နယူးဒေလီ (မဇ္စျိမ) ။ ။ ချင်းပြည်နယ်၌ ငှက်ဖျား ပိုးနှင့် မကင်းသူမှာ လူ ၁ဝဝ လျှင် ၂၅ ဦးကျော် ရှိနေကြောင်း အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုအဖွဲ့က သောကြာနေ့တွင် ပြောဆိုလိုက်သည်။
လူဦးရေ ၁ဝဝ လျှင် ၂၅ ရာခိုင်နှုန်းကျော်မှာ ငှက်ဖျားမကင်းသူများဖြစ်ပြီး၊ သေဆုံးနှုန်းမှာလည်း ၂ဝ ရာနှုန်းကျော်ကြောင်း ဒေသတွင်း ကျန်းမာရေး အခြေအနေကို အနီးကပ် လေ့လာကာစစ်တမ်းကောက် နေသည့် နှစ်နိုင်ငံ နယ်စပ်နေ တိုင်းရင်းသား လူမျိုးစုအဖွဲ့များ စုပေါင်းအဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ အတွေ့အကြံုအရတော့ ၁ဝဝ မှာ ၂၅ ရာခိုင်နှုန်းကျော်လောက်ကို ငှက်ဖျားရောဂါ ဖြစ်နေတာ။ ဖြစ်တယ်ဆိုတဲ့ ငှက်ဖျားရောဂါကလည်း အသက်အန္တရာယ်ကို ဖြစ်စေတဲ့ Malaria PF ပေါ့နော်။ ဦးနှောက်ထဲထိ ဝင်နိုင်တဲ့ ငှက်ဖျားရောဂါပိုးပေါ့နော်။ အဲဒီရောဂါပိုးရဲ့ ဖြစ်နှုန်းက ၂၅ ရာခိုင်နှုန်း ကျော်ပါတယ်။သေတဲ့နှုန်းက လည်းဘဲ ၂ဝ ရာခိုင်နှုန်း ကျော်ပါတယ်။ နယ်စပ်တလျှောက် လက်လှမ်းမီသလောက်ပေါ့။ အထူးသဖြင့် ချင်းပြည်နယ်” ဟု အဖွဲ့တာဝန်ခံ ဦးသူရက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “ကျန်းမာရေးလုပ်သားတွေရဲ့ ပြောပြချက်အရ ဖျားတယ်ဆိုရင်၊ သေဆုံးတယ်ဆိုရင် ငှက်ဖျားရောဂါပိုး လက္ခဏာတွေ တွေ့တယ်တဲ့။ တွေ့တယ်ဆိုတော့ ကျနော်တို့က ဒီအတိုင်း ကုသမယ့်အစား စုပေါင်းစစ်ဆေးမှု လုပ်မယ်ဆိုပြီးတော့ ငှက်ဖျားရောဂါလို့ ယူဆရတဲ့ လူနာမှန်သမျှကို အမြန်ဆုံးသွေးစစ်ဖော် ထုတ်နိုင်တဲ့ RTT လို့ ခေါ်တဲ့ ပါရာချက်နဲ့ စစ်ဆေးပါတယ်။ စစ်ဆေးပြီးတော့မှ ဒီကိန်းဂဏန်းတွေ၊ ဒီအဖြေတွေ ရတာပါ” ဟု ဆိုသည်။
ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် ချင်းလူထုရေးရာကော်မတီ CPAC မှ ဒုတိယ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံ ပူးလ်မန်လိုင်းကလည်း “ပြည်တွင်းမှာ ကွင်းဆင်းပြီးတော့ ငှက်ဖျား ရှိမရှိ လုပ်တယ်။ ပြည်တွင်းမှာရှိတဲ့ ငှက်ဖျား လူနာတွေကို ကြည့်တဲ့အခါ အုပ်စုတစု၊ လူဦးရေ Population က ၁ဝဝဝ ပေါ့နော်၊ ၁ဝဝဝ မှာဆိုလို့ရှိရင် ပျမ်းမျှနဲ့ တွက်လိုက်ရင် ၂၅ ရာခိုင်နှုန်း ဆိုတဲ့ဟာ ” ဟု မဇ္စျိမကို ပြောသည်။
ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် CPAC ၊ နာဂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ဇိုမီး လူ့အခွင့်အရေး ဖောင်ဒေးရှင်းနှင့် ကူကီး အမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့ ပါဝင်ပြီး၊ ၂ဝဝ၇ အောက်တိုဘာထဲတွင် စတင်တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့၏ ချင်း၊ ရခိုင်နှင့် နာဂတောင်တန်း ဒေသများသာမက ကချင်ပြည်နယ် ကဘော်ချိုင့်ဝှမ်းဘက်တွင်ပါ ငှက်ဖျား ထိန်းချုပ်ရေး၊ အမျိုးသမီးနှင့် ကလေးငယ် ကျန်းမာရေးဆိုင်ရာ ကူညီပေးခြင်း၊ ဆေးကုသခြင်း၊ ရောဂါဖော်ထုတ်ခြင်း၊ ဆေးပညာဗဟုသုတ ပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ယခုနှစ်ဆန်းပိုင်း ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများ “Myanmar Health Statistics 2010” အရ ချင်းပြည်နယ်တွင် လူ ၁ဝဝဝ ၌ ၄၈ ဦး (၄.၈ ရာခိုင်နှုန်း) ငှက်ဖျား ရှိသည်ဟုသာကျန်းမာရေးဝန်ကြီးဌာန ၏ တရားဝင် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် ၄၁၊ ကချင်တွင် ၃၉ နှင့် ကယားတွင် ၃၁ ဦး ဖြစ်သဖြင့် ငှက်ဖျား ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးမှာ ချင်းပြည်နယ်ဟု ဆိုသည်။
ချင်းပြည်နယ်၌ ငှက်ဖျားဖြစ်သူ ၄.၈ ရာခိုင်နှုန်းဟူသော အစိုးရကိန်းဂဏန်းကို ဒေသတွင်းကွင်းဆင်းလုပ်ကိုင် သည့် CPAC ဒုတိယ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံက ယုံကြည်မှု မရှိပေ။
“ငိုင်ဖိုင်ပီးရွာမှာ အစိုးရကျေးလက်ကျန်းမာရေး ဆေးခန်းဆိုပြီးတော့ ရှိတယ်။ ဆရာဝန်တဦးနဲ့ သူနာပြုဆရာမ နှစ်ယောက်ရှိတော့ ဆေးတော့ မပြောနဲ့တော့ကွာ၊ သူတို့က လခတောင်မှ မရဘူးဘဲလေ။ သူတို့ ကျန်းမာရေးက ဘယ်လိုလုပ်မှာလဲ။ သူနဲ့လည်း ကျနော်တို့ ကိုယ်တိုင်တွေ့တယ်။ သူတို့ပုဂ္ဂိုလ်ရေးအတွက် ဆေးတွေကို အဆမတန်နဲ့ ရွာသားတွေကို ကုပြီးတော့ အဲဒီလိုနဲ့ပဲ မိသားစုအတွက် ရုန်းကန်နေကြတယ်လေ။ အဲဒီတော့ သူတို့ရဲ့စာရင်းကိုတော့ ကျနော် မှန်မယ်လည်း မထင်ဘူးဗျာ” ဟု ပြောသည်။
၂ဝ၁ဝ ခုနှစ်အတွက် ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလျက် ရှိသည်ဆိုပြီး၊ ၁၉၈၈ ခုနှစ်တွင်မူ လူ ၁ဝဝဝ လျှင် ၂၄.၅၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ဆိုထားသည်။
ယခုလို ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားရခြင်းမှာ ဒေသခံများ၏ ဆေးပညာဗဟုသုတ နည်းပါးခြင်းကြောင့်ပါ ပါဝင်သည်ဟု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က သုံးသပ်သည်။
“တချို့တွေက ဒေသထဲမှာရှိတဲ့ ဆေးဆိုင်တွေ၊ တချို့ အိမ်ဆိုင်လေးတွေက ဆေးရောင်းတာပေါ့ဗျာ။ ငှက်ဖျား အဖြစ်များတယ်ဆိုတော့ ငှက်ဖျားဆေးဆိုပြီး ရောင်းတယ်။ အဲဒါတွေကို သူတို့က ဘယ်လိုစားရင်ပျောက်မလဲ ဆိုတာ အတိအကျ မသိကြဘူး။ ဝယ်သောက်ကြတယ်။ ပြီးတဲ့အခါကျတော့ သက်သာသွားရင်ရပ်လိုက်တယ် ပေါ့။ ငှက်ဖျားဆေးက ပြင်းတယ်ဆိုတော့ စားလို့ရှိရင် ခေါင်းမူးတယ်၊ မခံနိုင်ဘူး။ အဲဒါကြောင့် သူတို့ ဆေးပတ်လည်အောင် မသောက်ကြဘူး” ဟု ဦးသူရက ပြောသည်။
ဇိုမီး လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ကိုမင်းထန်ကလည်း “သူတို့ဒေသမှာ အသိမရှိဘူးပေါ့နော်။ပညာပေးမှု လည်း မရှိဘူး။ သူ့ဟာနဲ့သူ ချင်းတို့ ချင်းဓလေ့ထုံးစံအရ နေကြတာပေါ့နော်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဘာတွေလည်း မရှိဘူးပေါ့နော်။ အဲဒါကြောင့် အဓိက ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။ နောက် အစားအသောက် မလုံလောက်မှုကြောင့်ပေါ့နော်။ ဒီလိုဖြစ်ရတယ်” ဟု ဆိုသည်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကလည်း အာတီမီစီနင်း ငှက်ဖျားဆေး မတိုးမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပွားလာသည်ဟု သံသယရှိကြောင်း ဧပြီလ ၄ ရက်နေ့ နေပြည်တော် ဆွေးနွေးပွဲတခု၌ ပြောဆိုခဲ့သေးသည်။ စံမမီသည့် ဆေးနှင့် အတုများ တင်သွင်းမှုကို တားဆီးရန် ဆေးဝါးကွပ်ကဲမှုဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနများကိုလည်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သေးသည်။
ထို့ပြင် အာစီမီစီနင်း ငှက်ဖျားဆေးယဉ်ပါးမှုကိုလည်း စီမံချက်ချ ကာကွယ်နှိမ်နင်းရန် လိုအပ်ကြောင်းနှင့် မြို့နယ် ၂၈၄ ခုတွင် ငှက်ဖျားရောဂါ အမြစ်တွယ်နေကြောင်း အာတီမီစီနင်း ဆေးယဉ်ပါးထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲ၌ ပြောဆိုခဲ့သေးသည်။
ချင်းပြည်နယ်တွင်လည်း ဆေးဝါးအတုအန္တရာယ်နှင့် ရင်ဆိုင်ရမှုများ ရှိနေကြောင်း စေတနာ့ဝန်ထမ်း ကျန်းမာရေး အဖွဲ့များက လေ့လာတွေ့ရှိထားသည်။
“ဆေးအတုပေါ့နော်။ ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးက အသိအမှတ် ပြုမထားတဲ့ ဆေးတွေပေါ့။လွယ်လွယ် ကူကူ၊ စျေးပေါပေါနဲ့ ရတဲ့ တရုတ်နိုင်ငံထုတ် ဆေးတွေ၊ ဘယ်ကမှ အသိအမှတ်ပြုထားခြင်း မရှိတဲ့ ဆေးတွေ၊ အဲဒါတွေကို သုံးတဲ့အခါကျ ဆေးမတိုးဘူးဆိုတာ ဖြစ်တယ်ဗျ။ ဆေးမတိုးတဲ့ နောက်ဆက်တွဲ ပြဿနာတွေက အန္တရာယ် အများကြီး ကြီးပါတယ်” ဟု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ တာဝန်ခံ ဦးသူရက ဆိုသည်။
ပူးလ်မန်လိုင်းကလည်း “ငှက်ဖျားကာကွယ်တဲ့ အထောက်အပံ့… ဥပမာဆိုရင် ခြင်ထောင်တွေပေါ့နော်။ နောက် ခြင်ဆေးဖျန်းတဲ့ဆေး။ အဲလိုမျိုးမှ မရှိတာ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဝယ်တဲ့ ခြင်ထောင်နဲ့ပဲ ညမှာထောင်ကြ တာပေါ့နော်။ မတတ်နိုင်တဲ့ မိသားစုက တပုံကြီး။ သူတို့ တောမှာလည်း လုပ်တယ်၊ အလုပ်လည်း လုပ်တယ်။ နောက်ပြီး ခြင်တွေပေါတဲ့ နေရာမှာ သွားအိပ်လို့ရှိရင် ခြင်ထောင်လည်း မပါ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် အကာအကွယ်မဲ့ပေါ့။ မဲ့တဲ့အခါကျ ပိုပြီး ရောဂါတိုးတက်နှုန်းက များလာတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝဝ၉ ခုနှစ်အတွင်း ငှက်ဖျားဖြစ်ပွားသူ ၅ သိန်းရှိကာ သေဆုံးသူ ၉၇၄ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရသည်။