အမတ် ဦးမောင်စောဖြူ ဆေးရုံတင်ရ

အမတ် ဦးမောင်စောဖြူ ဆေးရုံတင်ရ
by -
ကျော်ခ

လွှတ်တော် အစည်းအဝေးများ ပြီးဆုံးသဖြင့် ကြာသပတေးနေ့တွင် ဌာနေသို့အပြန်လမ်း ကားပေါ်၌ ရခိုင်အမတ်တဦး သတိလစ်သွား၍ ဆေးရုံတင်ရကြောင်း အတူစီးနင်းလိုက်ပါကြသူ အမတ်များက ပြောသည်။ ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ လွှတ်တော် အစည်းအဝေးများ ပြီးဆုံးသဖြင့် ကြာသပတေးနေ့တွင် ဌာနေသို့အပြန်လမ်း ကားပေါ်၌ ရခိုင်အမတ်တဦး သတိလစ်သွား၍ ဆေးရုံတင်ရကြောင်း အတူစီးနင်းလိုက်ပါကြသူ အမတ်များက ပြောသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP မှ ရ၁ နှစ်အရွယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်စောဖြူသည် နေပြည်တော်၌ ၅၉  ရက်ကြာ ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးများ ပြီးဆုံးသဖြင့် ယနေ့မနက် ၅ နာရီတွင် ရန်ကုန်သို့ အခြားအမတ်များနှင့်အတူ ကားတစီးထဲလိုက်ပါလာခဲ့ရာ လှည်းကူးမြို့အနီး၌ ရုတ်တရက် အော့အန်ကာ သတိလစ်သွားသောကြောင့် ရန်ကုန် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ တင်ပို့ရခြင်း ဖြစ်သည်။

“ကားက ၅ နာရီထွက်မယ်ဆိုတော့ ၃ နာရီလောက်ကတည်းက အိပ်ယာကထ ကိုယ့်ပစ္စည်း ကိုယ်သယ်ဆိုတော့ သူက အသက်ကလည်း ကြီးနေပြီလေ။ အမောဖောက်တာလည်း ပါမှာပေါ့။ ကားပေါ်ရောက်သွားပြီး လမ်းမှာပဲ သတိလစ်သွားတယ်။ အသက်ရှူလာအောင် မနည်းကြိုးစားခဲ့ရတယ်” ဟု ခရီးဖော် အမတ်တဦးက မဇ္စျိမကို ပြောသည်။

ဦးမောင်စောဖြူသည် ရခိုုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ တွင် အနိုင်ရရှိခဲ့သည့် RNDP အမတ် ဖြစ်သည်။

အသက်ပြန်ရှူစေရန် ရင်ဘတ်ကို ဖိနှိပ်မှုများ ပြုလုပ်ပေးခဲ့သဖြင့် ၁ဝ မိနစ်ခန့်အကြာတွင် ပြန်သတိရလာခဲ့သည်။

“အခုတော့ ဝေဘာဂီဆေးရုံမှာပါပဲ။ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ရတယ်၊ မစိုးရိမ်ရဘူးဆိုတာကတော့ ဒီနေ့ ညနေပိုင်းလောက်မှ သိရမယ်လို့ ပြောတယ်။ အခုတော့ စစ်ချက်တွေ လုပ်နေတုန်းပါ။ သူက အသက်ကြီးပြီး အကယ်၍ နေကောင်းလို့ ပြန်ရင်လည်း မင်းပြားကို တယောက်ထဲ ပြန်ရမှာ။ ဒီအတိုင်းဆို စိတ်ပူစရာပါ” ဟု အခြား လွှတ်တော်အမတ် တဦးက မဇ္စျိမကို ပြောသည်။

နေပြည်တော် လွှတ်တော်တက် အမတ်များထဲတွင် ဆေးရုံတင်ရသည်အထိ ကျန်းမာရေး ချို့ယွင်းသူများမှာ ဦးမောင်စောဖြူ အပါအဝင် ၂ ဦး ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကပင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ ကြံ့ဖွ့ံပါတီ အမျိုးသားလွှတ်တော် အမတ် ဦးတင်မြင့်သည်လည်း လွှတ်တော်တက်နေရင်း ကျန်းမာရေး မကောင်းသဖြင့် နေပြည်တော် ကုတင် ၁ဝဝဝ ပြည်သူ့ဆေးရုံကြီး၌ ယခုထိ ဆေးကုသနေရသည်။

ထိုစဉ်က ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ဒုသမ္မတ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် သွားရောက်ကြည့်ရှုခဲ့သည်။

Most read this week