ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ပတ်ဝန်းကျင်တွင် ကြာသပတေးနေ့က ငလျင်ကြောင့် အနည်းဆုံး လူ ၅၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိနေသည်ဟု ဒေသခံများနှင့် ချယ်ရီFM က ပြော ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ပတ်ဝန်းကျင်တွင် ကြာသပတေးနေ့က ငလျင်ကြောင့် အနည်းဆုံး လူ ၅၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိနေသည်ဟု ဒေသခံများနှင့် ချယ်ရီFM က ပြောသည်။
ဘိန်းထုတ်လုပ်မှှုကြောင့် လူသိများသည့် ရွှေတြိဂံဒေသတွင် ကြာသပတေးနေ့ ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် ပြင်းအားအဆင့် ရစ်ချတ်စကေး ၆.၈ ရှိသည့် ငလျင်လှှုပ်ခတ်သွားခြင်းဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် ရှမ်းပြည်နယ် အရှေ့ဘက်ခြမ်းကို ဗဟိုပြု လှုတ်ခတ်သည်။
မြန်မာနယ်စပ်မြို့ တာချီလိတ်၏ ၃၅ ကီလိုမီတာ အကွာတွင်ရှိသော မိုင်းဖြတ်၊ တာချီလိတ် အရှေ့မြောက်ဘက်ရှိ တာလေနှင့် မိုင်းလင်းတို့တွင် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှုများကာ ပျောက်ဆုံးနေသူများလည်း ရှိနေသည်။
အမေရိကန် ငလျင်တိုင်းထွာရေးဌာနက ငလျင်ပမာဏ ရစ်ချတ်တာစကေး ရ မှ ၆.၈ ဟု ပြန်လည် ပြင်ဆင်ခဲ့သည်။ ကျိုင်းတုံဒေသမြေအောက်ကို ဗဟိုပြုသွားသည်ဟု ပါရှိသည်။
တောင်ကြီးအခြေစိုက် ချယ်ရီFM က ထုတ်လွှင့်ချက်အရ တာချီလိတ်တွင် သေဆုံးသူ ၁၁ ဦး၊ မိုင်းလီကျေးရွာတွင် ၂၉ ဦး၊ ဝက်လုံးကျေးရွာတွင် ၁ ဦးသေဆုံးကာ ဒဏ်ရာရသူ စုစုပေါင်း ၄၅ ဦးရှိသည်ဟု ပါရှိသည်။
တာချီလိတ်မြို့နှင့် တာလေမြို့နယ်ခွဲတို့တွင် ငလျင် လှုပ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တာလေမြို့၌ နေအိမ် ၉၆ လုံး၊ ဘုန်းကြီးကျောင်း ၄ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦး ၉လုံး၊ နာယောင်းကျေးရွာ နေအိမ် အလုံး ၂ဝ၊ ဘုန်းကြီးကျောင်း တကျောင်း၊ မိုင်းလီကျေးရွာတွင် နေအိမ် ၁၂၈ လုံး၊ ဘုန်းကြီးကျောင်း ၅ကျောင်းနှင့် အခြား ရွာသုံးရွာတွင် ဘုန်းကြီးကျောင်းများ ပြိုကျသွားခဲ့သည်ဟု ပါရှိသည်။
တာချီလိတ်နှင့် ကျိုင်းတုံကို ဆက်သွယ်ပေးထားသည့် တာလေတံတားမှာလည်း ငလျင်ကြောင့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။ ဒေသအာဏာပိုင်များက တံတားပေါ်သို့ ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်ထားသည်။ ထို့ကြောင့် တာချီလိတ်နှင့် ကျိုင်းတုံအကြား တမြို့နှင့် တမြို့ ကူးသန်းသွားလာလိုလျှင် ကူးတို့ငှား၍ သွားရပြီး တဘက်ကမ်းရောက်မှ ကားထပ်မံငှားကာ သွားနေရသည်ဟု ဆိုသည်။
ဒေသခံတဦး၏ အဆိုအရ ငလျင်လှှုပ်ခတ်ရာ ဒေသသို့ အစိုးရမှ ဆရာဝန်များ စေလွှတ်လိုက်သည်။
တာချီလိတ် ဒေသခံတဦးက “ညက ကျနော်တို့ အိမ်တွေထဲမှာ မအိပ်ရဲပါဘူး။ မနက်အစောကြီး သုံးနာရီလောက် အထိ အများစုက ခြံဝင်းတွေထဲမှာပဲ ဆင်းအိပ်ကြတယ်။ ဒါတောင် မနက် ၆နာရီ ၂၅ မိနစ်လောက်မှာ ငလျင် အသေးစား တခု ထပ်လှှုပ်လို့ ကျနော်တို့ အိမ်ထဲကနေ ထွက်ပြေးရသေးတယ်” ဟု ပြောပြခဲ့သည်။
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် တရားပွဲကျင်းပနေစဉ် ငလျင်လှုတ်ခတ်မှုကြောင့် ကွင်းအတွင်းသို့ ထပ်မံရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ဆိုင်ဆေးရုံတွင်မူ ဆေးရုံနံရံများတွင် အက်ကွဲမှှုများ တွေ့ရှိလာသည့် အတွက် လူနာများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးထားရသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်တွင် အမျိုးသားတဦးမှာ သူ၏ အိမ်နံရံ ပြိုကျမှှုကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။