မြန်မာနှင့် လာဘ်ပေးလာဘ်ယူ

မြန်မာနှင့် လာဘ်ပေးလာဘ်ယူ
by -
ဟိန်းမင်း၊ စန္ဒီနွယ်နှင့် ကိုလင်း

၂ဝ၁ဝ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ အဂတိလိုက်စားမှု အဆင့် စီပီအိုင် CPI- Corruption Perceptions Index 2010 ကို Transparency International အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ဒုတိယအဆိုးဝါးဆုံး နေရာတွင် ရှိနေ ...

တီးတိုးငွေကြေးများ အပိုင်း (၁)

၂ဝ၁ဝ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ အဂတိလိုက်စားမှု အဆင့် စီပီအိုင် CPI- Corruption Perceptions Index 2010 ကို Transparency International အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ဒုတိယအဆိုးဝါးဆုံး နေရာတွင် ရှိနေသည်။

ယခုနှစ်ပိုင်းအတွင်း ကမ္ဘာသိ သင်္ဘောပြန်ပေးအဖွဲ့များ သောင်းကျန်းရာ ဆိုမာလီ နိုင်ငံကို အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံဟု Transparency International က သတ်မှတ်ပြီး အိုစမာဘင်လာဒင်၏ တာလီဘန်တပ်များ ခိုအောင်းရာဟု အမေရိကန် ယူဆထားသည့် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံကို ဒုတိယအဆိုးရွားဆုံးဟု ပူးတွဲသတ်မှတ်သည်။

မတ်-၂၅ ရက်နေ့က နေပြည်တော်စစ်ရုံးတွင် ပြုလုပ်သည့် နအဖ နှုတ်ဆက်ပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားတို့ထက်ပင် နိမ့်ကျနေကြောင်း အာဏာရှင် သက်တမ်းတလျှောက် ပထမဆုံးအကြိမ် ဝန်ခံသွားခဲ့ပြီး အစိုးရသစ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရန် ညွှန်ကြားပြောဆိုခဲ့သည်။

အသွင်ပြောင်း အစိုးရသစ်ကို အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်၏ နောက်ဆုံး တရားဝင် ပြောဆိုမှုမှာ လူရယ်စရာ ပျက်လုံးတခုသဖွယ် ဖြစ်နေသော်လည်း အဂတိလိုက်စားမှုနှင့် လည်ပတ်နေခဲ့သည့် အုပ်ချုပ်ရေးစနစ်ဒဏ်ကို လူထု  အမှန်တကယ် ခံစားနေရသည်မှာ ရာစုနှစ် တဝက်နီးပါး ကြာမြင့်ပြီဖြစ်သည်။

စနစ်ပျက် ခေတ်ပျက်တွင် အာဏာစက်ဖြင့် ခေါင်းပုံဖြတ်ခြင်း၊ မွေးဖွားခြင်းမှ သေဆုံးသည်အထိ လူမှုကိစ္စများကို လာဘ်ပေး အောက်ကျို့ရခြင်း၊ သာမာန် ပြည်သူ့ရပိုင်ခွင့်များကို ငွေပေးဝယ်နေရခြင်း တို့နှင့် ပတ်သတ်၍ လူထုတွင် ခံစားမှု ဇာတ်လမ်းအဖြစ်အပျက် များစွာ ရှိနေသည်။

ကဏ္ဍအမျိုးမျိုးတွင် လူထုက ပေးနေရသည့် အဂတိလိုက်စားငွေများ၊ တရားမဝင် တီးတိုးပေးရသည့် “တီးတိုးငွေကြေးများ” နှင့်ပတ်သတ်သည့် ဖြစ်ရပ်များကို မဇ္စျိမက စီစဉ် ဖော်ပြပေးလိုက်ပါသည်။

မှတ်ပုံတင်နဲ့ တီးတိုးငွေ

မဇာဇာတစ်ယောက် အခုချိန်ထိ အသက်(၁၂)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နဲ့ပဲ။ သူမအသက်က အခု ၂၇-၂၈ ဝန်းကျင် ရှိနေပြီ။ ဘာလို့ (၁၂)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပဲ ကိုင်ထားရလဲလို့ မေးကြည့်မိတော့-

“အခုထိကို ကတ်မလဲရသေးဘူး။ ပိုက်ဆံမတတ်နိုင်လို့။ ဒီ ၁၂နှစ်ပြည့်က ဟိုးမူလတန်းကျောင်းတက်တုန်းက ကျောင်းမှာ လာလုပ်ပေးကြလို့၊ ပိုက်ဆံမပေးရလို့ လုပ်ဖြစ်သွားတာ။ အခုမှတ်ပုံတင်လုပ်ရင် မကုန်ဘူးဆိုတောင် အနည်းဆုံး တစ်သောင်းတစ်သောင်းခွဲလောက် ကုန်တယ်။”

တရားဝင် သတ်မှတ်ထားတာ မဟုတ်ပေမယ့် တီးတိုးငွေကြေးကို မတတ်နိုင်တဲ့အတွက် သူ့မှာ မှတ်ပုံတင်မရ ဖြစ်နေတဲ့ အနေအထားပါ။

“ကိုယ်က အခုအိမ်ထောင်သည်လည်း ဖြစ်နေတယ်။ ကလေးကလည်း မူကြိုအရွယ်၊ ယောကျ်ားက ၃၄ ဘတ်စ်ကားလိုင်းက စပယ်ယာဆိုတော့ ဝင်ငွေက ထမင်းစားရရုံပဲ။ ဘယ်လိုမှလက်ထဲ တစ်သောင်း-တစ်သောင်းခွဲ မစုမိဘူးလေ။ အဲဒါကြောင့်မို့ မလုပ်ဖြစ်တာ” လို့ ပြောပါတယ်။

လူမျိုးခြား ဖြစ်ပေမယ့် တီးတိုးငွေကြေး ပေးနိုင်လို့ နိုင်ငံသားစိစစ်ရေးကတ် ရသွားသူက ကိုထွန်းထွန်းပါ။ သူက-

“ကျနော့်အစ်ကိုက အခုမလေးရှားကနေခေါ်နေပြီ။ အခု ကျနော့်အသက် (၁၉)နှစ်ရှိပြီ။ နိုင်ငံခြားသွားဖို့ ပတ်စပို့တ် လျှောက်မှာမို့လို့ မှတ်ပုံတင် အမြန်လုပ်ပေးဖို့ လ.ဝ.က (လူဝင်မှုကြီးကြပ်ရေး) ဝန်ထမ်းတစ်ယောက်ကို သွားမေးတာ။ ခြောက်သောင်းလောက် ကျမယ်လို့ပြောတယ်။ လူမျိုးခြားမို့ နဲနဲပိုခက်တယ်လို့ ပြောတယ်။ ကျနော်လည်း အမြန်လိုနေတာရယ် အိမ်ကလည်း လုပ်လိုက်ပါတော့လို့ ပြောတော့ လုပ်လိုက်တယ်။”

 “လက်ဗွေနှိပ်တဲ့ တချိန်ပဲ သွားလိုက်ရတယ်။ ကျန်တာအကုန် သူတို့လုပ်ပေးတယ်။ အကိုတုန်းကတော့ နှစ်သောင်းပဲ ပေးရတယ်။” လို့ပြောတဲ့ ကိုထွန်းထွန်းက ပေါက်စျေးထက် ပိုပေးခဲ့ရလို့ မခံချိ မခံသာ ဖြစ်ဟန် တွေ့ရပါတယ်။

တီးတိုးငွေ မပေးရပဲ လုပ်ပိုင်ခွင့်ကြောင့် အလွယ်တကူ နိ်ုင်ငံသားစိစစ်ရေးကတ်ရခဲ့တဲ့ သူ အမျိုးသမီးတဦးကလည်း အခုလို ပြောပါသေးတယ်။

“ကျမတုန်းက ၃ရက်နဲ့ ကတ်ပြားရတယ်။ စုစုပေါင်းပိုက်ဆံ သုံးထောင် ဝန်းကျင်လောက်ပဲ ကုန်သွားတယ်နဲ့ တူတယ်။ သိပ်တောင်မမှတ်မိချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဦးလေးက လ.ဝ.က ဝန်ထမ်းလေ။”

တရားဝင်သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်းဆိုရင် ငွေကုန်ကြေးကျ မများတဲ့အကြောင်း မမေမိုးက ရှင်းပြပါတယ်။

“ကတ်ပြားလုပ်မယ်ဆိုတော့ ပထဆုံး သူတို့ဆီက ဖောင်ဝယ်ရတယ်။ အဲဒီဖောင်က ရ.ယ.က ရုံးတွေမှာလဲ ရှိတယ်။ တချို့က ၂ဝဝ နဲ့ ရောင်းတယ်။ တချို့က ၃ဝဝ ။ ခုနောက်ပိုင်းတော့ တထောင်လောက်နဲ့ ပြန်ရောင်းတယ်လို့ကြားတယ်။

ကျမက အဲတာကို ဝယ်ပြီးတော့ဖြည့်၊ ဦးလေးနဲ့ ရုံးလိုက်သွား၊ ချက်ချင်းပဲ လက်ဗွေနှိပ်။ နောက်နေ့ သွေးအမျိုးအစားစစ်ပြီး သွားပေး။ ၃ရက်မြောက်နေ့ ကျတော့ ကတ်ပြားကျလာရော။” ဆိုပြီး မတူကွဲပြားတဲ့ သူမနိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိပုံကို ပြောပြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန မှ တရားဝင် ထုတ်ပြန်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် လိုအပ်ချက် ရ ချက်သာ ရှိသည်။ ယင်းတို့မှာ-
(၁) ကာယကံရှင် ကိုယ်တိုင်လျှောက်ရမည်။
(၂)လျှောက်ထားသူအမည်ပါ အိမ်တောင်စုလူဦးရေစာရင်း(သန်းခေါင်စာရင်း) မူရင်းနှင့် မိတ္တူ တစုံ။
(၃)လျှောက်လွှာနှင့် ရပ်ကွက်အတွင်းနေထိုင်ကြောင်း (ရယက)ထောက်ခံချက်မူရင်း။
(၄)မိဘနှစ်ပါး၏ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်လက်မှတ်မူရင်းနှင့် မိတ္တူ တစောင်စီ။
(၅)မွေးစာရင်း (သို့) ကျောင်းထောက်ခံချက် မူရင်းနှင့်မိတ်တူ။
(၆)သွေးစစ်ချက်
(၇) (ဝ.၈)လက်မ x (ဝ.၈)လက်မအရွယ် ဓာတ်ပုံ (၄)ပုံ (မျက်မှန်မပါ)။  စသည်တို့ ဖြစ်သည်။
ထို့အတူ "နိုင်ငံသား စိစစ်ရေး ကတ်ပြုလုပ်ရာတွင် စာရွက်စာတမ်းကြေးအဖြစ် တစ်ဦးလျှင် (၆)ကျပ်နှုန်းဖြင့်ကောက်ယူရမည်။ ပျောက်ဆုံးပြီး အသစ်ထပ်မံပြုလုပ်ပါက တစ်ဦးလျှင် ၁ဝ ကျပ်နှုန်းသာကောက်ယူရမည်ဖြစ်သည်။  မှတ်ချက်-အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် မည်သည့်အခကြေးငွေမှ ပေးဆောင်ရန်မလို" ဟု ဖော်ပြထားသည်။

Most read this week