ဖူးခက်မြို့တွင် ရဲအယောင်ဆောင် မုဒိမ်းသမားဖမ်းမိ

ဖူးခက်မြို့တွင် ရဲအယောင်ဆောင် မုဒိမ်းသမားဖမ်းမိ
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။       ။ မြန်မာနိုင်ငံသား ဂေါ်ရခါး မိန်းကလေး တဦးကို ရဲအဖြစ် ဟန်ဆောင် ဖမ်းဆီး၍ ၄ ရက်ကြာမတရားပြု ကျင့်ခဲ့သူဟု သံသယရှိခံရသူ ထိုင်းလူမျိုးတဦးကို ဖူးခက်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းရောက် နီပေါသား များအဖွဲ့ (Thai Nepali Foundation) က ပြောသည်။

ပါတောင်ရှိ Jungcylon စတိုးဆိုင်တွင် အလုပ်လုပ်နေသည့် အမိသာ ကို မတ်လ ၂၈ က ထိုင်းလူမျိုး အသက် ၂၉ နှစ်အရွယ်  ဖဖုံမနီရက် ဆိုသူက ရဲအဖြစ် ဟန်ဆောင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄ ရက်ကြာ မတရား ပြုကျင့်ခဲ့ကြောင်း ပါတောင်မြို့နယ် ရဲက ယခုလ ၃ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

Thai Nepali Foundation သည် ထိုင်းနိုင်ငံရောက် မြန်မာနွယ်ဖွား ဂေါ်ရခါး လူမျိုးများနှင့် ထိုင်းနိုင်ငံရှိ ဂေါ်ရခါး လူမျိုးများ စုဖွဲ့ထားသည့် လူမှုရေးအသင်းတခု ဖြစ်သည်။

marain“ဒီလ ၁ ရက်နေ့က အဲဒီလူက သူစခေါ်သွားတဲ့ ဒီပါတောင်မြို့ကို လာလွှတ်တယ်။ လွှတ်ပြီးနောက်မှာပဲ အမိသာ က ရဲစခန်းကို သွားအမှုဖွင့်တယ်။ ည ရ နာရီ မိနစ် ၂ဝ လောက်မှာ မိတယ်”ဟု အဖွဲ့ အတွင်းရေးမှူး အုမ် ကမဇ္စျိမကို ပြောသည်။

အမိသာနှင့် သူ့သူငယ်ချင်းများ မတ်လ ၂၈ ရက်နေ့ အလုပ်က အပြန်၌ ဖဖုံမနိရက် က ရဲဖြစ်ကြောင်းပြောဆိုကာ နေထိုင်ခွင့်လက်မှတ်များ တောင်းယူကြည့်ရှုခဲ့သည်ဟု ဆိုသည်။ အားလုံးတွင် လက်မှတ်များ ရှိနေသော်လည်း အမိသာ၏ နေထိုင်ခွင့် လက်မှတ်မှာ ရက်လွန်နေပြီဖြစ်၍ ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောပြီး ကားဖြင့်ခေါ်သွားသည်ဟု ဆိုသည်။
 
ထို့နောက် ရဲစခန်းသို့ ခေါ်မသွားဘဲ ကပီမြို့နယ်က  တည်းခိုခန်းတခုတွင် အခန်းငှားယူကာ အနိုင်အထက် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။
 
ယခုလ ၁ ရက်တွင် ဖဖုံမနိရက်က အမိသာကို ၎င်းခေါ်ဆောင်လာရာ ဂျေဂျေ ပလာဇာ မျက်နှာချင်းဆိုင်ရှိ ဖန်းမွန်းဆိုင် လမ်းမပေါ် ပြန်ပို့ရာမှ လမ်းပေါ်တွင် တပ်ထားသည့် စီစီတီဗီ ကင်မရာများမှတဆင့် မှတ်တမ်းရရှိကာ အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့ထုတ် ထိုင်း သတင်းစာများတွင် ဖေါ်ပြကြသည်။
 
ဖဖုံမနိရက်က ယခုလို ရဲဟန်ဆောင်ကာ ဂေါ်ရခါးမိန်းကလေးများကို ဖမ်းဆီး မတရားပြုကျင့်ခဲ့သည်မှာ ၆ ဦးရှိပြီဟု ရဲစခန်းတွင် ထွက်ဆိုကြောင်း ပါတောင်ရဲစခန်း မှ ရဲအရာရှိတဦးကို ကိုးကား၍ ထိုင်း သတင်းဌာန တခုဖြစ်သည့် Komchadluek က ဖော်ပြသည်။
 
ဖဖုံမနိရက် သည် ဘန်ကောက်အခြေစိုက် သန့်ရှင်းရေး ဆေးရည်ရောင်းသည့် ကုမ္ပဏီကြီးတခုတွင် အလုပ် လုပ်ကိုင်သူ တဦးဖြစ်ပြီး ၎င်း ပြုကျင့်ခဲ့သည့် အမျိုးသမီးအားလုံးမှာ မြန်မာပြည်ဖွား ဂေါ်ရခါးနွယ်ဝင်များ ဖြစ်ကြောင်း သိရသည်။
 
“အခု သူဝန်ခံခဲ့တဲ့ ၆ ယောက်ဆိုတာ တရားဝင် တိုင်တန်းခဲ့တဲ့လူတွေပဲ ရှိသေးတာ။ အမိသာ မဖြစ်ခင်ကထဲက အရင် ၅ ယောက်က ဒီစခန်းမှာ တိုင်ထားပြီးသား။ အခုမှ ဖမ်းတာ။ အရှက်တရားကြောင့် ထုတ်ဖေါ်မပြောရဲဘဲ ငုံ့ခံသွားရတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲဆိုတာ မသိဘူး”ဟု အုမ် ကပြောသည်။
 
ဖမ်းးဆီးပြုကျင့် ခံရသူများတွင် ပါလာသည့် ဖုန်း၊ လက်ဝတ်တန်ဆာနှင့် အဖိုးတန်ပစ္စည်းများကို ယူထားလိုက်သလို အခြားမြန်မာအလုပ်သမားများကိုလည်း ဖမ်းဆီးငွေညှစ်ခဲ့ကြောင်း သိရသည်။
 
ပါတောင်ရဲစခန်းက ဖဖုံမနိရက်ကို အဓမ္မ ပြုကျင့်မှု အပါအဝင် လုယက်မှု၊ လိုင်စင်မပါ လက်နက်ကိုင်ဆောင်မှု၊ အစိုးရဝန်ထမ်း အယောင်ဆောင်မှုတို့ဖြင့် တရားစွဲလိုက်ပြီ ဖြစ်သည်။

Most read this week