ကန်တော်ကြီး ကန်ပတ်လမ်း မဏ္ဍပ်ထပ်ဝက်လျှော့

ကန်တော်ကြီး ကန်ပတ်လမ်း မဏ္ဍပ်ထပ်ဝက်လျှော့
by -
မဇ္ဈိမသတင်းဌာန

ရန်ကုန် (မဇ္စျိမ) ။     ။ ယမန်နှစ် သင်္ကြန်တွင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်း၌ လုံခြံုရေးအရ မဏ္ဍပ်အရေအတွက် ထက်ဝက်ကျော် လျှော့ချဆောက်လုပ်စေခဲ့ကြောင်း ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“လုံခြံုရေးအရပါ။ မဏ္ဍပ်တွေ တခုနဲ့တခု သိပ်မကပ်အောင် နေရာတွေလည်း ချဲသွားမယ်။ နေရာဖြန့်ပီး ဆောက်ခွင့်ပေးပါတယ်။ မဏ္ဍပ်စည်းကမ်းမှာ လုံခြံုရေးအစီအစဉ်တွေ ထည့်တာ၊ လုံခြံုရေးအဆင့်မြှင့်တာကလွဲရင် ကျန်တာ ငွေသွင်းတာတွေဘာတွေ စျေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်က အတိုင်းပါပဲ။” ဟု အုပ်ချုပ်ရေးမှူးရုံးအရာရှိက ပြောသည်။

mandart

၂ဝ၁ဝ ခုနှစ် သင်္ကြန်အကြတ်နေ့က ဗုံး ၃ လုံးပေါက်ကွဲမှုကြောင့် လူ ၁ဝ ဦး သေဆုံးကာ၊ ၁၇ဝ ကျော် ဒဏ်ရာရခဲ့သည့် ကန်ပတ်လမ်းတွင် ယခုနှစ်တွင် လုံခြံုရေးအရ မဏ္ဍပ်တခုနှင့်တခု အကွာအဝေးကို တိုးချဲ့လိုက်ပြီး မဏ္ဍပ်ကြီး ရ ခုသာ ခွင့်ပြုတော့မှာဖြစ်သည်။ ယမန်နှစ်က ကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၆ ခု ရှိခဲ့သည်။
 
ထို့အတူ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ယခု ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှုးရုံး)၏ ယခုနှစ် မဏ္ဍပ်ဆောက်သူများ လိုက်နာရမည့် စည်းကမ်းချက် ၂၅ ခု တွင် ရေကစားမဏ္ဍပ်ကြီးများ၌ CCTV ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားထားပြီး ဗုံးရှာကိရိယာတခု မဖြစ်မနေ တပ်ဆင်ရန်လည်းညွှန်ကြားချက် ပေးထားသည်။
 
ရန်ကုန်တမြို့လုံးတွင် ပြီးခဲ့သည့်နှစ်က မဏ္ဍပ်အကြီး ၄၆ ခု ဆောက်လုပ်ခွင့် ပြုခဲ့သော်လည်း ယခုနှစ်တွင် မြို့တော်ဝန်မဏ္ဍပ်အပြင် မဏ္ဍပ်ကြီး ၃၁ ခုသာ ခွင့်ပြုခဲ့သည်။ မဏ္ဍပ်အရှည် ပေ ၅ဝ မှ ၁ဝဝ အကြားကို မဏ္ဍပ်ကြီး၊ ၂၅ ပေမှ ပေ ၅ဝ အကြားကို မဏ္ဍပ်အလတ်၊ ၂၅ ပေ အရှည်အောက်ကို မဏ္ဍပ်အသေးဟု သတ်မှတ်ထားသည်။
 mandart1

ဧပြီ ၁ ရက်နေ့က မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်များ စတင်ပေးခဲ့ကြောင်း သိရပြီး ခွင့်ပြုချက် ရရှိထားသည့် မဏ္ဍပ်ကြီး ၃၁ ခုမှာ-  ကန်ပတ်လမ်းတွင် ရ ခု၊ ပြည်လမ်းမတွင် ၅ ခု၊ ပါရမီလမ်းတွင် ၂ ခု၊ကမ္ဘာအေးဘုရားလမ်း တွင် ၅ ခု၊ ဆရာစံလမ်းတွင် ၃ ခု၊ စက်မှု(၁)လမ်းတွင် ၁ ခု၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ ခု၊ဝေဇယန္တာလမ်း တွင် ၁ ခု၊ ဘုရင့်နောင်လမ်းတွင် ၃ ခု၊ ဒဂုံမြို့နယ်တွင် ၂ ခု၊ ကမ်းနားလမ်းတွင် ၁ ခု  ဖြစ်ကြောင်း သိရသည်။
 
မဏ္ဍပ်တခု ဆောက်လုပ်သူများသည် စဘော်အဖြစ် ငွေကျပ် သိန်း ၃ဝ ကို ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှုးရုံးကို ပေးသွင်းရပြီး၊ ရေပိုက်သွယ်ခနှင့် သန့်ရှင်းရေးအခွန် တို့ကို စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရကြောင်း သိရသည်။

Most read this week