ချင်းမိုင် (မဇ္စျိမ) ။ ။ ရက်ပိုင်းသာသက်တမ်း ရှိသေးသည့် ဦးသိန်းစိန် အစိုးရကိုတိုင်းရင်းသား ဒေသ များတွင် အပစ်ရပ်ရန်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် နှစ် ၆၀ ကျော်ကြာလက်နက် ကိုင်လာခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး KNU က တောင်းဆိုလိုက်သည်။
“ကရင့်အမျိုးသားအစည်းအရုံးမှ စစ်အာဏာရှင်အစိုးရကို ပထမခြေလှမ်းအဖြစ် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်၊ တိုင်းရင်းသားဒေသများတွင် တပ်စွဲထားသော စစ်တပ်များကို ပြန်လည်ရုပ်သိမ်းပေးရန်၊ စစ်တပ်မှ အပြစ်မဲ့ပြည်သူများကို အဓိကထား ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန်နှင့် နိုင်ငံရေးအရ နိုင်ငံရေး ပြဿနာကို အဖြေရှာရန် တွေ့ဆုံဆွေးနွေးမှုများကို စတင်ရန် တောင်းဆိုသည်” ဟု ဧပြီလ ၄ ရက် နေ့စွဲတပ် KNU ကြေညာချက်က ဆိုသည်။
ကရင်ပြည်နယ် တိုက်ပွဲဖြစ်ရာ ဒေသများတွင်လည်း ဒေသခံများကို စစ်အစိုးရတပ်များက ရိက္ခာများနှင့် စစ်လက်နက်များ သယ်ရန်နှင့် မြေမြှုပ်မိုင်းများ ရှင်းလင်းရန်အတွက် အဓမ္မခိုင်းစေမှုများ နေ့စဉ် ရှိခဲ့သည်ဟု KNU ကြေညာချက်တွင် ပါရှိသည်။
အပစ်အခတ်ရပ်ရေး ပြုလုပ်ရန်အပြင် တွေ့ဆုံဆွေးနွေးရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေဖြင့် တိုက်တွန်းဖိအားပေးရန် တောင်းဆိုပေးစေလိုကြောင်းလည်း ရေးသားထားသည်။
ပြီးခဲ့သည့်နှစ် တနှစ်ထဲတွင် KNU နှင့် စစ်အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ရာ ဗဟိုအစိုးရ စစ်တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိခဲ့ပြီး၊ KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ၏ ၂ဝ၁ဝ ခုနှစ် နှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။