နယူးဒေလီ (မဇ္စျိမ) ။ ။ ချင်းပြည်နယ် အစိုးရ ဝန်ကြီးဌာနများတွင် ပညာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂ ခု လိုအပ်နေကြောင်း ဒေသခံ ချင်းပါတီ ၂ ခုက ပြောသည်။
မရှိမဖြစ် လိုအပ်သည်ဟုဆိုကာ ချင်းတိုးတက်ရေးပါတီ CPP က ပညာရေး ဝန်ကြီးဌာနကိုလည်းကောင်း၊ ချင်းအမျိုးသားပါတီ CNP က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကိုလည်းကောင်းထပ်မံတိုး ချဲ့ရန် လိုလားနေခြင်း ဖြစ်သည်။
“ချင်းပြည်နယ်အတွက် ဝန်ကြီးစာရင်းမှာ ပညာရေး ပါမလာတော့ အတော်လေး အံ့သြသွားတယ်။ ချင်းတောင်မှာ ကျောင်းအဂါင်္နဲ့ညီတဲ့ ကျောင်းရှိဖို့ မပြောနဲ့ ဆရာတွေ တနှစ်တခါတောင် ကျောင်းကို မလာတာရှိတယ်။ ဒါကို သိမြင်နိုင်တဲ့ ပြည်နယ်က တိုက်ရိုက်လုပ်နိုင်မှ ပညာရေးမှာ ကောင်းသွားမှာ” ဟု CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်က မဇ္စျိမကို ပြောသည်။
CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ချင်းတောင်မှာဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုသစ်တောဝန်ကြီးဌာန ကို တာဝန်ပေးတယ်။ ကဲ.. ပိုက်ဆံယူပြီး၊ ခုတ်ခွင့်ပြုပြီး၊ ယုန်ကို မုန်လာဥ ဂိုဒေါင် စောင့်ခိုင်းသလိုပါပဲ။ စည်းကမ်းမဲ့ အမဲလိုက်တာ၊ တောမီးရှို့တာ၊ မြစ်တွေ ရေခန်းလာတာ၊ ချင်းပြည်နယ်မှာ ဒါတွေလုပ်ဖို့ ဘယ်ဌာနက တာဝန်ယူမလဲ” ဟု ပြောသည်။
ယခုဝန်ကြီးဌာန ထည့်သွင်းရန် ပြည်နယ်လွွှတ်တော် အစည်းအဝေး၌ အဆိုတင်ခဲ့သော်လည်းပြည်နယ်ဝန်ကြီး ချုပ်က နောင်မှ ဆွေးနွေးမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် အစည်းအဝေးများ၌အထက် က ပေးပို့သည့် အဆိုလွှာများကိုသာ ထောက်ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။
လက်ရှိတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး (ရှေးဟောင်း သုတေသန ဦးစီးဌာန) ဟူ၍ ဝန်ကြီးဌာန ၉ ခု ရှိသည်။
ထိုဝန်ကြီးဌာနများအတွက် CNP နှင့် CPP က ဝန်ကြီးတဦးစီ ရွေးချယ်ခံရပြီး၊ ကျန်နေရာများကို ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ််တို့ ရရှိထားသည်။ ဤသည်မှာ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးဟုန်ငိုင်း (ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) က ဖေဖော်ဝါရီ ၁၄ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး၊ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့တွင် ချင်းတိုင်းရင်းသားအမတ်များ ပိုမိုပါဝင်သင့်သည်ဟု CNP က ပြောသော်လည်း၊ CPP ကမူ ဝန်ကြီး ၂ နေရာအတွက် ချင်းပါတီအမတ်များ ရရှိခြင်းကို ကျေနပ်သည်ဟု ဆိုသည်။
ဝန်ကြီးစာရင်း တင်ရာ၌ ကြံ့ခိုင်ရေးအမတ် ဦးပူးကွီထန်သည် ဝန်ကြီးခန့်ရန် အသက်မပြည့်သဖြင့်ချင်းပါတီ များက ကန့်ကွက်သဖြင့် ပယ်ချခံခဲ့ရသေးသည်။ သို့သော် ၎င်းနေရာတွင် အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။
ချင်းပါတီများကမူ အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကိုပြည်နယ် အစိုးရက ဦးစားပေး လုပ်ဆောင်သင့်သည်ဟုလည်း ပြောဆိုကြသည်။
ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၄ နေရာ၌ CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ ENDP မှ ၁ ဦး၊ ကြံ့ခိုင်ရေးမှ ရ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၆ ဦးတို့ ဖြစ်သည်။
ဝန်ကြီးများ စာရင်း
၁။ ဦးဟုန်းငိုင်း ဝန်ကြီးချူပ် (ကြံ့ဖွံ့)
၂။ ဦးနိန်းနိုင်း စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု (ကြံ့ဖွံ့)
၃။ ဦးကျင့်လျန်ပေါင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (ကြံ့ဖွံ့)
၄။ ဦးနန်ဇမုန်း ဘဏ္ဍာရေးနှင့် စီမံကိန်း (ကြံ့ဖွံ့)
၅။ ဒေါက်တာဘမောင် လူမှုရေး (အငြိမ်းစား ညွှန်ချုပ်၊ ရှေးဟောင်းသုတေသန ဦးစီးဌာန)(ရွေးကောက်ခံမဟုတ်)
၆။ ဦးဗန်ထောင် စိုက်ပျိုးရေး (ပြည်နယ်မန်နေဂျာဟောင်း၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း) (ရွေးကောက်ခံမဟုတ်)
၇။ ဗိုလ်မှူးကြီးဇော်မင်းဦး လုံခြံုရေးနှင့် နယ်စပ်ရေးရာ (စစ်တပ်)
၈။ ဦးရမ်မန်း စီးပွားရေး (CNP)
၉။ ဦးကျော်ငြိမ်း စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော (CPP)