ကျောက်ဖြူတွင် လှိုင်းကြောင့် စက်လှေများ နစ်မြုပ်

ကျောက်ဖြူတွင် လှိုင်းကြောင့် စက်လှေများ နစ်မြုပ်
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ)။     ။ပင်လယ်လှိုင်းလုံးကြီး များ တနင်္ဂနွေနေ့ ညပိုင်းတွင် ရုတ်တရက် ရိုက် ခတ်လာသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီး ဇင်ချောင်းကျေးရွာရှိ ပင်လယ်ငါးဖမ်း စက်လှေ ၂ဝ ခန့် နစ်မြုပ်ပျက်စီးကြာင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အဆိုအရ သိရသည်။

KyaukPyu-Wave ရာသီဥတု သာယာလျက်ရှိရာမှ ကျောက်ဖြူတောင်ဘက် ၂၈ မိုင်ခန့်အကွာဇင်းချောင်းကျေး ရွာ၌ ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီခန့်တွင် ရုတ်တရက် ပင်လယ်လှိုင်းများ မြင့်တက်လာသောကြောင့် ကမ်းခြေတွင် ကျောက်ချ ထားသည့် ငါးဖမ်းစက်လှေ အစီး ၂ဝ ခန့် နစ်မြုပ်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
KyaukPyu-Wave
“လေမတိုက်ဘူး၊ ဆိုင်းမဆင့် ဗုံမဆင့် လှိုင်းတွေကြီးလာပြီး စက်လှေတွေ မြုပ်ကုန်တာ။ သူတို့ပြောတော့ ဂီရီမုန်တိုင်းက လှိုင်းတွေထက် ကြီးတယ်တဲ့။ ထူးဆန်းတာက အဲဒီရွာနဲ့ ရ မိုင်လောက်ဝေးတဲ့ ရွာတွေကို မေးတော့ သူတို့ဘက်မှာ ဘာမှမဖြစ်ဘူး။ ဇင်ချောင်းတရွာပဲ။ လှိုင်းက လူတရပ်ကျော်တယ်တဲ့” ဟု RNDP မှ ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ကျောက်ဖြူမြို့ခံ ဦးဘရှိန်က မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ရွာက ပင်လယ်ကို ခါးပန်းတင်ထားတာ။ ကမ်းစပ်နဲ့ ပေ ၃ဝ လောက် ဝေးတယ်။ အိမ်တွေအထိ လှိုင်းတွေ လာစင်တော့ သူတို့က လန့်နေကြတာပေါ့။  သင်္ကြန်တွင်း လှေမထွက်ဘဲ နားထားလို့ လူမသေတာ။ ထူးထူးဆန်းဆန်း ဒါမျိုး အခုမှ ကြားဘူးတယ်” ဟု ပြောသည်။ စက်လှေ ၆ စီးမှာ သုံးမရသည်အထိ ပျက်စီးသွားပြီး၊ တနင်္လာနေ့ မနက်အထိ ပင်လယ်လှိုင်း ထန်သေးသောကြောင့် ကျန်ရှိ စက်လှေများအား ဆယ်ယူနိုင်ခြင်း မရှိသေးဟု ဆိုသည်။

၂၅ ပေခန့် ရှည်လျားကာ မြင်းကောင်ရေ ၂ဝ အားရှိ စက်များ တပ်ဆင်ထားသည့် ငါးဖမ်းစက်လှေများ ဖြစ်ကြပြီး၊ ငါးဖမ်းပိုက် အပါအဝင် ကာလတန်ဖိုးမှာ တစီးလျှင် ကျပ် သိန်း ၂ဝ ခန့် ပေါက်စျေးရှိသည်။

အိမ်ခြေ ၁ဝဝဝ ကျော်ရှိ ဇင်ချောင်းရွာသည် အနောက်ဘက်တွင် ဘင်္ဂလားပယ်လယ်နှင့် အရှေ့ဘက်တွင် ပင်လယ်ကွေ့ငယ်က ဝန်းရံထားပြီး၊ ရွာခံများမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။

ရာသီဥတု သာယာနေဆဲမှာပင် ပင်လယ်လှိုင်းလုံးများ ရုတ်တရက် မြင့်တက်လာခြင်းမှာ ရခိုင်ဒေသအနီး ဘင်္ဂလားပင်လယ် ရေအောက် ကြမ်းပြင် မြေပြိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း မိုး/ဇလ ပညာရှင်ဒေါက်တာ ထွန်းလွင်က ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။

“ကျနော်မသိသေးတော့ အတိအကျတော့ မပြောနိုင်ဘူး။ ခန့်မှန်းပြီးပြောရရင် TOTAL ရေနံကုမ္ပဏီက အဲဒီဒေသကို ဆာဗေးလုပ်ထားတာ ကျနော် ဖတ်ရတယ်။ ရခိုင်ဘက်က ဘင်္ဂလားပင်လယ်မှာ ရေအောက်ကြမ်းပြင်တွေ မြေပြိုတတ်တယ်လို့ ဆိုတယ်။ ဆူနာမီလည်း မရှိ၊ မုန်တိုင်းလည်း မဝင်ဘဲ ဖြစ်တယ်ဆိုတော့ ဒါက ဖြစ်နိုင်ခြေ များတယ်” ဟု သူက ဆိုသည်။

သူက ဆက်ပြီး “ကျနော်ကြည့်ထားတာက အဲဒီဘက်မှာ မိုးလေဝသသဘောအရ ဘာမှမရှိဘူး၊ နေရာကွက်ပြီး လှိုင်းကြီးတယ်ဆိုတော့ ထူးခြားတယ်၊ မိုးလေဝသဆိုတာ ခန့်မှန်းလို့ရတယ်။ ရေအောက်ကြမ်းပြင်မြေပြိုတာ တွေက ကြိုပြီး သိဖို့ မလွယ်ဘူး” ဟု ဆိုသည်။

၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသ ရ မြို့နယ်ကို ဂီရီဆိုင်ကလုန်း တိုက်ခတ်ခဲ့သဖြင့်် မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များမှာ အများဆုံး အထိအခိုက်နှင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

လူပေါင်း ၂ သိန်းခန့် ဂီရိမုန်တိုင်းသင့်ခံရပြီး၊ ၄၅ ဦး သေဆုံးကာ၊ ၄၉ ဦး ဒဏ်ရာရရှိပြီး၊ ၁ဝ ဦးပျောက်ဆုံးခဲ့ရ ကြောင်းနှင့် ကျပ်ငွေ ၁၈ ဘီလီယံ (သန်း ၁၈ဝဝဝဝ) ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံးကထုတ်ပြန် ခဲ့သည်။