ကြံ့ဖွံ့ခေါင်းဆောင်ပိုင်း ဝန်ကြီးဟောင်းများ ဖြစ်ဖွယ်ရှိ

ကြံ့ဖွံ့ခေါင်းဆောင်ပိုင်း ဝန်ကြီးဟောင်းများ ဖြစ်ဖွယ်ရှိ
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ)။     ။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်ပိုင်းကို ပြန်ဖွဲ့တော့မည် ဖြစ်ရာ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဟောင်း ဦးသိန်းဇော် ဖြစ်လာဖွယ် ရှိကြောင်း ပါတီ တာဝန်ရှိသူများ အဆိုအရ သိရသည်။

ပါတီ ခေါင်းဆောင် အများစုမှာ အစိုးရသစ်၌ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ရာ၌ ပါဝင်သွားပြီးနောက် အဆိုပါ လစ်လပ်နေရာများအတွက် ဧပြီလကုန်ပိုင်းတွင် ပြန်လည် အစားထိုးမည်ဖြစ်ရာ၊ ပါတီကို အဓိက ချုပ်ကိုင်သွားမည့် ၎င်းတို့ ၂ ဦး အမည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးအဖွဲ့က နားသွားတဲ့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ သူတို့တွေက ဒီဘက်မှာ ပါတီလုပ်ငန်းတွေကို ကျစ်ကျစ်လစ်လစ် ပြန်ပြီးတော့ ကိုင်တွယ်မယ့် သဘောရှိတယ်”  ဟု အမည်မဖော်လိုသည့် ရန်ကုန်တိုင်းအဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ လက်ရင်းလူယုံတဦးဟု လူသိများပြီး၊ ရွေးကောက်ပွဲ ကာလတွင် ကြံ့ဖွ့ံပါတီ ကိုယ်စားပြုကာ မန္တလေးတိုင်း တောင်သာမြို့နယ်မှ ဝင်ရောက်အရွေးခံခဲ့ပြီးလွှတ်တော် အမတ် ဖြစ်လာခဲ့သည်။

ထို့အတူ ဆက်သွယ်ရေးလုပ်ငန်းများစွာ အစိုးရနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရရှိနေသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဟောင်း ဦးသိန်းဇော်မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမှ အရွေးခံခဲ့ပြီးအမတ်ဖြစ်လာခဲ့ သည်။

အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ပါတီကို လတ်တလော ထိန်းကျောင်းနေကြောင်းနှင့် ဧပြီလအတွင်း ဒေသအသီးသီးအလိုက် ပါတီဝင်သစ် စုဆောင်းရေးကို သူကပင် လမ်းညွှန်သွားမည်ဖြစ်ကြောင်းတာဝန်ရှိ သူများ အဆိုအရ သိရသည်။ ပါတီအင်အားစာရင်းကိုလည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်သည် အစိုးရသစ်တွင် သမ္မတ၊ နာယက အဖွဲ့ဝင် ဖြစ်ခဲ့သူသီဟသူရတင်အောင်မြင့်ဦး မှာ ဒုသမ္မတ၊ နာယက အဖွဲ့ဝင် ဦးတင်အေးမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တာဝန်များကို ရယူခဲ့ကြသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အစိုးရသစ်တွင် တာဝန်များ ရရှိသွားပြီးနောက် ပါတီတွင်း၌ အဓိကနေရာရ ရှိလာနိုင်သူဟု အများက ထင်ကြေးပေးခံရသူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည်  သူ၏ လက်အောက်ခံ ဝန်ထမ်းများ၏ ခြစားမှုများကြောင့် ထိပ်ပိုင်းနေရာ ရရှိလာနိုင်မည် မဟုတ်ဟု ခန့်မှန်းကြသည်။

“သူ့လက်အောက်က လူတွေက သူ့ကို “အဘ” ခေါ်ပြီး ညာနေကြတာကို သူက ယုံပြီး စွတ်စွတ်ပြီး ရမ်းတော့၊ လူထုကြားမှာလည်း လူရိုင်းစာရင်း ဝင်သွားသလို ပါတီထဲမှာလည်း သူ့ရဲ့ ပုံရိပ်က မကောင်းတော့ဘူး ဖြစ်သွားတာပေါ့ဗျာ” ဟု ရန်ကုန်တိုင်းအဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူကပင် ပြောပြသည်။

ရွေးကောက်ပွဲကာလတွင် ဦးအောင်သိန်းလင်း ဝင်ရောက်အရွေးခံသည့် တောင်ဥက္ကပမြို့နယ်ရှိ လမ်းများကို ခင်းကျင်းရန် ငွေကြေးထုတ်ပေးခဲ့သော်လည်း ပြီးပြတ်အောင် မလုပ်နိုင်ခဲ့သလို နိုင်ငံရေးဘက်၌တွင်လည်း ဆက်ဆံရေး ပြေပြစ်သူမဟုတ်ဟု ပါတီလုပ်ဖော်ကိုင်ဘက်များ အဆိုအရ သိရသည်။ သို့သော် သူသည် ပါတီ၏ ရန်ကုန်တိုင်း တာဝန်ခံရာထူးကိုမူ ယူထားသေးသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်ဟု စစ်အစိုးရ ကြေညာခဲ့သည်။