မြန်မာအစိုးရ၏ အင်တာနက် ထိန်းချုပ် တားမြစ်မှုများ

မြန်မာအစိုးရ၏ အင်တာနက် ထိန်းချုပ် တားမြစ်မှုများ
by -
Thea Forbes

ချင်းမိုင် (မဇ္စျိမ)။     ။ စစ်တပ်ကျောထောက် နောက် ခံပြု မြန်မာအစိုးရက ပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်နှင့် သတင်း အချက်အလက် ဖလှယ်ခြင်းကို ဟန့်တားရန် အတွက် တင်းကျပ်လွန်းသော အင်တာနက် ဆင်ဆာဖြတ်တောက်ရေး အစီအမံများကိုချမှတ် ပြဋ္ဌာန်းခဲ့သည်။

ချင်းမိုင် (မဇ္စျိမ)။     ။ စစ်တပ် ကျောထောက်နောက်ခံပြု မြန်မာအစိုးရက ပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်နှင့် သတင်း အချက်အလက် ဖလှယ်ခြင်းကို ဟန့်တားရန်အတွက် တင်းကျပ်လွန်းသော အင်တာနက် ဆင်ဆာဖြတ်တောက်ရေး အစီအမံများကို ချမှတ်ပြဋ္ဌာန်းခဲ့သည်။ စစ်တပ် ကျောထောက် နောက်ခံ မြန်မာ အစိုးရ၏ အင်တာနက် နည်းပညာ ထိန်းချုပ်ရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ရေး အစီအစဉ် တရပ်အဖြစ် မြန်မာနိုင်ငံရှိ ဆိုက်ဘာ ကဖေးများမှာ တင်းကျပ်စွာစောင့်ကြည့်ခံ နေရသည်။

စစ်တပ် ကျောထောက်နောက်ခံ မြန်မာ အစိုးရ၏ အင်တာနက် နည်းပညာ ထိန်းချုပ်ရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ရေး အစီအစဉ် တရပ်အဖြစ် မြန်မာနိုင်ငံရှိ ဆိုက်ဘာ ကဖေးများမှာ တင်းကျပ်စွာ စောင့်ကြည့်ခံနေရသည်။

cyber-world-cafe

အမေရိကန် ဝါရှင်တန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Freedom House က မြန်မာနိုင်ငံကို အင်တာနက် လွတ်လပ်ခွင့် ဒုတိယ အချိုးဖောက်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီး၊ အီရန်မှာ အချိုးဖောက်ဆုံးဟု ဆိုသည်။ လွတ်လပ်ခွင့်အရှိဆုံးနိုင်ငံမှာ အက်စ်တိုးနီးယားဖြစ်ပြီး အမေရိကန်၊ ဂျာမနီ၊ သြစတြေးလျနှင့် ဗြိတိန်တို့က သူ့နောက်တွင် ကပ်လိုက်နေသည်။
 
မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာနက် လွတ်လပ်ခွင့်ရှိမရှိ Freedom House ၏ လေ့လာမှုစစ်တမ်းများ က မြန်မာအစိုးရသည် အင်တာနက်နှင့် ဒစ်ဂျစ်တယ်မီဒီယာ လွတ်လပ်ခွင့်များကို ပိတ်ပင်ပြီး အစိုးရ၏ လုံခြံုရေးကို ထိခိုက်စေသည်ဟု ယူဆပါက ပြင်းထန်စွာ  အပြစ်ပေးလေ့ရှိသည်ဟု ဆိုထားသည်။
 
အစိုးရကို ဝေဖန်ဆန့်ကျင်သော ဝဘ်ဆိုဒ်နှင့် ဘလော့များကိုလည်း ကြည့်ရှှုမရစေရန် ပိတ်ပင်မှုများ ပြုလုပ်ထားသလို ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပါ ထိုဝဘ်ဆိုဒ်နှင့် ဘလော့များကို တိုက်ခိုက်လေ့ရှိသဖြင့် မြန်မာနိုင်ငံသည် ၂ဝဝ၉-၁ဝ ခုနှစ်အတွက် နိုင်ငံရေးနှင့် လူမှုရေး ကိစ္စရပ်များအပေါ် ဆင်ဆာစနစ် အပြင်းထန်ဆုံး နိုင်ငံစာရင်း၌ ပါဝင်နေရသည်ဟု ဆိုသည်။
 
ဆင်းရဲသော နိုင်ငံဖြစ်သောကြောင့် အခြေခံ အိုင်တီ အဆောက်အအုံများ ချို့တဲ့သဖြင့် လူတိုင်းမှာ အင်တာနက် အသုံးမပြုနိုင်သည့်ပြင် အင်တာနက် အသုံးပြုသူများကိုလည်း အထူးစောင့်ကြည့်နေသည်။ အင်တာနက် ဆိုင်ပိုင်ရှင်များအပေါ်တွင်လည်း တင်းကျပ်သော စည်းမျဉ်းဥပဒေများ ပြဋ္ဌာန်းထားပြီး၊ အင်တာနက် အသုံးပြုသူများ၏ ကွန်ပြူတာ ဖန်သားပြင်များကို စောင့်ကြည့်ရန်၊ အသုံးပြုသူများ၏ မှတ်တမ်းထားရှိရန်နှင့် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် တင်းကျပ်စွာ ညွန်ကြားထားသည်။
 
မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ ဦးရေသည် ဖြည်းနှေးစွာ တိုးပွားနေပြီး၊ Freedom House ၏ ခန့်မှန်းချက်များအရ လူဦးရေ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် အသုံးပြုနိုင်ကြသည်ဟု ဆိုသည်။ Freedom House သည် မြန်မာနိုင်ငံ မြို့ကြီးများပေါ်ရှိ တရားဝင် မှတ်ပုံတင်ထားသည့် ဆိုက်ဘာကဖေး ၅၂ဝ ကို လေ့လာကာ စာရင်းပြုစုထားခြင်း ဖြစ်သည်။
 
အင်တာနက်ကို လက်ဝါးကြီးအုပ်မှှု
နိုင်ငံရေးအရ အရေးပါသော အချိန်များတွင် မြန်မာအစိုးရသည် အင်တာနက်ကို နည်းလမ်းနှစ်မျိုးဖြင့် ထိန်းချုပ်လေ့ ရှိသည်ဟု Freedom House က ဆိုသည်။ ပထမ တနည်းမှာ အင်တာနက်ကို လုံးဝ ဖြတ်ချခြင်းဖြစ်ပြီး ဒုတိယ တနည်းမှာမူ နိုင်ငံအတွင်းနှင့် အပြင်သို့ သတင်းအချက်အလက် အပြန်အလှန် စီးဆင်းမှု နှေးကွေးစေရန် ရည်ရွယ်၍ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများ (ISPများ) ၏ bandwidth ကို လျှော့ချကန့်သတ်ခြင်း ဖြစ်သည်။

၂ဝ၁ဝ ခုနှစ်အတွင်း ယခင် စစ်အစိုးရသည် နိုင်ငံတွင် (ISP) စနစ်ကိုပြန်လည်ပြုပြင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ အတွက် သီးသန့် ISP တခုကို တည်ထောင်ခဲ့သဖြင့် စစ်ဘက်နှင့် အရပ်ဘက် အင်တာနက် အခွင့်အရေးမှာ မတူညီတော့ပေ။ Freedom House ၏ လေ့လာမှှုများအရ ထိုကဲ့သို့ ခွဲခြားလိုက်ခြင်းဖြင့် စစ်ဘက်ဆိုင်ရာမှ အသုံးပြုသူများက အသုံးပြုခွင့် ရရှိနေချိန်တွင် အရပ်သားများအတွက် သီးသန့် အင်တာနက်ဖြတ်တောက်မှု များ၊ ပိတ်ပင်မှုများ ပြုလုပ်နိုင်သည်ဟု ဆိုသည်။
 
လွန်ခဲ့သည့် လထဲတွင် အစိုးရသည် နိုင်ငံတွင်းမှ အင်တာနက် အသုံးပြုသူများကို နိုင်ငံခြားသို့ VOIP စနစ် အင်တာနက် ဖုန်းခေါ်ဆိုမှုများ ပိတ်ပင်ခဲ့သေးသည်။ ထိုကဲ့သို့ စျေးနှုန်းချိုသာစွာ နိုင်ငံခြားနှင့်ဆက်သွယ်နိုင် သည့် Skype နှင့် Pfingo ကဲ့သို့ ဝန်ဆောင်မှုများကို ပိတ်ပင်လိုက်သဖြင့် မြန်မာများအဖို့ နိုင်ငံခြားနှင့် ဆက်သွယ်ရေး ခက်ခဲသွားခဲ့ရပြီး အခြားရွေးချယ်စရာဆို၍ အင်မတန် စျေးကြီးသည့် နည်းလမ်းများသာ ရှိတော့သည်။
 
အင်တာနက်တွင် မြန်မာဘလော့ပေါင်း တသောင်းခန့် ရှိနေပြီး၊ ၂ဝဝ၉ ခုနှစ်ထက်ဘလော့အသုံးပြုလာသူ ပေါင်း ၂၅ ရာခိုင်နှုန်း တိုးတက်လာသည်ဟုလည်း Freedom House က ဆိုသည်။

သို့ရာတွင် မြန်မာဘလော့ဂါ ထက်ဝက်ခန့်မှာ နိုင်ငံ့ပြင်ပတွင် နေထိုင်သူများဟု ဆိုသည်။ ထို့ပြင် ထိုသို့ ဘလော့ဂါများ၏ စွမ်းအားကို တားဆီးနိုင်ရေးအတွက် စစ်အစိုးရသည် ၂ဝဝ၇ ခုနှစ်တွင် ဝန်ကြီးဌာနတိုင်းတွင် ဘလော့စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းခဲ့ပြီး ပြည်ပမှ ဘလော့ဂါများနှင့် နိုင်ငံခြားမီဒီယာများ၏ အရေးပါမှုကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့သည်ဟု Freedom House ၏ လေ့လာမှုများအရ သိရသည်။
 
ထင်ရှားသည့် မြန်မာဘလော့ဂါ မရွှေဇင်ဦးက မဇ္စျိမကို “အင်တာနက်ဆိုတာ အရမ်းအရေးကြီးပေမယ့် မြန်မာနိုင်ငံမှာ လူတိုင်း သုံးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သုံးတဲ့သူတွေဆိုရင်လည်း အင်တာနက်က အရမ်းနှေးတာကြောင့် ထိထိရောက်ရောက် သုံးခွင့် မရပါဘူး။ ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ဆိုရင် အင်တာနက်က အထူးလိုအပ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိနေသူ အချင်းချင်း ဆက်သွယ်ဖို့ဆိုရင်တော့ အင်တာနက်က သိပ်အရေး မပါသေးဘူး” ဟု ပြောဆိုသည်။ မရွှေဇင်ဦးသည် သူ၏ ဘလော့ပို့စ်များကို အင်တာနက် အနည်းငယ် မြန်လာတတ်သည့် ညသန်းခေါင် အချိန်များတွင် တင်လေ့ရှိသည်ဟု ဆိုသည်။
 
တူနီးရှားနှင့် အီဂျစ်တွင် အစိုးရများကို ပြုတ်ကျစေခဲ့ပြီး အရှေ့အလယ်ပိုင်းတခွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားကာ နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့သည့် ‘နွေဦးရာသီ တော်လှန်ရေး’ နှင့်အတူမြန်မာအစိုးရ သည် လျင်မြန်စွာ အရေးပါလာသည့် အင်တာနက်နှင့် အွန်လိုင်းလူမှုရေး ကွန်ယက်များအား အာရုံစိုက် သတိထားလာသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ပြည်သူလူထု၏ အုံကြွမှှုများ ပေါ်ပေါက်လာပြီးနောက် တရုတ်အစိုးရသည်လည်း စိုးရိမ်လာကာ စည်ကားသည့် လမ်းများတွင် ရဲများ ချထားကာအင်တာနက်ထဲတွင် လည်း “စံပယ်ဖူး” နှင့် “တော်လှန်ရေး” ဟူသော စကားလုံးများ ပါဝင်သည့် ဝဘ်ဆိုဒ်နှင့် ဘလော့များကို ကြည့်ရှှု၍ မရစေရန် ပိတ်ပင်ခဲ့သည်။ “စံပယ်ဖူး” ဆိုသည့် စကားလုံးမှာ ယီမင်နိုင်ငံ၏ “စံပယ်ဖူး တော်လှန်ရေး” ကို ရည်ညွှန်းထားသည့် စကားလုံး ဖြစ်သည်။
 
အင်တာနက် ဥပဒေများ
မြန်မာအစိုးရသည် သတင်းဆက်သွယ်ရေး နည်းပညာ (ICT) နှင့် ပတ်သက်၍ ဥပဒေ ၃ ခုကိုလည်း ချမှတ်ခဲ့သည်။ ထိုဥပဒေများမှာ မြန်မာကွန်ပြူတာ သိပ္ပံဖွံ့ဖြိုးရေး ဥပဒေ၊ Wide Area Network ဥပဒေနှင့် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေတို့ ဖြစ်သည်။
 
၂ဝဝ၄ ခုနှစ် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေ၏ အပိုဒ်ခွဲ ၃၃ အရ နိုင်ငံတော်၏ လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသည့် အင်တာနက် အသုံးပြုသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ (သို့မဟုတ်) ကြီးလေးသော ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးချမှတ်အပြစ် ပေး နိုင်သည်ဟု ဆိုထားသည်။

အင်တာနက် အသုံးပြု၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည့် သာမန်အသေးအဖွဲ အပြုအမူမျိုးကိုပင် ပြင်းထန်စွာ အရေးယူ အပြစ်ပေးနိုင်သည့် ဥပဒေများ ထုတ်ပြန်၍ မြန်မာအစိုးရသည် လူထုကြားထဲတွင် ကြောက်ရွံ့စိတ်များ ပျံ့နှံ့စေရန် လုပ်ဆောင်ခဲ့သဖြင့် သာမန်လူထုကြားထဲတွင် အစိုးရက ဆင်ဆာမလုပ်မီကပင် မိမိဘာသာ ကြောက်ရွံ့၍ မိမိ လွတ်လပ်ခွင့်ကို မိမိကိုယ်တိုင် ဆင်ဆာလုပ်မိသည်မျိုးလည်း ရှိနေသည်ဟု ဆိုသည်။
 
ကွန်ယက် မှန်သမျှ မကြာခဏ ကန့်သတ်ပိတ်ပင်
ဗုဒ္ဓဘာသာ ရဟန်းတော်များ ဦးဆောင်ခဲ့သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလဖြစ်သည့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အတွင်း အစိုးရပိုင် ISP မှ အင်တာနက် ဆက်သွယ်မှုများ တနိုင်ငံလုံးတွင် ဖြတ်ချခဲ့သေးသည်။
 
နာဂစ်မုန်တိုင်းပြီးစ ၂ဝဝ၈ ခုနှစ်တွင်လည်း အစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေး ဆောင်ရွက်ချက်များကို ဝေဖန်ရာ ရောက်သည့် သတင်းအချက်အလက်များ၊ ဗီဒီယိုများနှင့် ဓာတ်ပုံများကို အင်တာနက်အတွင်းဖြန့်ဝေခဲ့သည့် အတွက် ဘလော့ဂါနှင့် အင်တာနက် အသုံးပြုသူအချို့ အဖမ်းခံခဲ့ရသေးသည်။
 
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအတွင်းကလည်း အင်တာနက်များ လွန်စွာ နှေးကွေးသွားကာ မကြာခဏ လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတွင်း အင်တာနက် အသုံးပြုသူများက ဆိုသည်။ ထို့ပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိမ်းသိမ်းခံမှ လွတ်မြောက်ခါစ ကာလတွင်လည်း အစိုးရသည် အင်တာနက် နှေးကွေးစေရန် ရည်ရွယ်၍ bandwidthလျှော့ချကန့်သတ်မှှု များနှင့် အချို့ ဝဘ်ဆိုဒ်များအား ပိတ်ပင်မှုမျိုး ပြုလုပ်ခဲ့သေးသည်။
 
‘သတင်းနည်းပညာ ကျမ်းကျင်သူများက နိုင်ငံပိုင် ISP များ အနေဖြင့် နိုင်ငံရေးအရ အရေးကြီးသည့် အချိန်တိုင်းတွင် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံဖိုင်များ ပေးပို့ဖလှယ်၍ မရစေရန် ရည်ရွယ်၍ ထိုကဲ့သို့ bandwidth လျှော့ချကန့်သတ်မှုများ ပြုလုပ်လေ့ ရှိသည်ဟု ဆိုကြသည်’ ဟု Freedom House ၏ လေ့လာချက်ထဲတွင် ဖော်ပြထားသည်။
 
စစ်အစိုးရ လက်ထက်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့် အချိန်များနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် အချိန်အချို့ တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှု ကွန်ယက်များပါ ဖြတ်တောက်ခဲ့သည်ဟု ၎င်းတို့လေ့လာချက်တွင် ဖော်ပြထားသည်။
 
ထို့ပြင် စစ်အစိုးရသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပြည်ပမီဒီယာများ၏ ဝဘ်ဆိုဒ်များ ယာယီ ရပ်တန့်သွားစေရန် ရည်ရွယ်၍ (DDoS) တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
 
အစိုးရ၏ ထောက်လှမ်းရေး ဌာနများနှင့် ပြန်ကြားရေး ဝန်ကြီးဌာနများသည် ဝဘ်ဆိုဒ်များအား တခါတရံ စိတ်ကူးပေါက်သလို ပိတ်ပင်လေ့ရှိသလို အီးမေးလ်နှင့် လူမှုကွန်ယက် ဝဘ်ဆိုဒ်များအား ဝင်မရစေရန် မကြာခဏ ပိတ်ပင်တားဆီးလေ့ရှိသည်။ နိုင်ငံတွင်း နေထိုင်သူများအဖို့ အင်တာနက် လွတ်လပ်ခွင့် ပိတ်ပင်ခံရသည်မှာ နေ့စဉ် ကြံုတွေ့နေရသဖြင့် မထူးဆန်းတော့သည့် ဖြစ်စဉ်တခုပင် ဖြစ်သည်။ အစိုးရ အနေဖြင့် စီးပွားရေးနှင့် သွေးဆောင်စည်းရုံးရေးအတွက် အိုင်တီ နည်းပညာကို အသုံးချနေသော်လည်း တဖက်တွင်မူ ပြည်သူလူထု၏ အင်တာနက် လွတ်လပ်ခွင့်ကို တားမြစ်ပိတ်ပင်ထားသည်မှာ ထင်ရှားနေသည်။
 
လတ်တလော အခြေအနေများကို သုံးသပ်၍ ခန့်မှန်းရလျှင် မြန်မာအစိုးရသည် အင်တာနက်ပိတ်ပင်တားမြစ် မှုကို လျှော့ပေါ့ပေးခြင်း မပြုလုပ်ဘဲ၊ ၁၉၄၉ ခုနှစ်တွင် ဂျော့ချ်အိုဝဲလ် ရေးသားခဲ့သည့် “၁၉၈၄” ဝတ္ထုထဲမှ “အကိုကြီးများ” အစိုးရကဲ့သို့ပင် ပိတ်ပင်တားမြစ်မှုများ ပြုလုပ်နေလိမ့်ဦးမည်ဖြစ်သည်။

Most read this week