လွှတ်တော်ပြင်ပ အတိုက်အခံများ စုပေါင်းအဖွဲ့တခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ - UNA မှ ပထမဆုံးအကြိမ်ချီးမြှင့်သည့် တိုင်းရင်းသားလူမျိုးများ၏ သူရဲကောင်းဆုကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်ပြင်ပ အတိုက်အခံများ စုပေါင်းအဖွဲ့တခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ - UNA မှ ပထမဆုံးအကြိမ်ချီးမြှင့်သည့် တိုင်းရင်းသားလူမျိုးများ၏ သူရဲကောင်းဆုကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသည့် ပူတာအိုထောင်မှ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးမှ ရရှိခဲ့သည်။
ရန်ကုန်မြို့ ကိုးမိုင်ရှိ အသက် ၆၆ နှစ်ရှိ ဦးခွန်ထွန်းဦး၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ UNA မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဦးခွန်ထွန်းဦး၏ ဇနီး ဒေါ်ဝေဝေလွင်က လက်ခံရယူခဲ့သည်။
“သူက အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ တိုင်းရင်းသားတွေနဲ့လည်း တကယ်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ခဲ့တယ်” ဟုUNA အဖွဲ့ဝင်တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။
၂ဝ၁ဝ ခုနှစ်တွင် ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌမှာ ရှမ်းလူမျိုး အတိုက်အခံများကို စုစည်းပေးမည့် ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလအတွင်းက အခြားခေါင်းဆောင် ရ ဦးနှင့် အတူ ထောင်ချခံရသည်။ ယင်းတို့အနက် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းမှ ဗိုလ်ချုပ်ဆေထဲ့င်ဆိုလျှင် ထောင်ဒဏ် ၁ဝ၆ နှစ်ဖြင့် ခန္ဓီးအကျဉ်းထောင်တွင် ရှိနေသည်။
လွှတ်တော်အတွင်း ကြိုးပမ်းမှုများအဖြစ် နိုင်ငံရေး အကျဉ်းသာများ လွှတ်ပေးရေးရန် ရှိ/မရှိကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဦးစိုင်းလှကျော်က လွှတ်တော်တွင် မတ်လ တတိယပတ်အတွင်း မေးမြန်းမှု ပြုလုပ်ခဲ့သေးသည်။
ယင်း၏အမေးကို ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော် သမ္မတနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ၏ အပေါ်တွင် မူတည်သည်ဟု ပြန်ဖြေကြားခဲ့သည်။
နေပြည်တော် ပြည်ထောင်စုခန်းမတွင် ဗုဒ္ဓဟူးနေ့ကကျင်းပသည့် ကျမ်းကျိန်ပွဲအပြီး သမ္မတဦးသိန်းစိန်မှ မိန့်ခွန်းပြောကြားရာတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် စားပွဲဝိုင်းတွင် ထိုင်ဆွေးနွေးရုံနှင့်မပြီးဘဲ တိုင်းရင်းသားဒေသများသို့ ကူးလူးဆက်ဆံမှုများမှ စည်းလုံးညီညွှတ်မှု ရလာနိုင်သည်ဟု ဆိုသည်။
တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ကား ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် တိုင်းရင်းသား ၃၂၄ ယောက်အပါအဝင် နိုင်ငံရေး အကျဉ်းသားစုစုပေါင်း ၂ဝ၇၆ ဦး ရှိသည်ဟု ပြည်ပရှိ နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး မြန်မာနိုင်ငံ၏ ယခုလထုတ် စာရင်းများအရ သိရသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု မမျှော်လင့်သူကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင်ဖြစ်သည်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုမယ်၊ ဒီအလုပ်တွေကိုတော့ သူတို့ လုပ်နိုင်လိမ့်မယ်လို့ လုပ်လိမ့်မယ်လို့ အန်ကယ်တို့ မျှော်လင့်မထားဘူး” ဟု ဦးအေးသာအောင်က ပြောသည်။
သို့သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဆောင်ဆီကတော့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာမည်ဟု မျှော်လင့်နေသည်။
အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုကတော့ အစိုးရသစ်အနေဖြင့် မျက်နှာလှရန် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရေး အကျဉ်းသားစာရင်း ပြုစုမှုများ ပြုလုပ်နေသည်ဟုဆိုသည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများကို ထည့်သွင်းစဉ်းစားခြင်း ပြုမည် မပြုမည်ကို ယတိပြတ် မပြောနိုင်ဘဲရှိနေသည်။
UNA မှ ချီးမြှင့်သည့် သူရဲကောင်း ဆုကို နှစ်စဉ်ချီးမြှင့်မည်မဟုတ်ဘဲ ထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဖြစ်ခြင်း စသည့် အရည်အချင်းများနှင့် ပြည်စုံသည့် နိုင်ငံရေး အကျဉ်းသားများကို ချီးမြှင့်မည် ဖြစ်သည်။