွဋ်ဇော်မှာ ထင်ရှားသည့် အက်ဆေးဆရာတဦးဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားခဲ့သူ ဖြစ်သည်။ရေနံစွမ်းအင် နှင့် ပတ်သက်၍ သွေးနှင့် ရေနံ စာအုပ်ဖြင့် ရဲတင့်က ၂ဝဝ၉ အတွက် အမျိုးသားစာပေ ဘာသာပြန် (သုတ)ဆု ရဖူးသလို အငြိမ်းစားသံအမတ် ဦးလှမောင်၏ စာအုပ်ကိုလည်း ထွန်းဖောင်ဒေးရှင်းက ဆုပေးဖူးသည်။

တသက်တာ စာပေဆုကိုမူ ကဗျာဆရာ စာရေးဆရာ မင်းယုဝေ ရရှိသည်။ ဆရာသည် ၁၉၅၄ ခုနှစ်တွင် ဇနီးသည် ငွေတာရီနှင့်အတူ အီစွတ်ပုံပြင်များဖြင့် ဘာသာပြန်စာပေဆု ရရှိခဲ့ပြီး၊ စစ်ပြီးခေတ်မြန်မာစာပေ လောကတွင် ထင်ရှားသည်။ စာရေးဆရာထင်လင်းနှင့်အတူ ငွေတာရီမဂ္ဂဇင်းကို ၁၉၆ဝ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ မင်္ဂလာမောင်မယ် ကလေးလူငယ် ဘာသာရေးစာစောင်ကို ၁၉၉ဝ ခုနှစ်ကျော်တွင် ထုတ်ဝေခဲ့သည်။

အမျိုးသားစာပေဆု ချီးမြှင့်သင့်လျက် အကြောင်းကြောင်းကြောင့် မချီးမြှင့်နိုင်သော “ရွေးကျန်” စာအုပ်များကို ပေးရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိက စာပေဆုများကို ပြန်ကြားရေးဌာနနှင့် နီးစပ်သော စာပေလုပ်ငန်းရှင်များက မတည်ချီးမြှင့်ရာ သုတစွယ်စုံစာပေဆု၊ ဆရာဝန်တင်ရွှေစာပေဆု၊ ထွန်းဖောင်ဒေးရှင်းဘဏ်ဆုများမှာထင်ရှား သည်။

ဘာသာပြန်စာပေဆု (စီးပွားအောင်ခြင်း - ကြည်ရွှန်း)၊ သိပ္ပံဘာသာဆု (အတိုင်းမသိစကြာဝဠာ - ကိုဆွေ (ပန်နိုရာမား) များလည်း ချီးမြှင့်ခဲ့ပြီး လူငယ်စာပေ၊ နိုင်ငံတကာရေးရာ၊ အသုံးချသိပ္ပံဘာသာရပ်များမချီးမြှင့်နိုင်ခဲ့ ပေ။ မေလ ၁ ရက်နေ့တွင် ဘာသာရပ်ဆုများအတွက် ကျပ် ၃ သိန်းစီနှင့် တသက်တာစာပေဆုအတွက် ကျပ် ၆ သိန်း ချီးမြှင့်မည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်တွင် တသက်တာ စာပေဆုကို ချစ်စံဝင်းနှင့် ဘာသာရပ်စာပေဆုများကို တက္ကသိုလ်စိန်တင်၊ ကိုကို (စက်မှုတက္ကသိုလ်)၊  လမ်းစဉ်ပါတီခေတ် ဒုဝန်ကြီးဟောင်းဒေါက်တာချစ်၊ ကျော်ဝင်း၊  စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာတင်စိုး၊  ရဲထွဋ်၊ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင် စသည့်ထင်ရှား သည့် စာရေးဆရာများကို ချီးမြှင့်ခဲ့သည်။

သုတစွယ်စုံစာပေဆုကို မတည်သည့် မြန်မာတိုင်းဂျာနယ် အစုစပ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပုဇွန်တောင်မှ ကြံ့ခိုင်ရေးကိုယ်စားလှယ်အဖြစ် အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။
 
သူသည် သုတစွယ်စုံ မဂ္ဂဇင်း၊ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း၊ အား/ကာ အားကစား မဂ္ဂဇင်း၊  ပြည်မြန်မာ သတင်း ဂျာနယ်၊ သတင်းလွှာ ဂျာနယ်နှင့် သုတစွယ်စုံ စာအုပ်တိုက်၏ စာတည်းချုပ်လည်း ဖြစ်သည်။ စာပေဗိမာန် စာမူဆုနှင့် အမျိုးသား စာပေဆု နှစ်ကြိမ် ရခဲ့ဖူးသည်။ ကျန်းမာရေး ဦးစီးဌာနကျန်းမာရေး ပညာဌာနတွင် ၁၉၉၅ အထိ လက်ထောက် ညွှန်ကြားရေးမှူး လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

အကျဉ်းကျဖူးသည့် နိုင်ငံရေးနွယ် စာရေးဆရာများ၊ တည်ဆဲအစိုးရအာဘော်ကို ဆန့်ကျင်ပုတ်ခတ်ရေးသားသူ များ၊ စကားပြောဟန်နှင့် စာရေးသူများ၊ မော်ဒန်စာပေသမားများကို အမျိုးသားစာပေဆု ပေးလေ့မရှိပေ။