ချင်းမိုင် (မဇ္စျိမ) ။ ။ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်သေးသော်လည်း ဦးသိန်းစိန်ခေါင်း ဆောင်သော အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးလို ကြောင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP က ပြောဆိုလိုက်သည်။
“ကျနော်တို့က သိန်းစိန်တက်လာတဲ့အချိန် တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် တက်လာတဲ့ အစိုးရသစ်နဲ့ ပြန်တွေ့ဆုံ ဆွေးနွေးသွားဖို့ ဖွင့်ထားတယ်။ သူ့အနေနဲ့ ဘယ်လိုကမ်းလှမ်းလာမလဲတော့ မသိဘူး။ ဒါပေမဲ့သူတို့အစိုးရ သစ်အပေါ် မူတည်တယ်လေ” ဟု အမည်မဖော်လိုသူ UWSP ဗဟိုကော်မတီဝင်တဦးက မဇ္ဈိမကိုဆက်သွယ် ပြောဆိုလာသည်။
ဦးသိန်းစိန်ကို သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်တင်မြှောက်ပြီးခါစ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်လည်း UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သေးသည်။ စာထဲတွင်“အမျိုးသား အချင်းချင်း အငြင်းပွားမှုများ ပြေငြိမ်းသင့်မြတ်ကြပါစေကြောင်း” ဟူ၍ ပါရှိသည်။
သို့သော်လည်း အစိုးရသစ်အပြောင်းအလဲတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်လာမည့် မျှော်လင့်ချက် သိပ်မထားသည်ကိုလည်း တွေ့ရသည်။
“အရင်က ယူနီဖောင်းဝတ်ပြီး အခု လုံချည်ကောက်ဝတ်လိုက်ပြီး ခေါင်းပေါင်း ပေါင်းလိုက်တာပဲလေ။ ဘာမှ မပြောင်းလဲဘူး” ဟု ဝ’ ခေါင်းဆောင်က တရုတ်ဘာသာစကားဖြင့် ပြောသည်။
စစ်အင်အား ၃ သောင်းခန့် ရှိသည်ဟုဆိုသော ဝ’ တပ်ဖွဲ့သည် စစ်ရေးအရ ပြင်ဆင်ထားမှုများ အဆင်သင့်ရှိပြီး ဝ’ နယ်မြေ တလက်မ၊ ကျည်တတောင့်မှ မဆုံးရှုံးနိုင်ကြောင်း ပြီးခဲ့သည့် မတ်လထဲတွင် ကျင်းပခဲ့သော စုံညီ နှစ်ချုပ်အစည်းအဝေး၌ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ပြောဆိုခဲ့သည်။
မတ်လ ၂ ရက်နေ့တွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် မစ္စတာကျာချင့်လင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပတ်သက်၍လည်း အဓိက ဆွေးနွေးမည်ဟု သူက ယုံကြည်ထားသည်။
ဗဟိုအစိုးရ သြဇာသက်ရောက်ခြင်း မရှိသော ဝ’ ထိန်းချုပ်နယ်မြေ၌ နေပြည်တော်ဘက်က တပ်အင်အား တိုးချဲ့လာခြင်း မရှိသော်လည်း နှစ်ဖက် အသင့်အနေအထား ပြင်ဆင်ထားမှုများ ရှိသည်ဟု ဆိုသည်။