ဘန်ကောက် (မဇ္စ္ဈိမ) ။ ။ မြန်မာနိုင်ငံသား ၄၅၀ ခန့် ထိန်းသိမ်းခံနေရသည့် မလေးရှားနိုင်ငံ ဆီရန်ဘန် Serenban ခရိုင်ရှိ လင်းခေးနိုင်ငံခြား သား ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံများ၏ ရှို့မီးကြောင့် ယနေ့ည ဒေသစံတော်ချိန် ၉ နာရီ ၁၅ မိနစ်မှ စ၍ မီးလောင်နေကြောင်း သိရသည်။
အကျဉ်းကျနေသူများက အဆောင်များကို စတင် မီးရှို့ကြောင်း၊ စခန်းကို လျှပ်စစ်စည်းရိုးဖြင့်ကာထားသော ကြောင့် ထွက်မပြေးနိုင်ပဲ ပိတ်မိနေကြကြောင်း အကျဉ်းကျခံနေရသူ ကိုဇူလိုင်က ပြောသည်။
“A အဆောင်ကို မီးနဲ့ရှို့ပြီးတော့ ဖောက်ထွက်ကြတယ်၊ အခုကျနော်တို့ ပိတ်မိနေတယ်၊ မီးညွန့်က သိပ်တော့ မတက်သေးဘူး” ဟု အကျဉ်းကျခံနေရသူ ကိုဇူလိုင်က မဇ္စ္ဈိမသို့ ပြောသည်။
စခန်းတွင်း မြန်မာနိုင်ငံသား ၄၅၀ အပါအဝင် အကျဉ်းကျနေသူ ၁၃၀၀ ကျော်ရှိပြီး A, B, C, D ဟူ၍ ၄ဆောင် ခွဲထားကြောင်း၊ D အဆောင်တွင် အကျဉ်းကျများ မရှိကြောင်း သိရသည်။
“ဒီမှာ နှစ်တွေကြာပေမယ့် ဘယ်သူမှ လာမထုတ်ဘူး၊ ဘယ်ကိုမှလဲ အကြောင်းကြားမပေးဘူး၊ တချို့က မြန်မာပြည် ပြန်လို့မရတဲ့သူတွေပါတယ်၊ သူ့ကိစ္စနဲ့သူ အများကြီးရှိတယ်၊ အဲဒါကြောင့် မပြန်ကြဘူး၊ ဒီမှာပဲ UN ကို စောင့်နေတာ၊ UN ကလဲ လာမထုတ်ဘူး၊ ပြီးတော့ အစာရေစာလဲ ဝဝလင်လင်မရှိဘူး၊ တခြားဘာမှလဲ အခွင့်အရေးမရှိဘူး” ဟု ကိုဇူလိုင်က ဆက်လက် ပြောဆိုသည်။
မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့်လူမည်းများ ရှိသည့်အဆောင်မှ ဆန္ဒ္ဒပြသည့် အနေဖြင့်မီးရှို့ကြပြီး A အဆောင်နှင့် B အဆောင်မှ အကျဉ်းသားများ ပိတ်မိနေကြောင်း ကိုဇူလိုင်က ပြောသည်။