ရန်ကုန်တိုင်း မြို့နယ်နှင့် ရပ်ကွက်အသီးသီးရှိ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရုံးများကို အုပ်ချုပ်ရေးရုံးဟု စတင် အမည်ပြောင်းလဲနေကြောင်း သိရသည်။ ...
ရန်ကုန် (မဇ္စျိမ) ။ ။ ရန်ကုန်တိုင်း မြို့နယ်နှင့် ရပ်ကွက်အသီးသီးရှိ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရုံးများကို အုပ်ချုပ်ရေးရုံးဟု စတင် အမည်ပြောင်းလဲနေကြောင်း သိရသည်။
ရန်ကုန်တိုင်း မြို့နယ်၊ ရပ်ကွက်အားလုံးရှိ မ.ယ.က၊ ရ.ယ.က ရုံးများကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စသဖြင့် မတ်လ ၃ဝ ရက်နေ့ နံနက်အပြီး အမည်ပြောင်းလဲရန် ညွှန်ကြားထားသဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စမ်းချောင်းမြို့နယ် ရ.ယ.က အဖွဲ့ဝင်တဦးက ပြောသည်။
"ဒီမှာတော့ အခုစပြောင်းနေပြီ၊ အရင်ဆိုင်းဘုတ်ထက်တော့ နည်းနည်းသေးသွားတယ်။ အရင်က ၄ ပေx ၆ ပေ၊ အခုက ၃ ပေx ၆ ပေ။ ကိုယ့်ရပ်ကွက်အလိုက်ပဲ ကိုယ်လုပ်ရတာ" ဟု သူက ပြောသည်။
ဆိုင်းဘုတ်ကို အောက်ခံအစိမ်းရောင်ပေါ်၌ အဖြူရောင် စာလုံးဖြင့် ပြင်ဆင်ထားရန် ညွှန်ကြားချက်ရရှိထားကြောင်း၊ မနက်ဖြန် မနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အလိုက် ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ရမည် ဖြစ်ပြီး အချိန် အတိအကျ မသိရသေးကြောင်း ကျောက်တံတားမြို့နယ် မ.ယ.က အဖွဲ့ဝင် တဦးက ပြောသည်။
"ဆိုင်းဘုတ်ကိုတော့ ညတွင်းခြင်း အပြီးတင်ထားဖို့ ပြောထားတယ်" ဟု သူက ဆိုသည်။