နယူးဒေလီ (မဇ္စျိမ) ။ ။ စက်မှု ၁ ပိုင်မြေကို ငှားရမ်းကာ ဆောက်လုပ်ရောင်းချခဲ့သောစျေး ဆိုင် ၄၁ ဆိုင်အား စက်ရုံမှူးက အင်အားသုံး ဖယ်ရှားရန် ကြိုးစားရာ အရပ်သားများက ဝိုင်းအော်သည့်အတွက် မအောင်မြင်ဘဲပြန်သွား ရမှု ပြည်မြို့နယ်တွင် တနင်္ဂနွေနေ့ကဖြစ်ပွား ခဲ့သည်။
ပဲခူးတိုင်း ပြည်မြို့နယ် သံတချောင်းလမ်းပေါ်ရှိ တက္ကသိုလ်ရှေ့၌ စက်မှု ၁ ပိုင် မြေပေါ်တွင်ဆောက် လုပ်ထားသည့် မြစန္ဒာရေခဲစက်ရုံ တိုက်တန်းမှ ဆိုင်ပစ္စည်းများအား စက်ရုံမှူး ဗိုလ်ကြီးဟောင်း ဦးတင့်လွင်က ဝန်ကြီးဌာန အမိန့်ဟုဆိုကာ ပြင်ပ အလုပ်သမားများဖြင့် ဧပြီလ ၃ ရက်နေ့တွင် ဆွဲထုတ်ရာ စျေးဆိုင်ပိုင်ရှင်များက “မတရားပါဘူး” ဟု ဝိုင်းအော်သဖြင့် အစီအစဉ် ပျက်သွားသည်။
စက်ရုံဝင်း လစဉ်မြေငှားခကို ပိုမိုတောင်းရာက စျေးသည်များနှင့် သဘောတူညီမှု မရသည့် နောက်ပိုင်း စက်ရုံမှုးက ဆိုင်ဖျက်ရန် ကြိုးစားခြင်းဖြစ်သည်။
ပြည်မြို့နယ်တွင် စက်မှု ၁ ပိုင်မြေကို ငှားရမ်းကာ ဆောက်လုပ်ရောင်းချခဲ့သော စျေးဆိုင် ၄၁ ဆိုင်အား စက်ရုံမှူးက အင်အားသုံး ဖယ်ရှားရန် ကြိုးစားရာ မအောင်မြင်ဘဲ ပြန်သွားရ
“အမိန့်ဆိုပြီး လက်မှတ်မပါတဲ့ မိတ္တူစာရွက်ပဲ ပါတယ်။ နေ့စားအလုပ်သမားတွေကို ချောဆွဲခေါ်လာပြီး၊ ပစ္စည်းတွေ ဆွဲထုတ်ပြီး လမ်းမှာ ပုံခိုင်းတယ်။ မတရားဘူးဆိုပြီး ကျမတို့က အော်တော့ လူတွေဝိုင်းလာပြီး အကုန်လုံး ဝိုင်းအော်တာနဲ့ ပြန်သွားတာ” ဟု ဆိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။
အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်တွေ့ရှိခဲ့သူ မြို့ခံတဦးကလည်း “ကား ၃ စီးနဲ့ အလုပ်သမားတွေ ခေါ်လာတာ။ ဆိုင်ထဲက ပစ္စည်းတွေ ဆွဲချတဲ့အချိန် လူတွေက ဝိုင်းလာပြီး အကုန်လုံးက မတရားပါဘူး အော်ကြတော့တာ။ လမ်းမကြီးမှာ လူတွေ အပြည့်ပဲ” ဟု ဆိုသည်။
လွန်ခဲ့သည့် ရ နှစ်ကျော်ကပင် ရေခဲစက်ရုံပိုင်မြေကို ငှားရမ်းကာ ကိုယ်ပိုင်ငွေဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ရှင်များက ပြောသည်။
ဆိုင်ခန်းမှာ ထပ်ခိုးပါ ၂ ထပ် အဆောက်အဦးဖြစ်ပြီး တခန်းလျှင် ၁ဝ ပေ X ၂၅ ပေ ကျယ်ဝန်းကာ၊ ကာလတန်ဖိုး ကျပ် သိန်း ၅ဝ မှ သိန်း ၈ဝ အထိ ကုန်ကျခဲ့ပြီး မြေငှားခမှာ တလလျှင် ကျပ် ၅၅ဝဝ ပေးသွင်းနေကြသည်ဟု ဆိုသည်။
ဆိုင်ခန်းများ ဖယ်ရှားခိုင်းရာတွင် အစိုးရပိုင် အဆောက်အအုံ ဥပဒေဖြင့် စက်ရုံအာဏာပိုင်က လွန်ခဲ့သည့် တနှစ်ခန့်ကတည်းက Notice စာများ မကြာခဏ ပေးပို့နေခဲ့သည်။ သို့သော် ဆိုင်ရှင်များကမူ ၎င်းတို့ ပိုင်ဆိုင်သည့် အဆောက်အအုံဟုဆိုကာ ပြောင်းရွှေ့ရန် ငြင်းဆန်လာခဲ့ပြီး၊ ဆိုင်များကို ဆက်လက်ဖွင့်လှစ်နေသည်။
မြစန္ဒာ ရေခဲစက်ရုံမြေအား ပြီးခဲ့သည့်နှစ် နှစ်ဦးပိုင်းတွင် ပုဂ္ဂလိကသို့ လေလံတင်ခဲ့ရာ AA ဆေးဝါးကုမ္ပဏီက ကျပ်သိန်း ၅၈ဝဝ ဖြင့် လေလံအောင်ခဲ့ကြောင်း မြို့ခံများက ပြောဆိုကြသည်။
ဆောက်လုပ်စဉ်က စာချုပ်ချုပ်ရာ နှစ်အကန့်အသတ် မပါဝင်သည်ကို အခွင့်ကောင်းယူ၍ လေလံပစ်ရာတွင် ဆိုင်ခန်းများကိုပါ ထည့်ရောင်းခဲ့ကြောင်း ဆိုင်ရှင်များကလည်း ပြောပြသည်။
၎င်းတို့ငွေဖြင့် ဆောက်ထားသည့် ဆိုင်များဖြစ်သဖြင့် မရွှေ့ပြောင်းရေးအတွက် ဆိုင်ရှင်များက နေပြည်တော် တရားရုံးချုပ်သို့ ယခုနှစ်ဆန်းပိုင်းတွင် လျှောက်ထားကာ၊ သမ္မတထံသို့ပါ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသနားခံစာ ပေးပို့ခဲ့ကြသေးသည်။
အခြေမပျက် ဆက်လက်နေရန် ဆိုင်ခန်းမြေကို ဆက်လက်ငှားရမ်းခြင်း (သို့မဟုတ်) ရောင်းချပေးရန် ညှိနှိုင်းလိုသည်ဟု ဆိုင်ရှင်များက ဆိုသည်။
“ရေအိုင်တွေကို မြေဖို့ပြီး ဆောက်ခဲ့ရတာ။ ၁ ကနေ စထားတဲ့ နေရာဆိုတော့ လျော်ကြေးရဖို့ထက် ဒီမှာပဲ အခြေမပျက် နေချင်တယ်၊ ပြောင်းရရွှေ့ရဆို ဘဝပျက်မယ့် မိသားစုတွေ ဒီမှာ အများကြီး” ဟု အခြား ဆိုင်ရှင်တဦးက ပြောသည်။
စက်ရုံမှူး ဦးတင့်လွင်ထံ ဆက်သွယ်မေးမြန်းရာ ၎င်းတွင် စာရွက်စာတမ်း အထောက်အထားများ ရှိသည်ဟုသာ ပြောဆိုပြီး၊ အသေးစိတ်ကို တယ်လီဖုန်းဖြင့် မပြောလိုဟု ဆိုသည်။
ပြည်တွင် အစိုးရဌာနများက ဝန်ထမ်း သက်သာချောင်ချိရေး ခေါင်းစဉ်ဖြင့် ဌာနပိုင် မြေလွတ်များ၌ ဆိုင်ခန်းများကို နှစ်ကန့်သတ်ချက် သို့မဟုတ် ကန့်သတ်ချက်မပါဘဲ ဆောက်လုပ်ဖွင့်လှစ်ခွင့် ပြုလေ့ရှိသည်။
ဆေးရုံဟောင်းအနီးရှိ အမှတ် ၁ ရဲတိုက်တန်းတွင်လည်း ငှားရမ်းထားသည့် ရဲဌာနမြေပေါ်ရှိ ဆိုင်ခန်းများအား ဖယ်ရှားခိုင်းသဖြင့် ဆိုင်ရှင်များက အဆောက်အအုံများ ဖြိုချကာ ဖယ်ရှားပေးခဲ့ရသေးသည်။
အလားတူ အမှတ် ၁ ၊ ၂ ရဲတိုက်တန်း၊ ဗဟိုမီးသတ်တိုက်တန်း၊ ပြန်ကြားရေးတိုက်တန်း၊ ဆောက်လုပ်ရေး တိုက်တန်းတို့မှာ မြို့အချက်အခြာ နေရာများတွင် တည်ရှိသည်။